ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ ဗန်ဒိုက်၊ ဖာဘင်ဟိုနဲ့ ကာတစ်ဂျုံးစ်တို့ လက်စတာစီးတီးနဲ့ပွဲစဉ်မှာ လီဗာပူးအသင်းနဲ့အတူ ပြန်လည်ပါဝင်လာမည်

ဒီဇင်ဘာ  ၂၆

လီဗာပူးအသင်းရဲ့ ကစားသမားသုံးဦးဖြစ်တဲ့ ဗန်ဒိုက်၊ ဖာဘင်ဟိုနဲ့ ကာတစ်ဂျုံးစ်တို့ဟာ ဒီဇင်ဘာ ၂၈ ရက်မှာ လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်မှာ နည်းပြကလော့ရဲ့ လီဗာပူးအသင်းနဲ့အတူ ပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဗန်ဒိုက်၊ ဖာဘင်ဟိုနဲ့ ကာတစ်ဂျုံးစ်တို့ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတာကြောင့်ဒီဇင်ဘာ ၁၆ ရက်က နယူးကာဆယ်အသင်းကို လီဗာပူးအသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်ကတည်းက လီဗာပူးအသင်းနဲ့အတူပွဲထွက်ကစားနိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗန်ဒိုက်၊ ဖာဘင်ဟိုနဲ့ ကာတစ်ဂျုံးစ်တို့ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရမှုကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)မှာ အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာ ၂၆ ရက်မှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် အဲဒီပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်အပြီး ဇန်နဝါရီ ၂ ရက်မှာ ပရီမီယာလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဗန်ဒိုက်၊ ဖာဘင်ဟိုနဲ့ ကာတစ်ဂျုံးစ်တို့ ပါဝင်လာဖို့ရှိနေပေမယ့် ပြီးခဲ့တဲ့တစ်ပတ်အတွင်းက စပါးအသင်းနဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတဲ့ အသင်းရဲ့ ဘယ်နောက်ခံကစားသမား ရောဘတ်ဆန်ကတော့ လွဲချော်မှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အဲဒီပွဲစဉ်တွေအပြီးမှာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့နဲ့ ဒုတိယအကျော့ပွဲစဉ်တွေအဖြစ် ဇန်နဝါရီ ၃ ရက်နဲ့ ဇန်နဝါရီ ၁၀ ရက်တို့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးအသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားထိပ်က မန်စီးတီးအသင်းနဲ့ သုံးမှတ်အကွာ ရမှတ် စုစုပေါင်း ၄၁ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်