ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာများ ကုန်စည်ဖွံ့ဖြိုးစေမည့် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတား တည်ဆောက်မှု  ၇၆ ရာခိုင်နှုန်းပြီးစီး

ကျိုက်မရော  ၁    မေ    

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှ အတ္တရံမြစ်အရှေ့ဘက်ခြမ်းနှင့် အတ္တရံမြစ် အနောက်ဘက် ခြမ်းရှိ ကျေးရွာပေါင်း ၁၅၈ ရွာ နှင့်လူဦးရေ နှစ်သိန်း ကျော်တို့အားလမ်းပန်းဆက်သွယ်မှု လွယ်ကူစေရန် အတ္တရံမြစ်ကို ဖြတ်၍ ၂၀၁၈ ခုနှစ် ဘဏ္ဏာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းဖြင့် တည်ဆောက်ခဲ့သည့် အတ္တရံ မြစ်ကူး(စံပယ်ဂူ) တံတားကြီးမှာ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကြီးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ်ဧပြီ ၃၀ ရက်နေ့က သံမဏိ သံပေါင်တင်ခြင်းလုပ်ငန်းကို စတင်ဆောက်ရွက်လျက်ရှိကြောင်း အဆိုပါ တံတားဆောက်လုပ်ရေးစီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ခံ အင်ဂျင်နီယာ EE ဦးဝင်းဌေးမှ ပြောသည်။

 

74306

 

အဆိုပါ တံတားသည် ကျိုက်မရောမြို့အရှေ့ဘက် ၂မိုင် ၄ဖာလုံ ခန့်အကွာတည်ရှိပြီး တံတား အမျိုးအစားမှာ သံမဏိသံပေါင် ဂုံးတံတားအမျိုးအစားဖြစ်ကာ တံတားအရှည်ပေ ၆၄၄.၁ မီတာ (၂၁၁၃ပေ ၂လက်မ)  တံတားအကျယ် ၁၀.၅၀ မီ တာ (၃၄ ပေ ၆လက်မ)ရေလမ်းကင်းလွတ်အမြင့် ၄၆ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၃၆၀ ပေ၊ ယာဉ်သွားလမ်း အကျယ် ( ၂၇ပေ၁၁လက်မ) လူသွားလမ်း အကျယ် (၃ပေ ၃လက်မ) ရှိကြောင်းနှင့် စီမံကိန်းခန့်မှန်းတန်ဘိုး (တံတား)ကျပ် ၁၈၀ဝ၀.ဝ၀သန်း ဖြစ်သည်။အဆိုပါ တံတားကြီးတည်ဆောက်ပြီးစီးမှု ရာခိုင်နှုန်းမှာ ၇၆.၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း တာဝန်ခံအင်ဂျင်နီယာမှ ပြောသည်။

 

အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားကြီးဖွင့်လှစ်ပြီးပါက ကရင်ပြည်နယ် မြဝတီမြို့အထိ ဒေသ ထွက်ကုန်များ ရောင်းဝယ်ဖောက်ကားရာတွင် ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကာ ဒေသဖွံ့ဖြိုး ရေးအတွက် များစွာအထောက်အကူပြုသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ပြန် /ဆက်)