ကျိုက်လတ်မြို့နယ် ကလေးစာပေပွဲတော် ဒုတိယနေ့တွင် ပါဝင်ဆင်နွှဲသူများဖြင့်စည်ကားလျက်ရှိ

ကျိုက်လတ်    ၁၉  နိုဝင်ဘာ

 

ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဉီးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကျိုက်လတ်မြို့နယ် ကလေးစာပေ ပွဲတော်ကို နိုဝင်ဘာ ၁၈ရက်နေ့မှ စတင်၍ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် မြို့နယ်တွင်းရှိ ကျောင်းပေါင်းစုံမှ ပါဝင်ဆင်နွှဲ သူများဖြင့် အထူးစည်ကား လျက်ရှိသည်။

 

အဆိုပါ ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့် ကျောင်းသား ကျောင်းသူများသည် ခင်းကျင်း ပြသထားသည့် ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများပြခန်း၊ ပညာရေးပြခန်း၊ ကျန်းမာရေးပြခန်း၊ ဒေသဖွံ့ဖြိုးရေး ပြခန်းများ၊ ကျောင်းစာကြည့်တိုက်ပြခန်း၊ ကလေးစာဖတ်ခန်းတို့အား လေ့လာ ကြည့်ရှုသူများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အသင်းအဖွဲ့လိုက် ယှဉ်ပြိုင်ကစားရသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများဖြင့် စည်ကားလျက်ရှကြောင်း သိရသည်။

 

ပွဲတော်သို့ တက်ရောက်လာသူ ကျောင်းသားတစ်ဦးမှ "အရင် ကျင်းပဆောင်ရွက်တဲ့ ကလေးစာပေ ပွဲတော်တွေဟာ ခရိုင်မြို့တွေ၊ တိုင်းမြို့တွေမှာ ကျင်းပတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တက်ရောက် ခွင့်မရပါဘူး၊ ယခု ကျွန်တော်တို့မြို့နယ်မှာ ကျင်းပဆောင်ရွက်တဲ့ ကျွန်တော်တို့ ပါဝင်ခွင့် ရလာပါတယ်၊ ယခုကလေး စာပေပွဲတော်ကရရှိတဲ့ အသိပညာတွေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သွားမှာပါ" ဟုပြောကြားခဲ့ကြောင်း သိရသည်။

           

မိုးစက်(ပြန်/ဆက်)