ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် KTV/ Bar /အနှိပ်ခန်းနှင့် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသည့် နေအိမ်/ဆိုင်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော် ၄  စက်တင်ဘာ 

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များအား လိုက်နာခြင်းမရှိသည့် KTV/ Bar /အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်/ဆိုင်များအား ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ထိရောက်စွာ ထိန်းချုပ်ရန်အတွက် “ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် လုပ်ငန်းကော်မတီ” မှ KTV/ Bar/ အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်ခြင်းမပြုရန်  ထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း၌ လိုက်နာခြင်းမရှိဘဲ တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေသည့် နေအိမ်/ဆိုင်များအား စက်တင်ဘာ ၂ ရက် ၃ ရက် ညများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင် ၁ ဆိုင်၊ ပြည့်တန်ဆာအိမ် ၂ အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးအားလည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦးအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၁၆ ဦးအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ အား လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦးအားလည်းကောင်း။

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့ နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက် အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးအား လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင် ၁ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ KTV/Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် ဧည့်သည် စုစုပေါင်း ၅၂ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ်မြို့တို့ရှိ KTV/Bar ဆိုင် ၄ ဆိုင်မှ  ပိုင်ရှင်၊ မန်နေဂျာနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၃၆ ဦးအားလည်းကောင်း။

 

စုစုပေါင်း တိုင်းဒေသကြီး/ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV/Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။  

 

သတင်းစဉ်