ကိုဗစ် - ၁၉ကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဒစ္စနေးဥယျာဉ်မှ အလုပ်သမားထောင်နှင့်ချီ၍ အလုပ်ဖြုတ်ခံရမည်

လော့စ်အိန်ဂျလိစ် ၂  အောက်တိုဘာ

 

ကိုဗစ် - ၁၉ ကူးစက်မှုကြောင့် စီးပွားရေးရိုက်ခတ်မှုဖြစ်ပေါ်လာပြီး ကယ်လီဖိုးနီးယားပြည်နယ် အောရိန့်ချ်စီရင်စု ရှိ ဒစ္စနေးဥယျာဉ်မှ အလုပ်သမား ၅၀၀၀ အလုပ်ဖြုတ်ခံရတော့မည်ဟု ဒေသတွင်း သတင်းစာတွင်စက်တင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။

 

ဒစ္စနေးဥယျာဉ်များမှ အလုပ်သမား၂၈၀၀၀ မှာအလုပ် ဖြုတ်ခံရတော့မည်ဟု စက်တင်ဘာ ၂၉ ရက်တွင် ဒစ္စနေး ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

အမေရိကန်ရှိဒစ္စနေးဥယျာဉ်များတွင် အလုပ်လုပ်ကိုင် နေသူပေါင်း ၁၀၀၀၀၀ ကျော်ရှိပြီး ကယ်လီဖိုးနီးယား ဒစ္စနေးဥယျာဉ်တွင် အလုပ်သမား ၃၂၀၀၀ နှင့် ဖလော်ရီဒါရှိ ဒစ္စနေးဥယျာဉ်တွင် အလုပ်လုပ်ကိုင်နေသူ ၇၇၀၀၀ ရှိသည်။ ကယ်လီဖိုးနီးယားအာဏာပိုင်အဖွဲ့သည် ဒစ္စနေး ဥယျာဉ် ပြန်ဖွင့်ခွင့်ပေးရန် အစီအစဉ်မရှိသည့်အတွက် ယခုကဲ့သို့ ခက်ခဲသည့် ဆုံးဖြတ်ချက် ချလိုက်ရခြင်းဖြစ်ကြောင်း ဒစ္စနေးဥက္ကဋ္ဌ ဂျော့ဒီအမာရာရိုက ပြောသည်။ ကယ်လီဖိုးနီးယားရှိ ဒစ္စနေးဥယျာဉ်နှင့် စွန့်စားခန်းကစားကွင်းတို့မှာ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင်တည်ရှိပြီး ကိုဗစ် - ၁၉ ကြောင့် မတ်လလယ်ကတည်းက ပိတ်ထားရခြင်း ဖြစ်သည်။

 

တရုတ်၊ ပြင်သစ်၊ ဂျပန်နှင့်ဖလော်ရီဒါတို့ရှိ ဒစ္စနေးဥယျာဉ်များကို ဧည့်သည်လက်ခံမှု ကန့်သတ်ချက်ဖြင့် ပြန်ဖွင့်ခွင့်ပြုခဲ့သော်လည်း ကယ်လီဖိုးနီးယားရှိ ဥယျာဉ်ကိုမူ ပြန်ဖွင့်ခွင့်မပြုခဲ့ပေ။

 

ဥယျာဉ်ပိတ်ထားရခြင်းမှာ ခဏတာသာဖြစ်ပြီး လျင်လျင်မြန်မြန် နာလန်ထူနိုင်ပြီး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်မည်ဟု ကနေဦးက မျှော်မှန်းခဲ့သော်လည်း ခုနစ်လကြာပြီးသည့်နောက် မျှော်မှန်းသည့်အတိုင်း ဖြစ်မလာဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ အပန်းဖြေ ကစားကွင်းများ၊ ဥယျာဉ်များ ပိတ်ထားရသည့်အတွက် မြို့တော်ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များနှင့် စက်မှုလုပ်ငန်း အဖွဲ့အစည်းများက ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးထံ ဒစ္စနေးဥယျာဉ်၊ ယူနီဗာဆယ်စတူဒီယို တို့ အပါအဝင် အခြားသောဥယျာဉ်များ ပြန်ဖွင့်ခွင့်ရရေး တောင်းဆိုခဲ့ကြသည်။

 

ဆင်ဟွာ