ကျိုင်းတုံမြို့မှာ ပွင့်တဲ့ပန်း

၁၄ ဇူလိုင်

 

ကျိုင်းတုံမြို့သည် မြန်မာနိုင်ငံ အရှေ့အရပ် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိပြီး ရိုးရာလက်မှု အနုပညာ လုပ်ငန်းများ အသင့်အတင့် ထွန်းကားသည်။ ကျိုင်းတုံမြို့တွင် လက်မှုလုပ်ငန်းများအဖြစ် ရှမ်းရိုးရာယွန်းထည် လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ပန်းပုနှင့် ပရိဘောဂလုပ်ငန်း၊ အခါတိုင်းရင်းသား အဝတ်အထည်လုပ်ငန်း၊ ခြုံစောင် ထည်ရက်လုပ်ခြင်းလုပ်ငန်း၊ ရှမ်းဖယောင်းတိုင်လုပ်ငန်း၊ ထီးတံခွန်ကုက္ကားလုပ်ငန်း၊ စက္ကူပန်းလုပ်ငန်းနှင့် ရိုးရာမုန့်ပဲသရေစာလုပ်ငန်း စသည်တို့ကို တွေ့ရသည်။ ထိုလုပ်ငန်းများထဲတွင်မှ တစ်ခုတည်းသာကျန်ရှိ တော့သည့် ရှမ်းရိုးရာ ယွန်းထည်လုပ်ငန်းကို လေ့လာဖော်ပြပေးလိုပါသည်။

 

ရှမ်းယွန်းထည်လုပ်ငန်း

 

ရှမ်းယွန်းထည်လုပ်ငန်းမှာ ရိုးရာလက်မှု အနုပညာလုပ်ငန်းဖြစ်သဖြင့် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်တစ်ခု ဖြစ်သည်။ ရှမ်းလူမျိုးတို့၏ ရိုးရာအမွေဖြစ်သော သစ်ရိုးပန်း ဖောင်းကြွရွှေအစစ်ချယွန်းထည်များကို ပြုလုပ် ရောင်းချပေးသည်။ အနုစိတ်ပုံဖော် လုပ်ကိုင်ရပြီး ရွှေသားအစစ်ကို ပါဝင်အသုံးပြု ရသောကြောင့် ဈေးနှုန်း ကြီးမြင့်သည်။ ကျိုင်းတုံမြို့တွင်ရှိသော အခြားလက်မှုလုပ်ငန်းများသည် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက် ပုံမှန်ရှိနေသော်လည်း ရှမ်းယွန်းထည်လုပ်ငန်း မှာမူ ပြည်တွင်းဝယ်လိုအား လွန်စွာနည်းလှ သည်။ ထို့ကြောင့် ယခင်ကယွန်းထည်လုပ်ငန်း ၁ဝ ခုထက်မကရှိခဲ့ရာမှ ယခုအခါတွင် ဦးမုလိန္ဒ ရှမ်းယွန်းထည်လုပ်ငန်းတစ်ခုသာ ကျန်ရှိတော့ သည်။ ဦးမုလိန္ဒ၏ မြေးတော်စပ်သူ ဦးစိုင်းလုံ ဆိုသူက ဦးစီးလုပ်ကိုင်နေပြီး အရောင်းဆိုင် နှင့် လုပ်ငန်းကို အမှတ် (၃ဝ) စွန်မွန်းရပ် တာချီလိတ်လမ်းရှိ နေထိုင်ရာအိမ်ခြံဝင်း အတွင်း ဖွင့်လှစ်ထားရှိသည်။ ပြုလုပ်ထား သော ရှမ်းယွန်းထည်များကို ခင်းကျင်းပြသ ထားသည်။

 

 

ယွန်းပညာအမွေ

 

ဦးမုလိန္ဒယွန်းထည်လုပ်ငန်းသည် လွန်ခဲ့ သော နှစ်ပေါင်းနှစ်ရာခန့်ကတည်းက စတင် ခဲ့ခြင်းဟု ဆက်လက်လုပ်ကိုင်နေသည့် မိသားစု ဝင်များက ပြောပြသည်။ လုပ်ငန်းကို ဦးလုန်းဆန်နုန် အမည်ရသည့် ပညာရှင်ကြီး က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှ တစ်ဆင့် သားဖြစ်သူ ဆရာဦးခန်းထွန်း၊ ဦးခန်းထွန်း၏သား ဦးမုလိန္ဒ၊ ဦးမုလိန္ဒ၏သား ဦးစိုင်းမောက် ထိုမှတစ်ဆင့် တူဖြစ်သူ ဦးစိုင်းလုံလက်ထက်အထိ ယွန်းပညာအမွေ ကို လက်ဆင့်ကမ်းထိန်းသိမ်းနေကြခြင်း လည်းဖြစ်သည်။ ယခု လက်ရှိလုပ်ကိုင်နေ သော ဦးစိုင်းလုံသည် ငယ်စဉ်ကတည်းက ဘိုးဘွားအမွေကို ဆက်ခံနိုင်ခဲ့သူလည်းဖြစ် သည်။ ဘိုးဘွားပညာအပြင် အစိုးရအစီအစဉ် ဖြင့် ပုဂံမြို့ ယွန်းပညာကောလိပ်တွင် ခြောက် နှစ်ကြာမျှ လေ့လာသင်ယူခဲ့ရသည်။ ယွန်း ကောလိပ်တက်ရောက်နေစဉ်အတွင်း ပုဂံဒေသ မှ ယွန်းထည်လုပ်ငန်းပညာရှင်များထံမှလည်း လေ့လာဆည်းပူး သင်ယူနိုင်ခဲ့သေးသည်။ အင်ဒိုနီးရှား၊ ယိုးဒယားနှင့် ဂျပန်ယွန်းပညာ ရှင်များထံမှလည်း ပြည်ပယွန်းအတတ်ပညာ များကို လေ့လာခဲ့သေးသည်။ ထို့အပြင် ပန်းချီနှင့်ပတ်သက်၍လည်း အရောင်ရောစပ် နည်းများ၊ ပန်းချီရေးဆွဲနည်းပညာများကို လည်း ထပ်မံလေ့လာသင်ယူခဲ့ပြန်သည်။ ထို့နောက်တွင် မိမိရပ်ရွာဒေသ၌ မိသားစုနှင့် အခြေတကျနေထိုင်ကာ ယွန်းထည်လုပ်ငန်း ကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။ သို့သော် ယွန်းထည်လုပ်ငန်း သည် အရောင်း သွက်ပစ္စည်းမဟုတ်သဖြင့် ပြင်ပလုပ်သား ငှားရမ်းလုပ်ကိုင်ရခြင်းမရှိဘဲ မိသားစုဝင် များ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြသည်။ တစ်မိသားစုလုံးအနေဖြင့်လည်း ယွန်းပညာကို တတ်မြောက်ကြသဖြင့် လုပ်ငန်းခွင်သည် အခက်အခဲမရှိသည်ကို တွေ့ရသည်။

 

ရှမ်းယွန်းထည်လုပ်ငန်း

 

ဘိုးဘွားထံမှအမွေရထားသော ရှမ်းရိုးရာ ယွန်းပညာနှင့် ခြောက်နှစ်ကျော်ဆည်းပူး လေ့လာခွင့်ရခဲ့သော ပုဂံယွန်းကောလိပ်မှ ပညာရပ်များကို ပေါင်းစပ်တီထွင်လုပ်ကိုင်ခဲ့ သည်။ ယွန်းထည်လုပ်ရာတွင် အပူပေးရန် မြေတိုက်ကို အသုံးပြုသော်လည်း ဦးစိုင်းလုံ က ရေတိုက်ကို သုံးသည်။ ရေတိုက်ဖြင့် အသုံးပြုခြင်းကို ဂျပန်ယွန်းပညာရှင်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ စမ်းသပ်အသုံးပြုရာတွင် အဆင်ပြေမှုရှိသဖြင့် ဆက်လက်အသုံးပြုခဲ့သည်။

 

ရေတိုက်ဆိုသည်မှာ ယွန်းအကြမ်းထည်များကို အလုံပိတ်အခန်းတွင်းထည့်ပြီး ယင်းအခန်း အတွင်းသို့ ပြင်ပမှ ရေဖိအားဖြင့် အပူပေးခြင်းဖြစ်သည်။ မိရိုးဖလာနည်းအရဆိုလျှင် မြေအောက်ခန်းတွင်း ထည့်ထား ခြင်းဖြစ်သည်။ ယခုမြေတိုက်ကိုအသုံးပြုခြင်းဖြင့် လိုအပ်သော အပူချိန်ကိုရရှိကာ မြေတိုက်ထက် ပိုမိုသန့်ရှင်း သပ်ရပ်မှုရှိကြောင်း သိရသည်။ ကျိုင်းတုံသည် ယိုးဒယား၊ တရုတ်တို့နှင့် နီးစပ်သည့်အတွက် ယင်းတို့ နှင့်နီး စပ်သည့် ခေတ်ပေါ်ဒီဇိုင်းများနှင့် ရှေးလက်ရာများကို တွဲစပ်ဖန်တီးလုပ်ကိုင်သည်။ အရည်အသွေး ဦးစားပေးသည့်အတွက် ယွန်းအကြမ်းထည်များကို အသားသေ၊ ပိုးသေ ရန် ကျပ်ခိုးစင်တွင် ငါးနှစ်မှ ရှစ်နှစ်အထိ ကျပ်တင်ထားသည်ကို တွေ့ရသည်။ ကျပ်ခိုး စင်ပေါ်ရောက်မည့် အကြမ်းထည်တစ်ခု အဆင့်တွင်ပင် သုံးလမှ ငါးလအတွင်းကြာပြီး အချောကိုင်သည့်အဆင့်တွင် ခြောက်လနီးပါး အချိန်ကြာသည်ဟု သိရသည်။ ထို့ကြောင့် ကုန်ပစ္စည်းများပြုလုပ်ရာတွင် ကုန်ကြမ်းပေါင်း ရာချီပြီး ပြုလုပ်ထားရသည်။

 

ရှမ်းယွန်းအတွက်ကုန်ကြမ်း

 

 

အဓိကအသုံးပြုသည့် ကုန်ကြမ်းမှာ တင်းဝါး၊ သစ်စေး(စစ်စီး)၊ ရွှေဆိုင်း၊ ဟင်္သာ ပြဒါးတို့ဖြစ်ကြသည်။ ဝါးကို နီးစပ်ရာရွာများ တွင် အလွယ်တကူဝယ်ယူနိုင်သည်။ သစ်စေး ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်၊ ကျိုင်းတောင်၊ ကျိုင်းခမ်းဒေသများအထိ သွားရောက်ဝယ်ယူရသည်။ သစ်စေးချက်ချင်းမရသဖြင့် ကြိုပြီးမှာ ထားရသည်။ ရွှေဆိုင်းကို မန္တလေးမြို့မျက်ပါးရပ်တွင် ဝယ်ယူရသည်။ မန္တလေးသို့မသွားလိုလျှင် ကျိုင်းတုံမြို့ ပေါ်တွင်ရှိသော သင်္ကန်းပရိက္ခရာဆိုင်များမှလည်း ဈေးအနည်းငယ်ပိုပေးပြီး ဝယ်ယူနိုင်သည်။ ရွှေဆိုင်းဆို ရာတွင် ရွှေတိဂုံစေတီ၊ ပဉ္စဝဂ္ဂီငါးပါး၊ ဆွမ်းအုပ်၊ နွားစသည်ဖြင့် တံဆိပ်အမျိုးမျိုးရှိသည့်အနက် ရွှေတိဂုံ စေတီတော် တံဆိပ်ကိုအသုံးပြုသည်။ အဓိကကုန်ကြမ်း ဝယ်ရသောဒေသများနှင့် အလှမ်းကွာသော ကြောင့် ကုန်ကြမ်းစရိတ်အပြင် ခရီးစရိတ် အပိုကုန်ကျမှုပါ ရှိသည်။

 

ပြုလုပ်သည့်ယွန်းထည်အမျိုးမျိုး

 

အများဆုံးပြုလုပ်ရောင်းချသည့် ယွန်း ထည်များမှာ ပန်းအိုး၊ ကွမ်းအစ်၊ ပြည်တောင်း၊ လက်ဖက်အုပ်၊ လင်ပန်း၊ ရေတကောင်း၊ ဆွမ်း အုပ်၊ ပန်းကန်လုံး၊ သွားကြားထိုးတံဘူး၊ လိပ်စာ ကတ်ဘူး စသည်ဖြင့် ပစ္စည်းအမျိုးအစား ၂ဝ ကျော် ပြုလုပ်ပါသည်။ ပြည်တောင်း၊ ပန်းကန်လုံးနှင့် ရေတကောင်းတို့မှာ လူကြိုက်များသည်။ ယွန်း ထည်များကို ပြည်တွင်းဝယ်လိုအားအနေဖြင့် နည်းပါးပြီး နိုင်ငံခြားခရီးသွားဧည့်သည်များမှ လာရောက် ဝယ်ယူကြခြင်းသာဖြစ်သည်။ ဂျပန်၊ အင်္ဂလန်၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ စင်ကာပူတို့မှ လာရောက် လေ့လာဝယ်ယူကြသည်။ အရောင်းအဝယ်ဖြစ်လျှင် ဧည့်လမ်းညွှန်များကို ရောင်းချရငွေ၏ ၁ဝ ရာခိုင်နှုန်း အကျိုး ဆောင်ခအနေဖြင့် ပေးချေကြောင်းလည်း သိရသည်။ နိုင်ငံခြားဧည့်သည်ကိုသာ အားထားရောင်းချ ပေးရသည့် လုပ်ငန်းအမျိုးအစားကဲ့သို့ဖြစ်နေခြင်းကြောင့် ယွန်းထည်လုပ်ငန်း တစ်ခုတည်းနှင့် အဆင်ပြေမှု မရှိသဖြင့် ရှမ်းရိုးရာ ဓားပြုလုပ်ခြင်းလုပ်ငန်း၊ အခြားအရောင်းအဝယ် လုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်လျက်ရှိ သည်။ မည်သို့ဆိုစေကာမူ ဦးမုလိန္ဒမိသားစု များ၏လက်ရာ ရှမ်းယွန်းထည်များသည် ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိနေသည်မှာ ဂုဏ်ယူဖွယ် ရာဖြစ်ကြောင်း ဦးစိုင်းလုံက ဆိုသည်။

 

 

ကျိုင်းတုံမြို့မှာပွင့်တဲ့ပန်း

 

မြန်မာတို့တွင် ဆယ်ပွင့်ပန်းဟူသော ကိုယ်ပိုင်လက်မှုအနုပညာ ရိုးရာလုပ်ငန်းများရှိရာ ကျိုင်းတုံမြို့တွင်လည်း ယွန်းပန်းတစ်ပွင့် ဖူးပွင့်လျက်ရှိနေသည်။ ထိုရိုးရာပန်းတစ်ပွင့်သည် အဓွန့်ရှည်ကြာမပျောက်မပျက် ပွင့်လန်း နိုင်ပါစေဟု ဆန္ဒပြုရေးသားလိုက်ပါသည်။ 

 

လင်းသူ