ကိုကြီးကျော်ပွဲတော်တွင် ရိုးရာနွားလှည်း အသုံးပြုမှု နည်းပါးလာ

ရေစကြို ၂၀ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင် အစည်ကားဆုံး နတ်ပွဲတွေထဲက တစ်ခုဖြစ်သော ကိုကြီးကျော်နတ်ပွဲကို  ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် နန်းဦးကျေးရွာအုပ်စု၊ ကူနီကျေးရွာနှင့် ထန်းတောကျေးရွာတို့တွင် တပေါင်းလဆန်း တစ်ရက်နေ့မှ တပေါင်း လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။

 

ကိုကြီးကျော်ပွဲ(ခေါ်) ရွှေကူနီပွဲကို ရောက်ရှိရန် ရေစကြိုမြို့ ပခန်းငယ်ကျေးရွာမှ ချင်းတွင်းမြစ် တစ်ဘက်ကမ်းရှိ ထန်းတောကျေးရွာသို့ ကူးတို့ဖြင့် ကူးဖြတ်ရပြီး ထန်းတောဆိပ်ကမ်းမှတစ်ဆင့် ပွဲခင်းသို့ရောက်ရှိရန် နှစ်ဖာလုံခန့် ကွာဝေးသည်။ နတ်ပွဲလာ လူများသည် ထန်းတောဆိပ်ကမ်းမှ ပွဲခင်းရှိရာ နေရာသို့ ရောက်ရှိရန် နွားလှည်းများဖြင့် လည်းကောင်း၊ ခြေကျင်ဖြင့်တစ်ဖုံ သွားလေ့ရှိသည်။  

 

ဒီနှစ်မှာတော့ ထော်လာဂျီတွေကိုသာ အသုံးများလာပြီး ဒေသခံ နွားလှည်းများကို ငှားရမ်းစီးသူ နည်းပါးလာသဖြင့် ဒေသခံ နွားလှည်း အငှားလိုက်သူများ ပွဲချိန် အတွင်းရရှိသည့် ဝင်ငွေနည်းပါးသွားရသည်ဟု သိရသည်။

 

အရင်က ဆိပ်ကမ်းနဲ့ ပွဲတော်နေရာက တစ်မိုင်လောက်ဝေးတယ် အခုနှစ်မှာတော့  မြစ်ကမ်းပါးက ပြိုတာများလာတော့ ဆိပ်ကမ်းနဲ့ပွဲခင်းကလည်း သိသိသာသာ နီးလာသည်။ အခုဆိုရင် နှစ်ဖာလုံလောက်ပဲ ဝေးတဲ့အတွက် ခြေကျင်သွားတဲ့ သူတွေလည်း များလာကြတော့ လှည်းနွားလှည်းငှားရမ်းမှု နည်းလာခြင်းအကြောင်း အရင်းတစ်ခုလည်း ဖြစ်တယ်လို့ ဒေသခံ  နွားလှည်း အငှားလိုက်သူတွေက  ပြောသည်။

 

ထန်းတောဆိပ်ကမ်းမှ ပွဲခင်းအရောက် နွားလှည်းတစ်စီးလျှင် ကျပ် ၃၀ဝ၀ ယူလေ့ရှိပြီး လူဦးရေများပါက လူဦးရေနှင့် ကုန်ပစ္စည်းများပေါ် မူတည်ကာ ကျပ် ၅၀ဝ၀ ခန့် ယူလေ့ရှိသည်။ လူဦးရေ ၂၀ ကျော်ဆန့်တဲ့ ထွေလာဂျီ တစ်စင်းကို ကျပ် ၂၀ဝ၀ဝ သာ ဈေးပေးရသဖြင့် ပွဲတော်သွားသူတွေအတွက် စရိတ်သက်သာလှပေသည်။

 

“ကျွန်တော်တို့ရွာမှာ အခုလို ကိုကြီးကျော်ပွဲမှာ နွားလှည်းတိုက်( နွားလှည်းမောင်း)  တာကတော့ ဟိုးအရင်ကထဲကပေါ့။  အရင်တုန်းကတော့  ဒီလိုပွဲချိန်တွေဆိုရင် လှည်းစီးတဲ့သူများတယ်။ ပွဲခင်းထွက်မယ့် ဈေးသည်ကလည်း သူတို့ကုန်ပစ္စည်းတွေ သယ်ရအောင်ငှားတယ် အခုကျတော့ ပွဲဈေးသည်ကလည်း ဈေးသက်သာတဲ့ ထွေလာဂျီပဲ ငှားကြတော့တယ် နွားလှည်း သိပ်မငှားကြတော့ ပွဲချိန်မှာ ဝင်ငွေနည်းသွားတာပေါ့” နွားလှည်းအငှားလိုက်သူ ဦးဖိုးပုက ပြောသည်။

 

အဆိုပါ ကိုကြီးကျော်ပွဲချိန်တွင် ထန်းတောဆိပ်ကမ်းမှ ပွဲခင်းအတွင်း အငှားလိုက်သည့် ပွဲခင်းအနီးရှိဒေသခံကျေးရွာများမှ နွားလှည်းအစီးရေ ၅၀ ခန့်ရှိသည်ဟု သိရသည်။

 

အိမွန်ဆွေ(ရေစကြို)