ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မိုးညိုမြိုနယ်အတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုးညို  ၂၃  ဧပြီ

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်း မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၇ အုပ်စုရှိပြီး အုပ်စုအလိုက် အလှည့်ကျ သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပတ္တော်အုပ်စု၊ ကရင်ချောင်အုပ်စု၊ ဆုံကုန်းအုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာ စသည့် ကျေးရွာအုပ်စုများသို့ သွားရောက်၍ တစ်ရွာဝင်တစ်ရွာထွက် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရမည့်  ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြေညာပေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုမင်း(မိုးညို)