ကျိုက်မရော၌ ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ဈေးကောင်းရသဖြင့် တောင်သူများအဆင်ပြေ

ကျိုက်မရော ဒီဇင်ဘာ ၁၂

မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ရှမ်းရွာကြီးကျေးရွာ၌ ဆောင်းရာသီသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပေါ်ဦးပေါ်ဖျား ဈေးကောင်းရသဖြင့် သီးနှံစိုက်ပျိုးသူ တောင်သူများ မိသားစုအပိုဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆောင်းရာသီသီးနှံများထဲတွင် အဓိကစိုက်ပျိုးကြသည့် သီးနှံအများစုမှာ ငရုတ်၊ ခရမ်း၊ ပန်းဂေါ်ဖီ၊ မုန်ညင်းများဖြစ်ကြပြီး အဆိုပါသီးနှံများထဲမှ ဒီဇင်ဘာလအတွင်း ရာသီဥတုအေးချိန်တွင် ပန်းဂေါ်ဖီများကို အများဆုံးစိုက်ပျိုးထားကြပြီး ပန်းပွင့်ပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေပြီး အကြီး/ အသေးခွဲ၍ ပန်းဂေါ်ဖီအပွင့်ကြီးတစ်ပွင့်လျှင် ငွေကျပ် ၁၃၀၀၊ အသေးတစ်ပွင့်လျှင် ငွေကျပ် ၈၀၀ မှ ၁၀၀၀ အထိဈေးရ၍ စိုက်ပျိုးသူတောင်သူများ အဆင်ပြေကြသည်။

အပင်ကြီးထွားရန် မြေသြဇာကျွေး၊ မြောင်းပေး ရပြီး ပိုးမွှားမကျစေရန် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ နှစ်ရက်ခြားရေလောင်းပေးလျှင် စိုက်ပြီးတစ်လအတွင်း လှပဖွံ့ထွားသော ပန်းဂေါ်ဖီများကို ဆွတ်ခူး၍ ရောင်းချရကြောင်း၊ တစ်ကြိမ်ခူးလျှင် အပွင့်ပေါင်း ၅၀ မှ ၁၀၀ အတွင်း ခူးယူရကြောင်း တောင်သူ ဦးမျိုးမြင့်က ပြောသည်။

ပန်းပွင့်အပင် တန်းများအနီး၌ ငရုတ်များကိုလည်း သီးခြားစိုက်ပျိုးထားပြီး ငရုတ်မှလည်း နေ့စဉ်ဝင်ငွေရသဖြင့် မိသားစု အပိုဝင်ငွေရရှိကာ ယခုလိုကာလအတွင်း စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိသည့်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူများ များပြားလာကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရာ)