ကိုဗစ်ကာလမှာ Gym ပြန်ကစား တော့မယ်ဆိုရင်

ယခုဆိုရင် မြန်မာနိုင်ငံထဲကို ကိုဗစ်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့လာတာ (၈) လထဲကို ဝင်လာပြီနော်။ ကိုဗစ် ဒုတိယလှိုင်းအစမှာ Gym အကုန်လုံး ပိတ်ထားခဲ့တယ်ဆိုပေမယ့် ယခုဆိုရင် တချို့ Gym တွေ ပြန်ဖွင့်နေ ပြီလို့ သတင်းကြားရပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်တော့ Gym ကို လုံးဝမသွားသင့်ဘူးလို့ပဲ မှတ်ချက်ပေးနေရမယ့် အခြေအနေပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အတွက် မဖြစ်မနေ Gym သွားဖို့ ဆိုင်းပြင်နေပြီဆိုရင် ခုဆောင်းပါးကို ဖတ်ကြည့်ပြီး သိထားသင့်တာတွေကို ကြိုတင်ဖတ်ရှုလေ့လာဖို့ အကြံပေးချင်ပါတယ်။

 

ဘာကြောင့် Gym ကို အန္တရာယ်များတယ် ပြောရတာလဲ

 

ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေ အများဆုံးနေရာတွေထဲမှာ Gym သည် ထိပ်ဆုံးက ပါနေတာကို တွေ့ရပါတယ်။ အကြောင်းရင်းကို သေချာကြည့်မယ်ဆိုရင်

 

၁။ Gym အဆောက်အဦးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံသည် မည်သို့ပင်ဖြစ်နေပါစေ အလုံပိတ်နံရံများနဲ့ အခန်းကျယ်မျိုး ဖြစ်တဲ့အတွက် ရောဂါပိုးပျံ့နှံ့ဖို့ အရမ်းလွယ်ပါတယ်။

 

၂။ ရောဂါပိုးရှိသူ တစ်ဦးဝင်ရောက်ပြီး အထဲမှာ ချောင်းဆိုးတာ၊ နှာချေတာမျိုး ပြုလုပ်ခဲ့ပါက ထို Gym မှာ လေ့ကျင့်ခန်းလုပ်နေသူအားလုံး ရောဂါပိုးကူးစက်နိုင်ခြေ အလွန်များနိုင်ပါတယ်။

 

၃။ Gym ကစားတဲ့အခါ ချွေးပိုထွက်သလို အသက်ကို ပြင်းပြင်းထန်ထန် ရှူသွင်းရှူထုတ် လုပ်ရတဲ့အတွက် Mask တပ်ပြီး Gym ကစားဖို့လည်း မလွယ်ကူသလို ရိုးရိုးကစားရင်လည်း ရောဂါပိုးများကို ရှူသွင်းမိနိုင်ခြေ ပိုများပါတယ်။

 

၄။ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး သေချာအလေးပေးဂရုစိုက်တဲ့ Gym မျိုးဆိုရင် ပြဿနာမရှိပေမဲ့ လူအဝင်အထွက် အကန့်အသတ်မလုပ်ထားတာ၊ အရက်ပြန်နဲ့ အလေးတုံး၊ စက်ပစ္စည်းများကို ပိုးသန့်စင်ခြင်းမရှိတဲ့ Gym မျိုးဆိုရင် မသွားသင့်ပါဘူး။

 

မဖြစ်မနေ Gym သွားမယ်ဆိုရင် ဘာတွေသိထားဖို့ လိုမလဲ

 

၁။ အရင်ဆုံး ကိုယ့်ရဲ့ Gym က ကိုဗစ်နဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားလဲဆိုတာကို စုံစမ်းမေးမြန်းပါ။ ကိုယ့်အတွက် စိတ်ချရလောက်တဲ့ အနေအထားမျိုးမှာ ရှိမှသာသွားပါ။

 

၂။ လူဦးရေ အကန့်အသတ်ဟာ အလွန်အရေးကြီးပါတယ်။ အလုံပိတ်အခန်းကျယ် ဖြစ်တဲ့အတွက် တစ်ချိန်တည်းမှာ လူဦးရေ အယောက် (၂၀) ထက် များလွန်းရင် မဖြစ်ပါဘူး။

 

၃။ နည်းပြဆရာ၊ Gym မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းများအားလုံး အချိန်ပြည့် Mask တပ်ထားရမှာ ဖြစ်သလို အပူချိန်တိုင်းတာ၊ အရက်ပြန် ဆောင်ပေးထားတာမျိုး လုပ်ပေးရပါမယ်။

 

၄။ အချိန်အပိုင်းအခြားအလိုက် ဝင်ထွက်ခွင့်ပေးပြီး လူအဝင်အထွက်မရှိတဲ့ အချိန်ကို သတ်မှတ်ထားပြီး အဲဒီအချိန်မှာ အလေးတုံး၊ စက်ပစ္စည်းတွေကို အရက်ပြန်နဲ့ သေချာတိုက်ချွတ်ရပါမယ်။

 

ကိုယ်တိုင် Gym သွားဖို့ ဘာတွေပြင်ဆင်မလဲ

 

၁။ အိမ်ကနေ ကိုယ်ပိုင်သောက်ရေဘူး ယူသွားပါ။ မလိုအပ်တဲ့ ပစ္စည်းတွေအများကြီး မသယ်သွားပါနဲ့။

 

၂။ တတ်နိုင်ရင် Gym ကစားနေတဲ့အချိန်လည်း Mask တပ်ထားပါ။ Mask ကို အပိုတစ်ခု အနည်းဆုံးဆောင်သွားပါ။

 

၃။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ကိုယ့်ရဲ့ လေ့ကျင့်ခန်းကို ပြီးစီးအောင်အမြန်လုပ်ပါ။ ပြီးတာနဲ့ အိမ်ကိုတန်းပြန်ပါ။

 

၄။ ပုံမှန်ဆိုရင်တော့ လေ့ကျင့်ခန်းအပြီး ရေချက်ချင်းချိုးဖို့ အကြံပေးတယ်ဆိုပေမယ့် ခုကိုဗစ်ကာလအရ Gym မှာ ရေချိုးဖို့တော့ လုံးဝမသင့်တော်ပါဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်ပြန်ချိုးတာ ကျန်းမာရေးအတွက် ပိုစိတ်ချရပါတယ်။

 

၅။ Gym က အလေးတုံးတွေကို အသုံးမပြုခင် တဘက် သို့မဟုတ် မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးပါ။

 

၆။ တပ်ထားတဲ့ Mask ကို ချွေးများနဲ့ စိုရွှဲနေပြီဆိုရင် အမှိုက်ပုံးထဲစနစ်တကျ စွန့်ပစ်ပြီး အသစ်တစ်ခုလဲ တပ်ပါ။

 

၇။ ရင်ကြပ်ပန်းနာ သို့မဟုတ် အဆုတ်မကောင်းသူ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေနဲ့ Mask တပ်ပြီး Gym ကစားတဲ့အခါ အသက်ရှူရခက်တာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် သတိထားပေးပါ။

 

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Myo Myat