ကိုလံဘီယာနိုင်ငံရဲ့ ကော်ဖီတင်ပို့မှု ခရီးအသွားအလာ ကန့်သတ်မှုကြောင့် ထိခိုက်

၈ ဇန်နဝါရီ

 

 

ကမ္ဘာမှာ အယာဘီကာကော်ဖီ အများဆုံး ထုတ်လုပ်တဲ့ ကိုလံဘီယာ နိုင်ငံက ၂၀၁၉ ခုနှစ်ကထက် ကော်ဖီအိတ် ၁.၂ သန်း လျော့နည်းပြီး ကမ္ဘာကို တင်ပို့ခဲ့ကြောင်း ကော်ဖီဖက်ဒရေးရှင်း FNC က ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

 

 

အခုလို ကော်ဖီတင်ပို့မှု ကျဆင်းခြင်းဟာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေးအတွက် ခရီးအသွားအလာ ကန့်သတ်ပိတ်ဆို့မှုကြောင့်လို့ FNC က ပြစ်တင်ထားပါတယ်။

 

 

ကော်ဖီအိတ် တစ်အိတ်မှာ ကော်ဖီစေ့ အလေးချိန် ၁၃၂ ပေါင် ပါရှိကြောင်း သိရပါတယ်။

 

 

ကမ္ဘာအနှံ့ ကို ၂၀၁၉ ခုနှစ်က  အယာဘီကာ ကော်ဖီအိတ်ပေါင်း ၁၃.၇ သန်း တင်ပို့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ၁၂.၅ သန်းသာ တင်ပို့နိုင်ခဲ့တဲ့အတွက် ၈ ရာခိုင်နှုန်း ကျဆင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

လက်တင်အမေရိက နိုင်ငံတွေထဲမှာ စတုတ္ထမြောက် စီးပွားရေး အင်အားကြီးမားတဲ့ ကိုလံဘီယာနိုင်ငံမှာ ကော်ဖီတင်ပို့မှုဟာ တတိယမြောက် အများဆုံး ဖြစ်ပါတယ်။ ရေနံနဲ့ သတ္တုတင်ပို့မှုနောက်မှာ ကော်ဖီတင်ပို့မှု ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

ကော်ဖီသီးနှံ ရောင်းချမှုကနေ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံ ဝင်ငွေ ရှိခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်က ထက် ၂၅ ရာခိုင်နှုန်း တိုးလာတယ်လို သိရပါတယ်။

 

 

ကော်ဖီသီးနှံပေါ်မှာ မိသားစုပေါင်း ၅၄၀,၀၀၀ နီးပါး က မှီခိုနေရကြောင်း သိရပါတယ်။

 

 

ကိုလံဘီယာ နိုင်ငံဟာ ကမ္ဘာမှာ ကော်ဖီထုတ်လုပ်မှု တတိယ အများဆုံး နိုင်ငံအဖြစ် ဘရာဇီးနဲ့ ဗီယက်နမ်တို့ နောက်မှာ ရှိနေကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP