ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ပရိယင်ကာချိုပရာ ပါဝင်လှူဒါန်း

လတ်တလော အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ စံချိန်တင်ဖြစ်ပွားမှုတွေအတွက် ဘောလိဝုဒ် ကြယ်ပွင့်တွေက ကပ်ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ရာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုလှူဒါန်းခဲ့သူတွေအနက် မင်းသမီးပရီယင်ကာချိုပရာလည်း ပါဝင်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လက်ရှိမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပရီယင်ကာချိုပရာ ဂျိုးနက်စ်ဟာ အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ ကူညီနိုင်ဖို့ရာ ပြီးခဲ့တဲ့လအတွင်းက စတင်ပြီး ရန်ပုံငွေတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဆိုပါ ရန်ပုံငွေကို သူနဲ့ ခင်ပွန်းဖြစ်သူ တေးသံရှင် နစ်ခ်ဂျိုးနက်စ်တို့ ပူးပေါင်းတည်ထောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပရီယင်ကာပရာဂျိုးနက်စ် ဖောင်ဒေးရှင်းဟာ အိန္ဒိယနိုင်ငံက အကျိုးအမြတ်မယူတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂစ်ဗ်အိန္ဒိယနဲ့ လက်တွဲကာ လှူဒါန်းမှုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်လိုဝါ ၆၃ သန်းရှိတဲ့ ပရီယင်ကာချိုပရာက ဧပြီ ၂၉ ရက်မှာ သူ့ရဲ့ ပရိသတ်တွေကို အိန္ဒိယအတွက် အောက်ဆီဂျင်၊ ဆေးဝါး၊ အသက်ကယ်ပစ္စည်း စတာတွေ လှူဒါန်း ပေးဖို့ရာ ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါ ဖော်ပြမှုကို ပရီယင်ကာချိုပရာက ဖော်လိုဝါ ၂၇ သန်းခန့် ရှိတဲ့ သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာလည်း မျှဝေခဲ့ပါတယ်။

ပရီယင်ကာချိုပရာက သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကနေ မေလကုန်မှာ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သုံးသန်းခန့် ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ မေ ၁၇ ရက် ညပိုင်းအထိ ကောက်ယူရရှိတဲ့ ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ သန်းကျော်ခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ပရီယင်ကာချိုပရာနည်းတူ အခြားသော ဘောလိဝုဒ်ကြယ်ပွင့်များစွာလည်း အိန္ဒိယရဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကုသရေးလုပ်ငန်းတွေအတွက် ပါဝင်လှူဒါန်းခဲ့ကြကြောင်းလည်း သိရပါတယ်။

အေးပြည့်