ကျိုက်မရောမြို့နယ်တွင် ဝက်များအစုလိုက်သေဆုံးမှု ဖြစ်ပွား၍ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်မရော ၂၇ ဇူလိုင်

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက်ရှိ တစ်ပိုင်တင်နိုင် ဝက်မွေးမြူရေးခြံများတွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ဝက်များအစုလိုက်သေဆုံးမှု ဖြစ်ပေါ်နေကြောင်း သတင်းအရ မော်လမြိုင်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါက်တာတင်ဌေးနှင့် တာဝန်ရှိသူများ လာရောက်ကွင်းဆင်း စစ်ဆေးကြည့်ရှုကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဦးစိုးအောင်ပိုင်ဆိုင်သော ဝက်ကောင်ရေ (၁၄)ကောင်သေဆုံးခဲ့သဖြင့် ဝက်များသေဆုံးမှုအပေါ် စနစ်တကျ မြေမြုပ်ဖျက်ဆီးရန်နှင့် အခြားတိရစ္ဆာန်များနှင့် ကျန်ရှိသောဝက်များအား ကူးစက်ပြန့်ပွားခြင်းမရှိစေရန် ဆေးဖျန်းပေးခြင်း၊ ဝက်ပေါက်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် အခြားကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မွေးမြူရေးခြံပိုင်ရှင်များအား တွေ့ဆုံ၍ အသိပညာပေးခြင်း၊ နည်းပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ဝက်မွေးမြူရေးခြံရှင်များအား စီးပွားရေးထိခိုက်ကျဆင်းမှု မရှိစေရန်အတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးခြင်း၊ အသိပညာပေးလုပ်ငန်းများကို မွေးမြူရေးလုပ်ကိုင်နေသူများအား တွေ့ဆုံပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျိုက်မရောမြို့ရှိဈေးများအတွင်း ဝက်သားများအား ယခုရက်ပိုင်းအတွင်း ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။

 

ချိုချို(ပြန်/ဆက်)