ကိုလံဘီယာနိုင်ငံသို့ ခရီးသွားများလာရောက်ပါက ကိုဗစ်ကူးစက်မှု ကင်းရှင်းကြောင်း ပီစီအာစစ်ဆေးချက်/ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးလက်မှတ်ပြရန် လိုအပ်

ဒီဇင်ဘာ ၈

 

ကိုလံဘီယာနိုင်ငံသို့ လာရောက်မည့်ခရီးသွားများသည်  ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းရှင်းကြောင်း ပီစီအာစစ်ဆေးချက်( သို့မဟုတ် ) ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးလက်မှတ်ပြသနိုင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဖာနန်ဒိုရဇ်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ခရီးသွားလာမှုမပြုမီ ၁၄ ရက်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးကြောင်းလက်မှတ်၊ ၇၂ နာရီအတွင်း ပီစီအာစစ်ဆေးမှုပြုလုပ်ထားသူ မည်သူမဆို နိုင်ငံအတွင်းသို့ဝင်ရောက်နိုင်သည်ဟု ထိုဝန်ကြီးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

အစိုးရက လူအုပ်စုလိုက် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို အတားအဆီးမရှိ ဆက်လက်လုပ်ဆောင်ခွင့်ပြုခဲ့သကဲ့သို့ နိုင်ငံအတွင်း မကြာသေးမီသီတင်းပတ်များအတွင်း ရောဂါကူးစက်မှုမြင့်တက်လာမှုကို အခြေခံကာ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒိုရဇ်က ထပ်လောင်းပြောကြားသည်။ 

 

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅၀၈၂၇၆၂ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂၈၈၂၁ ဦးရှိသည်ဟု အစိုးရ၏နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို