ကျိုက်မရောတွင် မျက်စိအတွင်းတိမ်လူနာများအား အခမဲ့ စမ်းသပ်ခွဲစိတ်ပေး

ကျိုက်မရော ၃ နိုဝင်ဘာ    

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ပါရမီ (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းတွင် (၁၀ )ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ပေးခြင်း အလင်းဒါနအလှူကို ယနေ့ နံနက် ၉ နာရီက ပါရမီအခမဲ့ကုသိုလ်ဖြစ်ဆေးခန်း၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ခများ လှူဒါန်းပေးမည့် ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာမှ အလှူရှင်ဦးထွန်းမြင့်က အလင်းဒါနအလှူပြုလုပ်ပေးရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး မတည်လှူဒါန်းငွေ (၁၀)သိန်းကျပ်အား ဆေးခန်း တာဝန်ရှိ သူများထံ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ လာရောက်ပြသသောမျက်စိ ဝေဒနာရှင် (၉၁)ဦး အနက် မျက်စိအတွင်းတိမ် ခွဲစိတ်ဝေဒနာရှင် (၃၁)ဦးတို့အား  မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ပွင့်ဦးနှင့်အဖွဲ့ဝင်များက လာရောက်စမ်းသပ် ခွဲစိတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပါရမီအခမဲ့ကုသိုလ်ဖြစ် ဆေးခန်းတွင် မျက်စိရောဂါ အပါအဝင် အခြားရောဂါ ဝေဒနာများ ကိုလည်း အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နေ့များတွင် မည်သူမဆို (အခမဲ့) လာရောက် ကုသနိုင်ကြောင်း ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ ဆရာကြီး ဦးထွန်းလွင်ထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)