ကျိုင်းတုံမြို့၌ သတင်းအချက်အလက်ဆိုင်ရာ တတ်မြောက်မှုသင်တန်းဖွင့်

ကျိုင်းတုံ ၃၀     အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် British Council နှင့်အတူ ကမ္ဘောဇလူငယ်စာကြည့်တိုက်မှ ကြီးမှူးဖွင့်လှစ်သည့် သတင်းအချက်အလက်ဆိုင်ရာ တတ်မြောက်မှုသင်တန်းကို ဂရုဏာအသင်း (ကျိုင်းတုံ)၌ အောက်တိုဘာ ၂၈ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ သင်တန်းသို့ ဒေသခံလူငယ် ၄၄ဦး တက်ရောက်ခဲ့ကြပြီး ကမ္ဘောဇလူငယ်စာကြည့်တိုက်မှ တာဝန်ခံ ဒေါ်မေနှင်းကျော်၊ ဦးစိုင်းမြတ်ဇင်ထွန်းနှင့် ဒေါ်မိုးသန္ဒာဦးတို့က ICT, Email, Google Maps,Web search,Cloud storeagesတို့ကို ဆောင်ရွက်သည့်နည်းလမ်းများ၊ Facebookကို လုံခြုံစိတ်ချစွာ အသုံးပြု နည်းနှင့် Youtube အသုံးပြုနည်း စသည့် ဘာသာရပ်များကို အောက်တိုဘာ ၂၈ရက်မှ ၃၀ရက်နေ့ အထိ နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲထိ သင်တန်းပို့ချဆွေးနွေးခြင်း၊ သင်တန်းတိုးတက်မှုများ သုံးသပ် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။   

 

သင်တန်းအား E-government အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်စေရန်၊ မိုဘိုင်းဖုန်းအား အသုံးပြု၍ တစ်ဦးချင်း ကိုယ်တိုင်ပညာရှာဖွေတတ်စေရန်၊ သတင်းအချက်အလက် နည်းပညာများကို အချိန်နှင့် တပြေးညီရှာဖွေတတ်စေရန်နှင့် သတင်းအမှား/အမှန်ကို ခွဲခြားချင့်ချိန်တတ်စေပြီး အခြားသူ များအား မျှဝေတတ်စေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း တာဝန်ခံ ဒေါ်မေနှင်း ကျော်က ထံမှ သိရသည်။

 

ရဲဝင်းထွန်း (ပြန်/ဆက်)