ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် ညမထွက်ရအမိန့် အစ္စရေးအတည်ပြု

ဂျေရုဆလင် ၈ ဒီဇင်ဘာ

 

အစ္စရေးအစိုးရသည် မကြားသေးမီက နိုင်ငံအတွင်း ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် ညမထွက်ရအမိန့်တစ်ရပ်ကို ယမန်နေ့က အတည်ပြုထောက်ခံလိုက်သည်။

 

သီတင်းပတ်သုံးပတ်ကြာ အဆိုပါအမိန့်သည် ဒီဇင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကြာမြင့်မည့် ဂျူးလူမျိုးများ၏ ပွဲတော်မတိုင်မီ ဒီဇင်ဘာ ၉ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း အစိုးရမှ ထုတ်ပြန်သည့်ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် အသွားအလာကန့်သတ်မှုများကို တင်းကျပ်ထားမည်ဖြစ်သလို ညမထွက်ရအမိန့် ချိုးဖောက်သူများကိုလည်း ပြစ်ဒဏ်တိုးမြှင့် ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသည်များကို လေဆိပ်၌ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး အကယ်၍ ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှုခံယူရန် ငြင်းဆန်သောခရီးသည်များကို ဟိုတယ်များ၌ သီးခြားစောင့်ကြည့်မှု ခံယူရမည်ဖြစ်ကြောင်း အစိုးရက ဆုံးဖြတ်ထားသည်။

 

အစ္စရေးအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ညမထွက်ရအမိန့်ကို ချမှတ်ထားသော်လည်း ပင်လယ်သေနှင့် နိုင်ငံ၏ တောင်ဘက်အီးလတ်ဆိပ်ကမ်းမြို့ရှိ ကမ္ဘာလှည့်ခရီးသည်နေရာများသည် ဆက်လက်ပြီး လုပ်ငန်းများ ပုံမှန်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းနှင့် စတင်ကြုံတွေ့နေပြီဖြစ်ရာ အမေရိကန်ဆေးဝါး ကုမ္ပဏီတစ်ခုဖြစ်သည့် Phizer ကုမ္ပဏီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။

 

အစ္စရေးအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသွားအလာကန့်သတ်မှု နှစ်ကြိမ်ချမှတ်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်မှစ၍ အသွားအလာကန့်သတ်မှုကို ဖြေလျှော့လာက စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများကို တစ်ဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်လာခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ