ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း၊ ဆပ်ပြာများ အခမဲ့ဖြန့်ဝေ

 

ကျိုင်းတုံ    ၁၅   ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ UNDP နှင့် UNICEF တို့ပူးပေါင်၍ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းနှင့်ဆပ်ပြာများအခမဲ့ဖြန့်ဝေခြင်းကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁) အထက နှင့် အမှတ် (၅)အထက ကျောင်းတို့တွင်ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်၊ ဦးစီးအရာရှိ ဦးHကံထူးနှင့် ဝန်ထမ်းများ၊   ကျိုင်းတုံလူငယ်ပရဟိတအဖွဲ့များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေ သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သည့် အသိပေးနှိုးဆော်ခြင်း ပိုစတာများကပ်ခြင်းနှင့်  ဆပ်ပြာ၊ နှာခေါင်းစည်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို  ဆရာ၊ ဆရာမများနှင့် ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေခြင်းတို့ကို အမှတ်(၁)အထကနှင့် အမှတ်(၂) အထက ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းနှင့် ဆပ်ပြာများ အခမဲ့ဖြန့်ဝေခြင်းကို ကျိုင်းတုံမြို့နယ်အတွင်း ကတ်ဖကျေးရွာဈေး၊ မြို့ပေါ်ရှိ အမှတ်(၂) အထက၊  ဈေးဆိုင်များ၊ အာခါဈေးနှင့် မြို့မဈေးကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)