ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးကူညီဆောင်ရွက်ရန် ကျန်းမာရေးဝန်ထမ်း ၃၈၀၀၀ ကျော် ရှန်ဟိုင်းမြို့သို့ သွားရောက်

ဧပြီ ၅

 

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အချာကျသည့် ရှန်ဟိုင်းမြို့တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး ကူညီဆောင်ရွက်ရန် ပြည်နယ်အဆင့်ဒေသကြီး ၁၅ ခုမှ ကျန်းမာရေးဝန်ထမ်း ၃၈၀၀၀ ကျော် ရှန်ဟိုင်းမြို့သို့ သွားရောက်နေပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (အင်န်အိတ်ချ်စီ)၏ ပြောကြားချက်အရ သိရသည်။

 

ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၁၀၀၀ ကျော်သည် ရှန်ဟိုင်းမြို့ရှိ ယာယီဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြပြီး အခြားသော ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၃၀၀၀ ကျော်သည် နျူကလိစ်အက်စစ်နမူနာများ စုဆောင်းမှုတွင် လုပ်ဆောင်သွားမည်ဟု ထိုကော်မရှင်၏ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သူ ဂျာအိုရာဟီက ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းတွင်  ကူညီလုပ်ကိုင်ပေးရန် လူပေါင်း ၄၀၀၀ ကျော် သွားရောက် နေပြီ ဖြစ်သည်။

 

နျူကလိစ်အက်စစ်စမ်းသပ်စစ်ဆေးရေးအဖွဲ့သည် နေ့စဉ်နျူကလိစ်အက်စစ်နမူနာပေါင်း ၂ ဒသမ ၃၈ သန်းကိုလည်း စစ်ဆေးပေးနေသည်ဟု ထိုကော်မရှင်က ဆိုသည်။

 

ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်မှုလူနာ ၄၂၅ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

 

ထိုမြို့ကြီးတွင် မြို့လုံးကျွတ် နျူကလိစ်အက်စစ်စမ်းသပ်စစ်ဆေးခြင်းကို ဧပြီ ၄ ရက်ကစတင်ကာ လုပ်ဆောင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို