ကိုဗစ်-၁၉ကြောင့် မြန်မာ့စီးပွားရေးအခြေအနေ သက်ရောက်မှုပြင်းထန်နိုင်သည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

mdn

နေပြည်တော် ၂၆ ဇွန်

 

ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် စီးပွားရေးကဏ္ဍ၌ ထိခိုက်မှုများ ရှိလာချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေပေါ်တွင်လည်း ပြင်းထန် သည့် ထိုးနှက်ချက်တစ်ခုဖြစ်နိုင်ကြောင်းကို ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်းအစီရင်ခံစာတွင် ယနေ့ရက်စွဲဖြင့် ဖော်ပြထားသည်။

 

အဆိုပါအစီရင်ခံစာအတွင်းယေဘုယျခန့်မှန်းအခြေအနေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေး နှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင်မူ ၀ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ၎င်းတို့က ခန့်မှန်းထားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေပါက စီးပွားရေးမှာ ယခုဘဏ္ဍာနှစ်အတွင်း ၂ဒသမ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ကာ လာမည့်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မှ ပြန်လည်နာလန် ထူနိုင်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

 

“အခုအချိန်မှာ မြန်မာ့စီးပွားရေးကာလလတ် မျှော်မှန်းချက်တွေက အကောင်းဘက်ကို ဦးတည်နေပေမယ့် ကြိုတင်မခန့်မှန်းနိုင်တဲ့ ကပ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားလာနိုင်ခြေကြောင့် ကြီးမားတဲ့အန္တရာယ်တွေလည်း ရှိနေ ဆဲပါ။ ခိုင်မာအားကောင်းတဲ့ မူဝါဒလုပ်ဆောင်ချက်တွေ အရေးတကြီး လိုအပ် နေပါတယ်။ အစိုးရအနေနဲ့ ရည်မှန်းထားတဲ့ အသုံးစရိတ်မျှော်မှန်းချက်တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြုခြင်း၊ စီးပွားရေးလုပ်ငန်းငယ် အများအပြားကို တိုးချဲ့ ထောက်ပံ့ပေးခြင်းနဲ့နွမ်းပါးတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်း အားဖြင့် CERP ကို ပိုမိုထိရောက်အောင်မြင်စေနိုင်ပါလိမ့်မယ်”ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောကြားသည်။

 

အစီရင်ခံစာအရ ကပ်ရောဂါအကျပ်အတည်းထိခိုက်မှုသည် ကဏ္ဍအားလုံး ကို တစ်ပြေးညီ သက်ရောက်ခဲ့ခြင်း မဟုတ်ကြောင်း ဖော်ပြပါရှိပြီး ကန့်သတ်တားဆီးရခြင်းများကြောင့် လုပ်သားများအသုံးပြုနိုင်မှုကို အကန့်အသတ် ဖြစ်စေခြင်း၊ နယ်နိမိတ်ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထား ခြင်းကြောင့် စက်မှုထုတ်ကုန်ကုန်ကြမ်းထောက်ပံ့နိုင်မှု ပြတ်တောက်ခြင်းများကြောင့် စက်မှုကုန်ထုတ်လုပ်ရေးသည် ယခုဘဏ္ဍာနှစ်အတွင်း ဝဒသမ ၂ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ပြီး ပြည်တွင်း ပြည်ပ ဝယ်လိုအား ကျဆင်းမှုများ ၊ ဆက်လက်ရှိနိုင်ကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှု ကွင်းဆက် ပြတ်တောက်မှုနှင့် ပြင်ပဝယ်လိုအား ကျဆင်းခြင်းများ ဆက်လက်ဖြစ်ပွား နေသဖြင့် လက်ကျန်ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ဆက်လက် လျော့ကျသွားနိုင် သဖြင့် အခွန်ရရှိမှုသည်လည်း ယခင်နှစ်ကထက် ၆ ရာခိုင်နှုန်းဝန်းကျင် ကျဆင်း လာနိုင်သည်ဟု ခန့်မှန်းထားသည်။

 

စိုက်ပျိုးရေးကဏ္ဍသည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်ပါက ကိုဗစ်-၁၉ ရောဂါကြောင့် ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး သတင်းအချက်အလက်၊ ဆက်သွယ် ရေးနည်းပညာ ဖွံ့ဖြိုးလာမှုကြောင့် အီလက်ထရွန်နစ် ကုန်သွယ်ရေးဖွံ့ဖြိုး လာစေရန် များစွာအထောက်အကူပြုသည်။ ကိုဗစ်-၁၉ ကြောင့် စားသုံးသူ ဝယ်ယူနိုင်စွမ်း ကျဆင်းလာကာ ငွေကြေးဖောင်းပွမှုကိုလည်း လျော့ကျစေမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

 

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအား မြန်မာနိုင်ငံအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ၊ စီးပွားရေး အလားအလာများနှင့် ဦးစားပေးမူဝါဒများကိုစောင့်ကြည့်လေ့လာသုံးသပ်၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့်ကို ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

 

ခင်ရတနာ၊ ဓာတ်ပုံ-ကမ္ဘာ့ဘဏ်