ကျိုင်းတုံမြို့၌ အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဆုံဆို့နာကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကျိုင်းတုံ ၃၁ ဩဂုတ်    

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဆုံဆို့နာ ကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ဩဂုတ် ၃၀ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ကျိုင်းစံဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းနွမ်းခမ်း၊   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်မြင့်၊ ကျိုင်းတုံမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ဆုံဆို့နာ ကာကွယ်ဆေးအပါအဝင် အမီလိုက်  ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရသည့် အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ကလေးမိဘများအား အသိပညာပေးပြောကြားကြပြီး ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

 

ကလေးတစ်ယောက်ဟာ သူ့အသက်အရွယ်မှာ ရသင့်ရထိုက်သည့် ကာကွယ်ဆေးတွေကို ငယ်စဉ်က အကြောင်းအမျိုးမျိုးကြောင့်မရခဲ့ရင် အမီလိုက်ပေးသည့်အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ဆုံဆို့နာ ရောဂါ ကာကွယ်ဆေးအပါအဝင် ဩဂုတ် ၃၀ ရက်မှ စတင်ထိုးနှံပေးလျက်ရှိရာ ရပ်ကွက်များ အလိုက် ဆက်လက်ထိုးနှံ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းနွမ်းခမ်းထံမှ သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)