ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်း

၅  နိုဝင်ဘာ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်၏ ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်-

 

အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက် တွေ၊ ပြည်သူတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ကိစ္စတွေ၊ သိချင်တဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော် ကြီးတွေက အပတ်စဉ် ပညာပေးရှင်းလင်းပြောကြားပေး နေတဲ့ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

မြန်မာနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါပိုးဟာ အခုအချိန်မှာ ဆိုရင် ရှစ်လတာကာလထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ပြန်ပြီးသုံးသပ်ရ မယ်ဆိုရင် ယခုလက်ရှိမှာ ရောဂါဖြစ်ပွားမှုအများဆုံးက ရန်ကုန်တိုင်းဒေသကြီးဖြစ်သလို ကူးစက်မှုအများဆုံးနဲ့ အစုလိုက်အပြုံလိုက် ဖြစ်ပွားနိုင်တဲ့နေရာတွေက ဈေးတွေ၊ ဘာသာရေးဆိုင်ရာ နေရာဌာနတွေ၊ ဘိုးဘွား ရိပ်သာတွေ၊ စက်ရုံအလုပ်ရုံတွေပဲ ဖြစ်ပါတယ်။

 

အဲဒီလိုနေရာတွေမှာ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို အထူးအလေးထားလိုက်နာကြဖို့လည်း လိုအပ်ပါတယ်။ ဒီနေ့ ကိုဗစ်အကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ရင်ဆိုင် ခဲ့ရပြီး၊ မှန်ကန်ကောင်းမွန်တဲ့ ကုသမှုတွေကို ခံယူခဲ့သူ တွေနဲ့ တွေ့ဆုံပြီး သူတို့ ဘယ်လိုခွန်အားတွေနဲ့ ဒီရောဂါ ကို ရင်ဆိုင်ခဲ့ကြသလဲဆိုတဲ့ အတွေ့အကြုံတွေကို မျှဝေ ပေးဖို့အတွက် တွေ့ဆုံမေးမြန်းသွားမှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနဲ့အတူ သင်္ဃန်းကျွန်းမြို့နယ်က ဦးချမ်းငြိမ်း အောင်နဲ့ မကြည်ပြာ တို့ကို ဖိတ်ခေါ်ထားပါတယ်။

 

အခုဆိုရင် ကိုဗစ်ရောဂါပိုး ဘယ်လိုစပြီးဖြစ်သလဲ ဆိုတာကနေ စပြီးဆွေးနွေးချင်ပါတယ်။ ဦးကျော်သူအနေနဲ့ ကိုဗစ်ရောဂါကို ဘယ်တုန်းကစပြီးဖြစ်သလဲ၊ ဘယ်နေ့ကစဖြစ်သလဲ၊ ဘယ်လိုမျိုး ကူးစက်ခံရသလဲ ဆိုတာလေးကို ပြောပြပေးပါဦး။

 

ဦးကျော်သူ။ ။ ဘယ်လိုကူးစက်ခံရသလဲဆိုတာတော့ ကျွန်တော်လည်း သတိမထားမိဘူး။ ဒါပေမယ့် ကျွန်တော်တို့ နာရေးကူညီမှုအသင်းကနေ နာရေးကိစ္စတွေ၊ လူနာတင်ယာဉ်ကိစ္စတွေကို ဒါတွေ ပို့ဆောင်ပေးပါတယ်။ ဒါ့အပြင် ကိုဗစ်လူနာတွေ ပို့ဆောင် တာတွေလည်း လုပ်ပေးနေပါတယ်။ Quarantine ပို့တာ တွေမှာ ကူညီဆောင်ရွက် ပေးပါတယ်။

 

ဒါပေမယ့် ကျွန်တော်က နာရေးကူညီမှုလမ်းကြောင်း ကိုပဲ ပို့ဆောင်ပေးတယ်။ တစ်ခါတလေ ကျွန်တော် ကားမောင်းပေးတယ်။ မောင်းလို့ရှိရင်လည်း ကျွန်တော် PPE ဝတ်စုံ နံပါတ် (၂) ဝတ်တယ်။ အကာအကွယ်လုပ်ပြီး ကျွန်တော်သွားပါတယ်။ အဲဒီမှာ တောက်လျှောက် မဖြစ်လာပါဘူး။ ကျွန်တော်တို့ ကူညီမှုအဖွဲ့တွေက တစ်ယောက်မှ မဖြစ်ပါဘူး။ မဖြစ်ဘဲနဲ့ ရုံးမှာနေတဲ့ တစ်ယောက်က သူဘယ်ကနေ၊ ဘယ်လိုဖြစ်လာသလဲ မသိဘူး။ အနံ့ပျောက်တယ်၊ ဘာညာဖြစ်တော့ သူ့ကိုစစ်လိုက်တယ်။ သူက Positive ဖြစ်နေတယ်။

 

သူကလည်း ကျွန်တော့်အခန်းထဲကို နှစ်ကြိမ်လောက် အဝင်/အထွက် လုပ်တယ်။ နှစ်ကြိမ်လောက် ဆိုတာက ခပ်လှမ်းလှမ်းပဲနေတာ။ ကျွန်တော်နဲ့ နီးနီး ကပ်ကပ်လည်း မဟုတ်ဘူး။ ခပ်လှမ်းလှမ်းကပဲ လုပ်စရာ ရှိတာလုပ်ပြီး ပြန်သွားတာပါ။

 

အဲဒီတော့ သူဖြစ်ပြီဆိုတာနဲ့ သူနဲ့ပတ်သက်ခဲ့တဲ့ ဈာပနအဖွဲ့တို့၊ အလှူခံဌာနတို့ ဒီဟာတွေကပါ လူအားလုံးကို စစ်ရမယ်ဆိုတော့ စစ်ပါတယ်။ စစ်တဲ့အချိန်မှာ ငါလည်း စစ်မယ်ဆိုပြီး စစ်လိုက်တယ်။ စစ်လိုက်တဲ့အချိန်မှာ ကျွန်တော်က Positive ဖြစ်သွားတယ်။ ကျန်တဲ့ ဈာပန အဖွဲ့တို့၊ အလှူခံဌာနတို့က Negative ဖြစ်သွားတယ်။

 

ကျွန်တော်ဖြစ်တာကို အောက်တိုဘာလ ၂၁ ရက် နေ့က သိပါတယ်။ နေ့လယ်သိတာနဲ့ ညနေ ကျွန်တော် ချက်ချင်းပဲ ဝေဘာဂီဆေးရုံကို လာလိုက်ပါတယ်။ လာလိုက်တော့ ကျွန်တော်ကို ကုသမှုတွေ လုပ်ပေးပါတယ်။

 

အစီအစဉ်မှူး။ ။ မဖြစ်ခင်မှာကော ရောဂါလက္ခဏာတွေ ပြတာရှိသေးလားရှင့်။

 

ဦးကျော်သူ။ ။ ရောဂါလက္ခဏာတွေ မပြပါဘူး။ အနံ့ပျောက်တာတို့၊ အသက်ရှူကျပ်တာတို့၊ မောတာတို့ ဒါတွေ ဘာမှမဖြစ်ဘူး။ အခုအချိန်အထိ ပုံမှန် အတိုင်းပါပဲ။

 

အစီအစဉ်မှူး။ ။ ဦးချမ်းငြိမ်းအောင်အနေနဲ့ ကိုဗစ်ရောဂါကို ဘယ်လိုစပြီး ဖြစ်သလဲဆိုတာကို ပြောပြပေးပါဦး။

 

ဦးချမ်းငြိမ်းအောင်။ ။ ကိုဗစ်-၁၉ စကူးတဲ့ အခြေအနေက ကုမ္ပဏီမှာ လုပ်တာဆိုတော့ ကျွန်တော် ကုမ္ပဏီကိုသွားတယ်။ လာတယ်။ နောက်ပိုင်း ဘယ်ကမှကူးတဲ့ အနေအထားမရှိပါဘူး။ သွားရင်း၊ လာရင်းနဲ့ နေတာ၊ ထိုင်တာ တစ်မျိုးဖြစ်လာတယ်။ ဖျားချင်သလို ဖြစ်လာလို့ ကျွန်တော် အိမ်ကိုပြန်ပြီး နှစ်ရက်အနားယူ တယ်။ ပြီးရင် ဆေးခန်းသွားပြတယ်။ ဆေးခန်းက ဆေးကုပေးတယ်။ ဆေးသောက်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော် အနံ့ပျောက်သွားတယ်။

 

ဒါပေမယ့် အနံ့ပျောက်သွားတဲ့အချိန်မှာ တစ်ပြိုင်တည်း ကျွန်တော့်သမီးကလည်း ဖျားတယ်။ ဖျားတဲ့အတွက် ကျွန်တော်တို့ Fever Clinic ကိုသွားဖို့အတွက် အဲဒီနေ့ မနက်မှာပဲ ကျွန်တော် ခွင့်ယူပြီးတော့ သွားပါတယ်။ သွားတဲ့အခါကျတော့ Fever Clinic ကနေ Fever Corner ဆိုတဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကို လွှတ်ပါတယ်။ ဆေးရုံရောက်တဲ့အခါမှာ ကျွန်တော်တို့ကို စစ်ဆေးမှုတွေ လုပ်ပါတယ်။ သွေးစစ်ပါတယ်။ ဓာတ်မှန်ရိုက်ပါတယ်။ ဓာတ်မှန်ရိုက်ပြီး ချက်ချင်းအဖြေအပေါ်ကို ကြည့်ပြီး သူတို့ရဲ့ ကနဦး စစ်ဆေး တွေ့ရှိချက်အရ သံသယလူနာအဖြစ် အခန်းတစ်ခန်းမှာ ထားပေးပါတယ်။ အဲဒီအထိလည်း ကျွန်တော် အနံ့ပျောက်နေတာပါ။ အဲဒီလိုနေရင်းနဲ့ မကြာပါဘူး။ ကျွန်တော်တို့ကို နောက် ၄၅ မိနစ်ကြာတဲ့အချိန်မှာ Swab Test စစ်ပါတယ်။ စစ်လိုက်ပြီး နောက်တစ်ရက်မှာ ကျွန်တော်တို့ နှစ်ယောက် စလုံး Positive ဖြစ်ပါတယ်။

 

Positive ဖြစ်တော့ ညတွင်းချင်းပဲ လူနာတင်ယာဉ်နဲ့ခေါ်ပြီး ဝေဘာဂီဆေးရုံကို ပို့ပါတယ်။ ဝေဘာဂီဆေးရုံ ရောက်တဲ့အခါမှာ ဆေးကုသမှုတွေ ခံယူရပါတယ်။ ဟိုက စစ်ဆေးထားတဲ့ ဓာတ်မှန်အပြင် နောက်ထပ်ဓာတ်မှန် ထပ်ရိုက်ရပါတယ်။ ပြီးရင် သွေးနဲ့ပတ်သက်တာတွေကို လည်း ပြန်စစ်ရပါတယ်။ အဲဒါနဲ့ ကျွန်တော်က အနံ့ပျောက် နေတဲ့သူဖြစ်တဲ့အတွက် လက်ကို ဆေးထိုးဖို့အတွက် ပိုက်တပ်ပေးပြီး အကြောဆေးတစ်လုံး ထိုးပေးပါတယ်။ လိုအပ်တဲ့ ဆေးဝါးတွေ ထပ်မံပေးဖို့အတွက် လက်ကို ပိုက်တပ်ပေးခြင်းဖြစ်ကြောင်း ဆရာဝန်က ပြောပါတယ်။

 

အဲဒီလို ပြောပြီးတော့ ဒီအတိုင်းနေပါတယ်။ စရောက် တဲ့အချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ပထမဦးဆုံး ကြောက်လန့် တဲ့စိတ်တွေရှိနေပေမယ့် ဆေးရုံရဲ့ ကုသမှု၊ ဆေးရုံရဲ့ အနေအထား၊ ဆေးရုံရောက်တာနဲ့ ကြိုဆိုမှုအားလုံးက နွေးထွေးမှုရှိတဲ့အတွက် ကောင်းမွန်တဲ့ခံစားမှုကို ခံစားရပါတယ်။ ဒီလောက်ကြီးလည်း ကြောက်စိတ်မရှိတော့ဘူး။ ဆေးရုံကို ရောက်နေပြီပဲ၊ ကုသပေးမယ့် ဆရာဝန်တွေ ရှိတယ်။ အကူအညီတောင်းရင်ရမယ်။ သူတို့က ကူညီပေး မှာဆိုတဲ့ အသိမျိုးနဲ့ ကျွန်တော် ဝမ်းသာပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်သွားတယ်။

 

နောက်နေ့မနက်ကျတော့ ပြောတဲ့အတိုင်းပဲ လိုအပ်တဲ့ အချက်အလက်တွေကိုကြည့်ပြီးတော့ ဓာတ်မှန်ပိုင်း ဆိုင်ရာ သိပ်ပြီးထင်ထင်ရှားရှား မရှိတဲ့အတွက် ကွန်ပျူတာ ဓာတ်မှန် ထပ်ရိုက်ပါတယ်။ ကွန်ပျူတာ ဓာတ်မှန်ရိုက်တော့ ကျွန်တော်က သာမန်နဲ့ ပြင်းထန်ကြားထဲမှာ ဖြစ်တာပါ။ အဲဒီအချိန်က ကျွန်တော် သိပ်ပြီးပြင်းပြင်းထန်ထန် မဖြစ်တော့ လိုအပ်တဲ့ဆေးဝါးကုဖို့ဆိုပြီး ဝေဘာဂီအဆောင် (၂)မှာပဲ ဆက်လက်ကုသပြီး တောက်လျှောက်နေလာခဲ့တာ ၁၇ ရက်ကြာခဲ့ပါတယ်။ အဲဒီ ၁၇ ရက်ကြာတဲ့ အတော အတွင်းမှာ ကျွန်တော်တို့ကို မနက်မိုးလင်းကနေစပြီး မိုးချုပ်တဲ့အထိ ဆရာဝန်တွေရဲ့ ကုသမှုတွေ၊ ပြုစု စောင့်ရှောက်မှုတွေ သူတို့ရဲ့ ကျွန်တော်တို့အပေါ်ကို အားပေးနှစ်သိမ့်မှုတွေအတွက် တော်တော်လေး ဝမ်းသာရ ပါတယ်။ အစားအသောက်နဲ့ပတ်သက်လို့ လိုအပ်တဲ့ အာဟာရပြည့်အောင် အကုန်လုံးက မနက်စာဆို မနက်စာ၊ နေ့လယ်စာဆို နေ့လယ်စာ၊ ညစာဆို ညစာ အစရှိသဖြင့် ပြုစုစောင့်ရှောက်ပေးတယ်။ ဒီလိုပြုစုစောင့်ရှောက် ပေးတဲ့အတွက် ကျွန်တော် ၁၀ ရက်လောက်နဲ့ တော်တော် သက်သာနေပါပြီ။ အကြောဆေးနဲ့ ပိုးသတ်ဆေးကို တစ်ပတ်လောက် သွင်းလိုက်တယ်။ ကျွန်တော် နိုင်ငံတကာ ကုထုံးဖြစ်တဲ့ ဂျပန်ကလာတဲ့ ဆေးတစ်မျိုးကို ရပါတယ်။ ဆေးနာမည်က Avigan လို့ခေါ်တယ်ဆိုတာကို ဆရာဝန်ကြီးတွေက ပြောပြပါတယ်။

 

ဆရာဝန်ကြီးတွေက အဲဒီဆေးနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။ အဲဒီဆေး ၅၇ လုံးပြည့်အောင် သောက်ရပါတယ်။ ပထမ ၁၆ လုံး၊ နောက် ရှစ်လုံး အဲဒီလိုသောက်ရပါတယ်။ အဲဒီ ဆေးသောက်ပြီးတဲ့အချိန်မှာ ကျွန်တော် တော်တော်လေးလည်း ကျန်းမာလာတယ်။ ၁၆ ရက်ပြည့်ပြီး နောက်တစ်ရက်ကျတော့ ဆရာဝန်က ကျွန်တော်တို့ရဲ့ သွေးစစ်ချက်တွေကို ပါကြည့်ပြီး စိတ်ချရပြီဆိုပြီး ၁၇ ရက်မြောက်နေ့မှာ ဝေဘာဂီဆေးရုံကနေ ဆင်းလာခဲ့ရပါတယ်။ တောက်လျှောက် ဒီကာလအတွင်းမှာ ကျွန်တော်တို့ စိတ်ကျေနပ်မှုအပြည့်နဲ့ ကိုယ့်အိမ်က မိသားစုက ကိုယ့်ကို စောင့်ရှောက်ပေးသလိုပါပဲ ခံစားရပြီးတော့ ကျွန်တော်တို့ ရောဂါအစောကြီး ပျောက်ကင်းသွားပါတယ်။

 

အစီအစဉ်မှူး။ ။ မကြည်ပြာရှင့်၊ ခုနက ဦးချမ်းငြိမ်းအောင်နဲ့ သားအဖဖြစ်တယ်။ ပြီးတော့ တစ်အိမ်ထဲမှာ နေတာဆိုတော့ မိသားစုဝင်တွေထဲမှာကော တခြားကူးစက်ခံရသူတွေ ရှိသေးလား။

 

မကြည်ပြာ။ ။ မိသားစုက သုံးယောက်နေတာပါ။ ညီမဖြစ်တယ်။ မောင်လေးလည်း ဖြစ်တယ်။

 

အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ဖြစ်တဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်လေး ပြောပြပေးပါဦး။

 

မကြည်ပြာ။ ။ ညီမ စဖြစ်တုန်းက အဖေက အဲဒီအချိန်မှာ နေမကောင်းဘူး။ ညီမကလည်း ကိုယ်ခံအား ကျသလိုမျိုးပဲ ဘာမှမလုပ်ချင်၊ မကိုင်ချင်စိတ်ဖြစ်တယ်။ အဖေဖြစ်နေတာက ရိုးရိုးတုပ်ကွေးလား၊ ကိုဗစ်လား ဆိုတာကို မဝေခွဲတတ်ဘူး။ အဲဒီအချိန်မှာ အဖေကလည်း အနံ့ပျောက်တာ မရှိသေးဘူး။ ဆေးခန်းသွားပြလို့ သက်သာနေပြီ၊ ညီမကလည်း ရှေ့မှာ အစာအိမ်ရောင်သလို၊ အူအတက်ပေါက်ချင်သလို ဖြစ်ထားတာ၊ အဲဒါက နည်းနည်းပျောက်နေပြီ သက်သာခါစပဲ ရှိသေးတယ်။

 

အဖေက တုပ်ကွေးနဲ့ ကိုဗစ်ဆန်ဆန် ရောပြီး ဖြစ်နေတော့ ကိုဗစ် ဟုတ် / မဟုတ်က မသေချာသေးဘူး။ အဲဒီအချိန် ညီမအခန်းထဲမှာလှဲနေတုန်း ကိုယ်လက်တွေက နုံးချည့်ပြီး မလုပ်ချင်မကိုင်ချင်စိတ် ဖြစ်နေတာ။ ဒါပေမယ့် အဖေ့အတွက် အားရှိအောင် Ensure Gold ဝယ်ရမယ့် အချိန်မှာထဖို့ကို နုံးချည့်ပြီး အားမရှိသလို ဖြစ်နေတယ်။ ကိုယ်လက်တွေ မသယ်ချင်၊ ဘာချင်ဖြစ်နေတယ်။ အဲဒီလိုဖြစ်ပြီး အဖေက ညနေလောက်ကျတော့ ငါအနံ့တကယ် ပျောက်နေပြီလား မသိဘူးဆိုပြီး ပြောတော့ အဲဒါဆို ကိုဗစ်များလား မသိဘူးဆိုပြီး တွေးလိုက်မိပါတယ်။ ညလည်းရောက်ရော ညီမအဖျားတွေ တက်လာတယ်။ အဖျားတက်လာတော့ ကိုဗစ်များ ကူးခံနေရပြီလားလို့ စိတ်ထဲက တွေးလိုက်တော့ ကြောက်စိတ်လည်း နည်းနည်းဖြစ်သွားတယ်။ အဲဒါနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို သွားစစ်လိုက်တော့ အဖေနဲ့အတူတူပဲ နှစ်ယောက် Positive ဖြစ်သွားတယ်။ အောက်တိုဘာ ၃၁ ရက်နေ့လောက်မှာ ဝေဘာဂီဆေးရုံကို ရောက်သွားတယ်။

 

အစီအစဉ်မှူး။ ။ ဦးကျော်သူအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တဲ့အချိန်မှာ ကာကွယ်ရေးတွေလည်း အပြည့်အစုံဝတ်ထားတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဦးအနေနဲ့ ဘယ်လိုမျိုး ခံစားချက်ဖြစ်ပေါ်လာတယ် ဆိုတာကို ပြောပြပေးပါဦး။

 

ဦးကျော်သူ။ ။ ကာကွယ်ရေးဝတ်စုံ ဝတ်ပြီးတော့ ကျွန်တော် လုပ်ကိုင်ပါတယ်။ ဒီနာရေး လမ်းကြောင်းတွေ လုပ်တယ်။ ဒါပေမယ့် အသင်းရုံး ရောက်တယ်ဆိုရင် ကျွန်တော့်အခန်းရှိတယ်။ ကျွန်တော့် အခန်းက သီးသန့်အခန်းပါ။ သီးသန့်အခန်းမှာကျတော့ ကျွန်တော် Mask ပါရင် နည်းနည်းလေး အသက်ရှူရတာ ခက်တယ်။ ကျွန်တော်က နှလုံးခွဲထားရတယ်။ နှလုံးသွေးကြော လေးချောင်းလဲထားရတယ်။ လဲထားရတဲ့အတွက် အသက်ရှူရတာ နည်းနည်းလေး အခက်အခဲဖြစ်တော့ Mask ကို ချွတ်ထားတယ်။ အဲဒီလို ချွတ်တဲ့အချိန်မှာ ဟိုကလေးက အဝင်/အထွက် ရှိတာပါ။ အဲဒီကနေ ကူးတယ်လို့ ဒီလိုပဲသတ်မှတ်ရမှာပါ။ အပြင်ကိုသွားတာ မရှိဘူး။ အိမ်နဲ့ ဒီအသင်းရုံးနဲ့ နှစ်ခုထဲ သွားတာပါ။

 

ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သံသယလေးဖြစ်တယ်။ ဒီဟာက ဘာရောဂါလက္ခဏာမှ မပြဘူး။ အနံ့ပျောက်တာ တို့၊ ဖျားတာတို့၊ ဘာတစ်ခုမှ မပြဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မသင်္ကာတာနဲ့ သွားစစ်လိုက်တာပါ။ စစ်လိုက်တော့ Positive ဖြစ်တာကို သိလိုက်ရတာနဲ့ သွားပြီ၊ ဒါဆိုရင် အိမ်တော့ ပြန်လို့မရတော့ဘူး။ ဆေးရုံ ကိုပဲသွားမယ်ဆိုပြီး ဆေးရုံကို ထွက်လာတာပါ။ ဒီမှာ ဆရာဝန်၊ ဆရာမတွေကလည်း အတော်ကို ဂရုစိုက်တယ်။

 

ကျွန်တော်တို့ ဒီဟာက စိတ်ပိုင်းဆိုင်ရာ အရေးကြီးတယ်။ ကိုဗစ်ဖြစ်ပြီဆိုပြီး စိတ်ဓာတ်တွေကျပြီး မဖြစ်သင့် တာတွေ ပိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီမှာ ကုသမှု အပိုင်းက စိတ်ဓာတ်မြှင့်တင်ရေးကိုပါ လုပ်ပေးတဲ့အတွက် ကျွန်တော် တော်တော်လေးဝမ်းသာတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ PPE ဝတ်စုံနောက်မှာ Fighting ကျော်သူ တို့၊ ဒါမျိုးလေးရေးထားတဲ့အတွက် ကျွန်တော်တို့လည်း အားတက်တယ်။ နောက်သီတင်းကျွတ် ဘာညာဆိုတော့ လည်း ဒီမှာအလှဆင်မီးလုံးတွေလာပြီး လက်ဆောင်ပေး တယ်။ ကျွန်တော်တို့ ခေါင်းရင်းမှာ ဘုရားမီးပူဇော်လို့ ရပါတယ်။ ဒါလေးတွေက ကျွန်တော်တို့ကို စိတ်ဓာတ်ခွန်အား မြင့်စေပါတယ်။

 

အစီအစဉ်မှူး ။ ။ အခုလက်ရှိကလည်း ဆေးရုံမှာပဲရှိနေသေးတာဆိုတော့ ဦးရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ပြောပြပေးပါဦး။

 

ဦးကျော်သူ ။ ။ ကျန်းမာရေးအခြေအနေက ဒီအတိုင်းပဲ အနံ့လည်း မပျောက်၊ အသက်ရှူ လည်း မဝတာတွေ မဖြစ်ဘူး။ အမြဲတမ်း အောက်ဆီမီတာ တိုင်းရင်လည်း ၉၀ အထက်ပဲ။ ၉၆၊ ၉၇ အဲဒီလိုရှိနေတယ်။ ဒီဟာက ကျွန်တော့်ကို ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ကို နားခိုင်းချင်လို့ပဲ ဆေးရုံပို့လိုက်တာလား ဒီလိုပဲ ထင်ပါတယ်။ ဒီကိုရောက်တာနဲ့ သွေးရည်ကြည်ကုထုံးနဲ့ ဆရာဝန်တွေက ဆုံးဖြတ်ပြီး ကုသပေးလိုက်ပါတယ်။ သွေးရည်ကြည် နှစ်အိတ်တော့ ထည့်ထားပြီးပါပြီ။

 

အစီအစဉ်မှူး ။ ။ ဆေးရုံမှာ အခုလက်ရှိ ကုသမှုခံယူနေတဲ့ အချိန်မှာရော ကျန်းမာရေး စောင့်ရှောက်မှုပဲဖြစ်ဖြစ်၊ အစားအသောက်၊ ဆေးဝါး ဖြစ်ဖြစ် ဘယ်လိုမျိုးအားရှိစေမယ့် အစားအစာတွေ စားရ ပါသလဲရှင့်။

 

ဦးကျော်သူ ။ ။ အစားအသောက်ကတော့ အစုံပေးပါတယ်။ ကျွန်တော့် မိတ်ဆွေအလှူရှင် အချို့က လာပို့တာတွေ ရှိပါတယ်။ တချို့က ကြက်ဥတို့၊ အချိုမပါတဲ့ ငှက်သိုက်တို့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဆီးချိုလည်း ရှိတယ်။ သွေးတိုးလည်းရှိတယ်။ နှလုံးကလည်း ခွဲထားတယ်။ အဲဒီတော့ အစား အသောက်ကို ချင့်ချိန်ပြီးစားသောက်တယ်။ အစားအသောက်အပိုင်းကလည်း အဆင်ပြေပါတယ်။ နေရထိုင်ရတာလည်း တော်တော်လေး အဆင်ပြေပါတယ်။ ဂရုစိုက်မှုလည်း ရှိပါတယ်။ တစ်ခုပါပဲ။ ကျွန်တော်က အိမ်မှာကတည်းက အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကြိုတင်မဲပေးဖို့ စာရင်းပေးထားတယ်။ အဲဒီမဲပေးဖို့ကို ဆရာဝန်ကြီးကို အကြောင်းကြားထားတယ်။ ဆရာဝန်ကြီးလည်း စီစဉ်ပေးပါတယ်။

 

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါရှင့်။ အခုမဲက ပေးပြီးသွားပြီလား။

 

ဦးကျော်သူ ။ ။ မဲက မပေးရသေးပါဘူး။ နိုဝင်ဘာလ ၅ ရက်နေ့မှာ ပေးဖို့ရှိပါတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့က အိမ်ကဖုန်းဆက်တယ်။ အိမ်ကို ရပ်ကွက်ရုံးက စာရင်းလာကောက်ပါတယ်။ နယ်ကျော်ခွင့်မရဘူးတဲ့၊ ရပ်ကွက်လူကြီးက မလာရဲဘူး။ အဲဒါနဲ့ ဆရာဝန်မကြီးကို အကြောင်းကြားတယ်။ စီစဉ်ပေးတဲ့အတွက် အခု နိုဝင်ဘာလ ၅ ရက်နေ့မှာ မဲပေးဖို့ စီစဉ်ထားပါတယ်။ ပေးရမယ့်ပုံစံက လျှို့ဝှက်မဲတော့ မဟုတ်ဘူး။

 

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နဲ့ မဲလာကောက်တဲ့သူတွေနဲ့က ထိတွေ့မှုက ရှိလို့မရပါဘူး။ မှန်ခန်းခံထားမယ်။ မှန်ခန်းထဲကနေ ကျွန်တော်တို့က ပေးချင်တဲ့ပါတီကို လက်ညှိုးထိုးပြမယ်။ သူတို့က တံဆိပ်တုံးနှိပ်ပြီး ကျွန်တော်တို့ကို ပြန်ပြမယ်။ ရပြီဆိုရင် သူစာအိတ်ထဲ ထည့်ပြီး ပုံးထဲထည့်မယ်။ အဲဒီလို အစီအစဉ်လုပ်ထားတယ်။ ကျွန်တော်ကပြောတယ်။ တချို့မဲတွေက အိတ်ထဲ ထည့်သွားတာမျိုးတွေကို ကျွန်တော်က စိုးရိမ်တော့ ဆေးရုံအုပ်ဆရာဝန်မကြီးကလည်း ပြောတယ်။ ဦးကျော်သူ ဒီကိစ္စကို မစိုးရိမ်နဲ့တဲ့။ ပုံးရှိတယ်တဲ့။ သူတို့ ဆီမှာ ပုံးမပါဘူးဆိုရင် ဆေးရုံက မဲပုံးတွေ လုပ်ထားပေးတယ်။ CCTV တွေလည်း ရှိတယ်။ ဦးကျော်သူ ဘာကို ထည့်တယ်ဆိုတာ သူတို့အားလုံး သက်သေအထောက် အထားရှိပြီးသား။ ဒီဟာတွေကို စနစ်တကျလုပ်ထားတယ်။ အဲဒီအတွက်တော့ အများကြီးဝမ်းသာတယ်။ ဆရာဝန်ကြီးတွေကို ကျေးဇူးလည်းတင်တယ်။

 

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ ဒါဆိုရင် စိတ်ချယုံကြည်စွာနဲ့ မဲပေးနိုင်တော့မှာပေါ့နော်။

 

ဦးကျော်သူ ။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။

 

အစီအစဉ်မှူး ။ ။ ဦးချမ်းငြိမ်းအောင်ရှင့်။ တချို့ဆိုရင်ကိုဗစ် ပိုးပျောက်သွားပြီ ဆိုပေမယ့် အသက်ရှူကျပ်တာတွေ၊ အနံ့ပျောက်တာတွေ ရှိတတ်တော့ ဦးအနေနဲ့ လက်ရှိကျန်းမာရေးအခြေအနေကို သိရှိလိုပါတယ်။

 

ဦးချမ်းငြိမ်းအောင် ။ ။ ၁၇ ရက်မြောက်တဲ့ နေ့မှာကျွန်တော်ဆေးရုံက ဆင်းပြီးတော့ အိမ်ပြန်ရောက်ခဲ့ပါတယ်။ အိမ်မှာ ကျွန်တော် Home Quarantine ခုနစ်ရက်နေခဲ့ပါတယ်။ နောက်ထပ် ခုနစ်ရက် ပြီးတော့ OPD မှာ လာပြန်ပြတယ်။ ဒါပေမယ့် အဲဒီဆေးရုံဆင်းပြီးတဲ့ ကာလအတွင်းမှာ စိတ်ထဲမှာထင်တာက ပိုးသတ်ဆေးတွ ေသောက်ထားလို့ နည်းနည်း အားနည်း တာမျိုး၊ ရောဂါကတော့ သက်သာတယ်။ သူ့ရဲ့ နောက်ဆက်တွဲ ဝမ်းနည်းနည်းပျက်ချင်တယ်။

 

ဒါပေမယ့် တစ်ခုကောင်းတာက ဆေးရုံမှာ တစ်ယောက်နဲ့ တစ်ယောက်၊ ဆရာမတွေ၊ ဆရာဝန်တွေအားလုံးနဲ့ ကျွန်တော်တို့က စောင့်ကြည့်ခန်းထဲကနေ အင်တာကွန်းနဲ့ လည်း ပြောလို့ရတယ်။ ဖုန်းနံပါတ်ပေးထားတဲ့အတွက် Viber ကနေ ကျွန်တော်တို့ရဲ့ လက်ရှိ ဝမ်းသွားတယ်ဆိုရင် ဝမ်းအရောင်က ဘယ်လိုရှိတယ်၊ ဓာတ်ပုံရိုက်ပြီး ပို့ပေးပါ ဆိုရင် ဓာတ်ပုံရိုက်ပို့တယ်။ ဆီးအရောင်ဆိုရင်လည်း စသည်ဖြင့် လိုအပ်ချက်အကုန်လုံးကို စစ်ပေးတယ်။ အိမ်ပြန် ရောက်တော့ ဝမ်းခဏ၊ ခဏသွားတော့ ဆရာဝန်တွေဆီပဲ Viber ကနေ ဆက်သွယ်ပြီးတော့ ပြောတယ်။ သူတို့လည်း စာနဲ့ပဲ ချက်ချင်းပြန်ပေးပါတယ်။

 

လက်ရှိအနေအထားအရ ဒီရောဂါဟာ ဆေးသောက်ထားတဲ့အတွက် ဖြစ်တတ်တာပါ။ ဝမ်းပျက်တာ မဟုတ်ပါဘူး။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါဆိုပြီး ပြောပါတယ်။ ဆင်းလာပြီး ငါးရက်လောက်က ဝမ်းနည်းနည်းသွားချင်သလို ဖြစ်တယ်။ ဆေးရုံမှာတိုက်တဲ့ Bioflour လို ဆေးမျိုးတွေ သောက်လိုက် တယ်။ အဲဒါသောက်တော့ နည်းနည်းဝမ်းသက်သာတယ်။ အဲဒီလိုနေပြီး ပုံမှန်အတိုင်းတော့ မဖြစ်သေးပါဘူး။ လှုပ်လှုပ် ရှားရှားကို နည်းနည်းပိုပြီးလုပ်လိုက်ရင် နည်းနည်းမောတယ်။

 

အမြဲတမ်းတော့ ဆေးရုံကို Viber နဲ့ လှမ်းပြီး ခဏခဏ မေးတယ်။ ဖြေလည်းပေးပါတယ်။ တရားထိုင်ပါ။ အသက်ရှူ လေ့ကျင့်ခန်းလုပ်ပါ။ နောက်ဆက်တွဲတွေကတော့ အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။ လူကောင်းကြီးတစ်ယောက်နေနဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် Recovery ဖြစ်ဖို့က အသက်ရှူလေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေ၊ အစားအသောက်တွေ၊ ဗီတာမင်ဆေးတွေ စားလိုက်ရင် အဆင်ပြေ ပါမယ်လို့ ပြောတယ်။ အဲဒီအတိုင်းလည်း လိုက်နာပြီး လုပ်ပါတယ်။

 

အခု တစ်လကျော်သွားတဲ့အခါမှာ ပြန်ပြီးအခြေအနေ တော်တော်ကောင်းလာပါတယ်။ အရင်ကဆိုရင် ဒီလောက် တောင် စကားအကြာကြီးပြောလို့မရပါဘူး။ စကားပြောရင်း နဲ့ မောလာပါတယ်။ အခုဆိုရင် တော်တော်လေး ပြောလို့ရတယ်။ အလုပ်ကလည်း မဆင်းရသေးဘူး၊ Work From Home အနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ပါတယ်။ ကုသမှုတွေ ထိရောက်မှုရှိတဲ့အတွက် ကျွန်တော်တို့လည်း ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေနေရပါတယ်။ ပြန်ပြီး တော့ Follow up ခေါ်တဲ့ ရက်တွေလည်း အချိန်မှန်မှန် သွားပါတယ်။ တော်တော်လေးတော့ ကောင်းလာပါပြီ။ မောတယ် ဆိုတာကလည်း ကျွန်တော်က အဆုတ်နည်းနည်း အားနည်းတတ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် က တီဘီ ဖြစ်ဖူးတယ်။ အဲဒီမှာ ဖြစ်ခဲ့တဲ့ ဒဏ်နဲ့ လှေကားတက်တာတို့၊ အလုပ်ကြမ်းတွေတော့ လုပ်လို့မရဘူး။ နည်းနည်းလေး မောတာပေါ့။

 

အစီအစဉ်မှူး ။ ။ အခု နိုဝင်ဘာလ ၈ ရက်ဆိုရင်ရွေးကောက်ပွဲကြီးလည်း ကျင်းပပြီ၊ ကြိုတင်မဲပေးတဲ့သူတွေလည်း ရှိတယ်ဆိုတော့ ဦးအနေနဲ့ ကြိုတင်မဲပေးဖို့ အစီအစဉ်ရှိလား၊ ၈ ရက်နေ့ရောက်တော့မှ ကိုယ်တိုင် မဲသွားပေးမှာလား ပြောပြပေးပါဦး။

 

ဦးချမ်းငြိမ်းအောင် ။ ။ မဲထည့်ပြီးပါပြီ။ ကျွန်တော်က အသက် ၆၁ နှစ်ဆိုတော့ ရပ်ကွက်က လာပြောတယ်။ တိုက်အရှေ့မှာပဲ ခုံလေးတွေ ခြောက်ပေ အကွာထားပြီး လုပ်ပေးပါတယ်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့နဲ့ ဆရာ၊ ဆရာမတွေ၊ ရပ်ကွက်က တာဝန်ရှိသူတွေက မဲကို လုံလုံခြုံခြုံနဲ့ မှန်ခန်းလိုအကာတွေလုပ်ပြီး ကျွန်တော်တို့ နာမည်ယူတယ်၊ ထည့်ရမယ့်နေရာအကုန်လုံးလုပ်တယ်။ ပြီးရင် ကျွန်တော်တို့ စိတ်တိုင်းကျ လိုချင်တဲ့ပါတီကို အဲဒီမှာ တစ်ခါတည်းနှိပ်ပြီး အိတ်ထဲကို ထည့်တယ်။ ကော်ကပ်ပေးတဲ့ အဖွဲ့လည်းရှိပါတယ်။ ကော်ကပ်ပြီး ပုံးထဲကို သေချာထည့်ပေးပါတယ်။ စိတ်ကျေနပ်မှုရှိပါတယ်။ ကျွန်တော်တို့ ရင်ထဲမှာရှိတဲ့ ပါတီတစ်ခု၊ ကိုယ်သိပ်ပေးချင်တယ်။ သွားပြီး ထည့်လိုက်ပါပြီ။

 

အစီအစဉ်မှူး ။ ။ မကြည်ပြာအနေနဲ့ အခုလက်ရှိမှာလည်း ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေတယ်။ ကိုဗစ်- ၁၉ တိုက်ဖျက်ရေးမှာလည်း တချို့ဆိုရင် သွေးရည်ကြည် လှူဒါန်းပြီး ပူးပေါင်းပါဝင်ကြတယ်ဆိုတော့ အစ်မအနေနဲ့ရော သွေးရည်ကြည် လှူဖို့ အစီအစဉ် ရှိ / မရှိ သိချင်ပါတယ်။

 

မကြည်ပြာ ။ ။ သွေးရည်ကြည်လှူမယ်လို့ ပြောထားပါတယ်။ ညီမလည်း သွေးရည်ကြည် နှစ်ထုပ်သွင်းပြီးတော့မှ ပြန်ကောင်းလာတာပါ။ စဖြစ်ဖြစ်ချင်းမှာ ဖျားတယ်။ ဖျားတဲ့အချိန်မှာ အဖျားပျောက်ဆေး ပါရာစီတမောလ် မတိုက်ဘူး။ အဖျားလည်းကျသွားရော ကျွန်မက ချောင်းဆိုး စပါတယ်။ ချောင်းဆိုးရင်းနဲ့ ပိုးက အဆုတ်ထဲ ဝင်သွားတာလားမသိဘူး တီဗွီဓာတ်မှန်ရိုက်ကြည့်လိုက်တော့ အဆုတ်မှာ တော်တော်လေးထိနေတယ်။ ဝေဘာဂီက ဆရာဝန်တွေက ကုသနည်းတွေ အများကြီးရှိတယ်။ မကြောက်နဲ့ဆိုပြီး နောက်ရက်မှာ သွေးရည်ကြည်စသွင်းပါတယ်။ နှစ်ထုပ်သွင်းရပါတယ်။ ပထမတစ်ထုပ်သွင်းပြီးတော့ မသေချာမှာစိုးလို့ နောက်တစ်ထုပ် ထပ်သွင်းပါတယ်။ အဲဒီ သွေးရည်ကြည် နှစ်ထုပ်သွင်းတဲ့ အခြေအနေမှာ ပြန်ပြီးတော့ ကောင်းလာတယ်။ ရောဂါကို တိုက်ထုတ်နိုင်လာတယ်။ အစားတွေလည်း ပိုပြီးဝင်လာတယ်။ နည်းနည်းအားပြည့် လာတဲ့အခါကျရင် လှူဖို့ စိတ်ကူး ရှိပါတယ်။

 

အစီအစဉ်မှူး ။ ။ ကြိုတင်မဲတွေလည်း ပေးလို့ရနေပြီဆိုတော့ မဲပေးဖို့ရော ဘယ်လိုစီစဉ် ထားသလဲရှင့်။

 

မကြည်ပြာ ။ ။ မဲပေးရမယ့်အချိန် နိုဝင်ဘာလ ၈ ရက်နေ့မှာ သွားပြီးပေးမှာပါ။

 

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ ကိုယ်တိုင်ပဲ သွားပေးမှာလား။

 

မကြည်ပြာ ။ ။ ကိုယ်တိုင်သွားပေးမှာပါ။

 

အစီအစဉ်မှူး ။ ။ ဦးကျော်သူအနေနဲ့ လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေ၊ ကူညီမှုအသင်း အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နေတယ်ဆိုတော့ နောက်ပိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးအစီအစဉ်မှာ ဘယ်လို တွေ ပူးပေါင်းပါဝင်သွားဖို့ရှိသလဲရှင်။

 

ဦးကျော်သူ ။ ။ ကျွန်တော်တို့အသင်းက အခု လောလောဆယ်မှာ အချို့ရပ်ကွက်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေက အကူအညီတောင်းရင် ပိုးသတ်ဆေးဖျန်းတာတွေကို ဟိုးအရင်ကတည်းက စလုပ်ခဲ့ပါတယ်။ ကိုဗစ်လူနာတွေ၊ နယ်ကလာတဲ့လူတွေ၊ ပြည်ပ ကလာတဲ့သူတွေကို ကွာရန်တင်းစင်တာတွေကို ပို့တာတွေ လုပ်ပါတယ်။ ကွာရန်တင်းစင်တာက ပြန်တဲ့သူတွေ ဒါတွေ ကို ကျွန်တော်တို့ လုပ်ပေးနေပါတယ်။

 

အခု ကျွန်တော်ကိုယ်တိုင် ကိုဗစ်လူနာဖြစ်လာတဲ့အခါ သွေးရည်ကြည်ရဲ့ ထိရောက်မှုကို တွေ့သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း သွေးရည်ကြည် နှစ်ထုပ်သွင်းထားရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာဝန်မ ကြီးကို ကျွန်တော်မေးတယ်။ ဆေးရုံကဆင်းရင် ဒီ သွေးရည်ကြည်ကို ကျွန်တော် လှူလို့ရလားဆိုတော့ ဆေးရုံ က ဆင်းဆင်းချင်းတော့ လှူလို့မရဘူး။ သူတို့က ကျန်းမာ ရေးအခြေအနေကို စောင့်ကြည့်ပြီးရနိုင်ပြီဆိုရင် လှူလို့ရပါ တယ်။ ကျွန်တော် ကိုယ့်ရဲ့သွေးနဲ့ ပြန်ပြီး ကယ်ပေးချင်တယ်။ အဲဒီဆန္ဒတော့ ရှိပါတယ်။ ကျွန်တော်ဆေးရုံက ဆင်းတဲ့ အချိန်မှာ စာရင်းပေးခဲ့မယ်။ ဒါပေမယ့် တစ်ခုရှိတာက တချို့က အသက် ၆၀ ကျော်ရင် သွေးမလှူရဘူးဆိုတာတော့ ရှိနေတယ်။ ဒီဟာနဲ့ အကျုံးဝင်တယ်ဆိုရင်တော့ ကျွန်တော် လှူခွင့်ရမှာပါ။

 

အစီအစဉ်မှူး ။ ။ အခုလက်ရှိမှာ ကွာရန်တင်းစင်တာကို ရောက်နေတဲ့သူတွေ၊ ကိုဗစ်-၁၉ သံသယရှိသူတွေနဲ့ ရောဂါခံစားနေရတဲ့သူတွေအတွက်ကို ဦးကျော်သူအနေနဲ့ အားပေးစကားလေးပြောကြားပေးပါ ဦးရှင်။

 

ဦးကျော်သူ ။ ။ ကျွန်တော်က လူနာသာ ဖြစ်သွားတယ်။ သူများတွေဖြစ်သလို အသက်ရှူကျပ် တာတို့၊ ဒီလိုမျိုးတွေ မဖြစ်ခဲ့ပါဘူး။ အဲဒီတော့ ကိုဗစ်က ကြောက်ဖို့လည်း ကောင်းတယ်။ သတိထားဖို့လည်း ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ်ပျောက် ရောဂါပိုးဖြစ်နေတယ်။ ဘယ်နေရာကနေ ဘယ်လိုဝင်လာ မယ်ဆိုတာ မသိဘူး။ အဲဒီတော့ ဘယ်လောက်ပဲ ကျန်းမာရေးလိုက်စား၊ ဘယ်လောက်ပဲ ခန္ဓာကိုယ်ထိန်းထိန်း ဖြစ်ကြတာပဲ။

 

ပြည်ပမှာဆိုရင် အိမ်ရှေ့မင်းသား ချားစ် ဖြစ်တယ်။ အမီတာဘဂျမ်းတို့တောင် ဖြစ်တယ်။ တကယ့်ကို သန့်သန့် ရှင်းရှင်းသပ်သပ်ရပ်ရပ်နေတဲ့သူတွေပါ။ အဲဒီတော့ အချိန်မရွေး ဝင်လာနိုင်တယ်။ ကိုယ့်ဘက်ကတော့ Safe Side ဖြစ်အောင် အမြဲ Cover လုပ်ထားဖို့တော့ အရေးကြီးတယ်။ Mask တို့၊ လက်အိတ်တို့ ဝတ်သင့်ရင် ဝတ်ရမယ်။ PPE ဝတ်စုံကတော့ ကျွန်တော်တို့က လူကြားထဲသွားလာနေ တော့ တောက်လျှောက်ဝတ်ရတယ်။ ပူတယ်ပြောလို့မရဘူး။ ဒီလိုဝတ်မှပဲ ကိုယ့်အတွက် Cover ဖြစ်မယ်။ ကိုယ့် ကိုယ်ကိုယ် ထိန်းသိမ်းမှ ကိုယ့်မိသားစုကို ထိန်းသိမ်းရာ ရောက်မယ်။ ကိုယ့် မိသားစုကို ထိန်းသိမ်းမှ ကိုယ့်တိုင်းပြည် ကို ထိန်းသိမ်းရာရောက်မယ်။ အဲဒီတော့ ငါ Negative ဖြစ်သွားပြီဆိုပြီး ပေါ့ပေါ့နေတဲ့သူ ပြန်ဖြစ်မှာပဲ။ ကျွန်တော်တို့ က ပေါ့ပေါ့နေလို့တော့မရဘူး။ အမြဲတမ်း သတိ၊ အသိလေး နဲ့ နေရမှာပါ။

 

အစီအစဉ်မှူး ။ ။ ဦးချမ်းငြိမ်းအောင်အနေနဲ့ အခုလက်ရှိမှာ ရောဂါခံစားနေရတဲ့သူ တွေကို အားပေးစကားနဲ့အတူ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ဘယ်လိုပူးပေါင်းပါဝင်သွားမလဲဆိုတာလေး ပြောပြပေးပါဦးရှင့်။

 

ဦးချမ်းငြိမ်းအောင် ။ ။ ကိုဗစ် - ၁၉ က တကယ်တမ်း

 

တော့ ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မကြောက်ပါနဲ့။ ကျွန်တော်တို့က လက်ရှိခံစား လာရတဲ့အတွက် လိုက်နာရမယ့် အချက်အလက်တွေကို သေချာလိုက်နာပါ။ ကိုယ်ခံအားကောင်းအောင် အစား အစာ စားမယ်။ ညွှန်ကြားချက်တွေကို အသေအချာလုပ်ပြီး သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာကအစ စနစ်တကျ နေမယ်ဆိုရင် ဒီရောဂါက ဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကူးစက်လာသူ အတော်များများက အနံ့ပျောက်ကြတယ်။ အနံ့ပျောက် တာကို လူတွေက ဘယ်လိုဖြစ်နေကြသလဲဆိုတော့ အနံ့ ပျောက်တာပဲ အိမ်မှာ နေရင်ရတာပဲ။ အိမ်မှာ ၁၅ ရက် နေပြီးရင် ကောင်းတယ် ဆိုတာမျိုးကို ခံယူပြီး အချို့က ပေါ့ပေါ့နေကြတာတွေ ရှိပါတယ်။

 

ဒီလို မနေကြပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အနံ့ပျောက် တယ်ဆိုပေမယ့် အဲဒီလူမှာ နာတာရှည်ရောဂါရှိလား၊ သွေးတိုးရှိလား၊ ဆီးချိုရှိလား အစရှိ တာတွေအပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် ကိုဗစ်က အနံ့ပျောက်ပြီး ခုနစ်ရက်မြောက်တဲ့နေ့မှာ ဒီကောင်ရဲ့ ပြဿနာက လမ်းခွဲ သွားတယ်။ ကောင်းတဲ့သူက သာမန်ဘက်ကို ရောက်ပြီး မကောင်းတဲ့ သူက ချောင်းဆိုးတယ်။ အသက်ရှူမရတော့ဘူး။ အင်္ဂလိပ်လိုအခေါ်တော့ ကျွန်တော်လည်း ဆေးဗဟု သုတအရပြောရင် Hypoxia ဆိုတာရှိတယ်။ အောက်ဆီဂျင် က ၉၅ ရဲ့အောက်ကို ကျသွားတယ်။

 

အောက်ဆီဂျင် ကျသွားပြီဆိုရင် တအားမောပြီး ဆေးရုံကို ပြေးရတယ်။ တချို့ကတော့ သွားရင်းလာရင်းနဲ့ မမီတာတို့ ကြုံရတယ်။ အဲဒါက ပေါ့ဆမှုပါ။ ကျိတ်ပြီး ကုကြတယ်။ ကျွန်တော် ပြောချင်တာက ကျိတ်မကုပါနဲ့။ အနံ့ပျောက်တယ်ဆိုလည်း အနံ့ပျောက် စင်တာတွေ ဖွင့်ထားပါတယ်။ သုဝဏ္ဏမှာလည်း ဦးဇော်ဇော်တို့လည်း ဖွင့်ထားတယ်။ အင်းလျားမှာလည်း ဖွင့်ထားတယ်။ ဆေးရုံ တွေမှာလည်းရှိတယ်။ အကြောင်းကြားပါ။ အကြောင်း ကြားပြီး ထိရောက်တဲ့ နားနေမှု၊ စားသောက်မှု၊ Life Style တွေကအစ နေပေးမယ်ဆိုရင် ဒီအနံ့ပျောက်တာက ၁၄ ရက်လောက်၊ အခုဆိုရင် ၁၁ ရက်လောက်နဲ့ ပျောက်သွားတယ်။ သက်သာသွားမှာပါ။

 

ခုနပြောတဲ့ ခြွင်းချက်အနေနဲ့ ရောဂါအခံရှိတယ်။ ဥပမာ - Asthma တို့ စသဖြင့်ရှိတယ်ဆိုရင်တော့ သတိထားနေဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို အားလုံးကိုအကြံပေးချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် လည်း တွေ့ပါတယ်။ အများကြီး ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော့်သမီးဆိုရင် ၄၂ ရက် ကြာပါတယ်။ သွေးရည်ကြည် သွင်းရတယ်။ ဆေးနည်းမျိုးစုံနဲ့ ကုပေးပါတယ်။ အကုန်လုံး ဂရုစိုက်ပါတယ်။ ကိုယ်တစ်ဦးတစ်ယောက် တည်းမဟုတ်ဘဲ အခြားသူပါ ကူးစက်နိုင်တာကို ကြည့်ပါ။ အနံ့ပျောက်တယ်ဆိုရင် သေချာ Mask အုပ်ပြီး ကိုယ့်မိသားစုအားလုံးကအစ ကင်းကင်းရှင်းရှင်းရှိအောင် ကိုယ်က ကြိုတင်ကာကွယ်ဖို့ကိုလည်း ကျွန်တော် အကြံ ပြုလိုပါတယ်။

 

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ