ကိုဗစ်ကိုကျော်လွှား လူမှုဘဝပုံစံသစ်ဖန်တီး

ဖေဖော်ဝါရီ၊ ၂

 

ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကင်းဝေးပြီး ကျန်းမာစွာနေထိုင်နိုင်ရေးသည် အရေးကြီးသည်။ လူတိုင်းလူတိုင်း ရောဂါကင်းဝေး ကျန်းမာရေးအတွက် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိရမည် ဖြစ်သည်။ အသိ၊ သတိ ရှိပြန်လျှင်လည်း လိုက်နာဆောက်ရွက်ဖို့ လိုအပ်သည်။ လိုက်နာဆောင်ရွက် နိုင်ကြရေးအတွက် ကျန်းမာရေးအသိများ မျှဝေပေးကြရမည်ဖြစ်သည်။

 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၆၀ ရာခိုင်နှုန်းကျော်သည် သာမန်လူတစ်ယောက်ကဲ့သို့ ကျန်းကျန်းမာမာဖြင့် လူ့ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားနေထိုင်လျက်ရှိသည်။ ယင်းအချက်သည် အရေးကြီးသဖြင့် ရောဂါမကူးစက်စေရေးအသိ လူတိုင်းတွင်ရှိရမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အရာဝတ္ထုနှင့်လေထုရှိ မမြင်နိုင်သောအစက်မှုန်လေးများမှ ကူးစက်နိုင်သောကြောင့် အကာအကွယ်မပါခြင်း၊ ဆေးကြောသန့်စင်ခြင်းမရှိပါက ကူးစက်အန္တရာယ်ရှိသည်ကို သတိပြုရမည် ဖြစ်သည်။

 

နှာခေါင်းစည်းမတပ်ဘဲ နီးနီးကပ်ကပ် နေထိုင်ဆက်ဆံပြောဆိုခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်း၊ အတူစုဝေးစားသောက်ခြင်း၊ မျက်နှာချင်းဆိုင် စကားပြောခြင်း၊ စားသောက်ခြင်း၊ အလုံပိတ်အခန်း၊ လေဝင်လေထွက် မကောင်းသော အခန်းတွင် လူအများစုဝေး နေထိုင်လုပ်ကိုင်ခြင်း၊ လူထူထပ်သော၊ လူစုလူဝေးရှိသော နေရာများသို့သွားရောက်ခြင်းသည် ကိုဗစ်-၁၉ ရောဂါ အလွယ်တကူ ကူးစက်နိုင်သည်။ ကိုဗစ်-၁၉ ရောဂါပိုးသည် အသက်ရှူလမ်းကြောင်းအပြင် ပါးစပ်၊ မျက်စိတို့မှလည်း ဝင်ရောက်နိုင်သည်ကို သိရှိရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလွယ်ကူသူ၊ ရောဂါအပြင်းအထန် ခံစားရနိုင်သူများကိုလည်း သိရှိထားသင့်သည်။ ၎င်းတို့မှာ ရောဂါအခံရှိသူများ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူများတွင် ၉၂ ရာခိုင်နှုန်းခန့်မှာ ရောဂါအခံရှိသူများ ဖြစ်သည်။ ထို့ကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာစသည့် နာတာရှည်ရောဂါရှိသူများအတွက် ပိုမိုသတိပြုကြရမည် ဖြစ်သည်။ သေဆုံးသူများ၏ ၃၁ ရာခိုင်နှုန်းသည် ဆေးရုံသို့ အချိန်မီမရောက်သောကြောင့် သေဆုံးရခြင်းဖြစ်သည်။

 

အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများအနေဖြင့် အိမ်အပြင် လုံးဝမထွက်သော်လည်း အိမ်ပြင်ထွက်သည့် မိသားစုဝင်များနှင့် နီးနီးကပ်ကပ် ဆက်ဆံပြောဆိုခြင်းကို သတိပြုရမည်ဖြစ်သည်။ ရောဂါအပြင်းအထန်ခံစားရလျှင် အသက်သေဆုံးနိုင်သည်ကို ပြည်သူများအား အသိပေးရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကိုယ်ခံအားကောင်းပါက ကြောက်စရာမလို၊ ရောဂါ ပျောက်ကင်းသွားပါက ကြောက်စရာမလိုဟူသည့် အတွေးမျိုးမရှိဘဲ အစဉ်အမြဲကာကွယ်ထားရမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံရပြီး ပြန်လည်ကောင်းမွန်လာသော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများကို သတိပြုရမည်ဖြစ်သည်။ ရောဂါ ကူးစက်ခံရပြီးသူအချို့အနေဖြင့် ရေရှည်တွင် နှလုံး၊ အဆုတ်၊ အာရုံကြော၊ သွေးကြောများတွင် သွေးခဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ စိတ်ထိခိုက်ခံစားမှုများ၊ အလွန်အမင်း မောပန်းမှုများ၊ ချောင်းဆိုးခြင်းများ၊ နာတာရှည်ကျန်းမာရေး ပြဿနာများဖြစ်တတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် မဖြစ်မီက အသိ၊ သတိဖြင့် သတိထားကာ၊ အချင်းချင်းအသိပေးကာ၊ အချင်းချင်းနှိုးဆော်ကာ ကာကွယ်ကြရမည်ဖြစ်သည်။ ရောဂါနှင့်ပတ်သက်၍ သံသယ လက္ခဏာများ တွေ့ရှိရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသကြရမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသည် တစ်ဦးချင်းတစ်ယောက်ချင်းနှင့် မပြီးဘဲ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အောင်မြင်စွာဆောင်ရွက်နိုင် မည်ဖြစ်၍ ကျန်းမာရေးအသိ၊ ရောဂါကာကွယ်ရေး အသိများကို စဉ်ဆက် မပြတ်အသိပေး၊ သတိပေးနေကြရမည် ဖြစ်သည်။ လူတိုင်း၊ မိသားစုတိုင်း လိုက်နာဆောင်ရွက်သင့်သည်ကို ပြည်သူများအား အသိပေးရမည် ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရသည်။ ရောဂါကျဆင်းနေချိန်တွင် အသိတရား၊ သတိထားမှုများကို မလျှော့ပစ်ဘဲ ဆက်လက်အသိ၊ သတိရှိကြမည်ဆိုလျှင် ကိုဗစ်-၁၉ ရောဂါမှ ကင်းဝေးသွားမည်ဖြစ်သည်။

 

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများအား အသိ၊ သတိရှိစေရန် သတိပေး နှိုးဆော်နေခြင်းဖြစ်သည်။ ကိုဗစ်-၁၉သည် ပြည်သူများ၏ကျန်းမာရေး၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည်မှာ မှန်သော်လည်း ကိုဗစ်-၁၉ သည် ပြည်သူများအား လူမှုစီးပွားဘဝနေထိုင်မှု ပုံစံသစ်ဖြင့် စနစ်တကျအသစ်တည်ထောင် လုပ်တတ်ကိုင်တတ်စေရန်အတွက် လမ်းပြပေးနေသည်ဟု ခံယူပြီး ကိုဗစ်-၁၉ကိုကျော်လွှားကာ လူမှုစီးပွားဘဝပုံစံသစ်ကို အကောင်းဆုံး ဖန်တီးကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ