ကျိုင်းတုံ၌ ဘိန်းအစားထိုးသီးနှံ(မျိုးစပါး)များ ထောက်ပံ့ပေးအပ်

ကျိုင်းတုံ ၂၅ ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာနေတောင်သူများအား ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဘိန်းအစားထိုး စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မျိုးစပါးများကို ယနေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက ဘိန်းအစားထိုး သီးနှံများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပန်ကြူ၊ မိုင်းပန်(အထက်)၊ မိုင်းပန်(အလယ်)၊ လွယ်မွေ၊ ယန်းလောနှင့် မိုင်းဇင်းကျေးရွာအုပ်စုများမှ တောင်သူများအား ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ ခရိုင်ဦးစီးမှူး ဦးငြိမ်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးထွန်းကြည်နှင့် တာဝန်ရှိသူတို့က မျိုးစပါး(မျိုးစေ့)များကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား ယန်းလောအုပ်စုမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လွယ်မွေ၊ မိုင်းပန်(အထက်)၊ ပန်ကြူနှင့် မိုင်းပန်(အလယ်)ကျေးရွာအုပ်စုများအား ကျေးရွာအုပ်စုတစ်အုပ်စုလျှင် ဘိန်းအစားထိုးစပ်မျိုးစပါး (၁၀ဝ)ကီလိုနှုန်းဖြင့် စုစုပေါင်း (၄၀ဝ)ကီလိုအပြင် ဆင်းဧကရီ(၃)မျိုးသန့်စပါးအား အဆိုပါ ကျေးရွာအုပ်စု(၆)အုပ်စုမှ တောင်သူ (၄၀) ဦးအား တစ်ဦးလျှင် (၁၀) ကီလိုနှုန်းဖြင့် စုစုပေါင်း(၄၀ဝ)ကီလို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက တောင်သူများအား ငမြောင်တောင်ကာကွယ်နှိမ်နင်းနည်း၊ မျိုးစေ့ဆေးစီရင်နည်း၊ စိုက်ခင်းအားကင်းထောက် စစ်ဆေးနည်းများနှင့် အသုံးပြုသင့်သည့် ပိုးသတ်ဆေးများ စသည့်စိုက်ပျိုးရေး နည်းပညာများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးနည်းပညာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။ ကျိုင်းတုံမြို့နယ်၏ စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၀)ပြည့်နှစ်အတွက် မိုးစပါး(၄၆၈၇၀)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)