ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ပြည်တွင်းဖြစ် Mask  အခမဲ့ဖြန့်ဝေပေးရန် ယနေ့စတင်ပြီး အခုရေ ၇၀ဝ၀ဝ ကို ပေးပို့လျှက်ရှိ

မုံရွာ ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ (၃၇)မြို့နယ်သို့ တန်ဖိုးနည်းသည့်ပြည်တွင်းဖြစ် Mask အခုရေ ၇၀ဝ၀ဝ ကို မြို့နယ်(၅)မြို့နယ်သို့ အခမဲ့အဖြစ် ယနေ့စတင် ပေးပို့ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအမှုဆောင်အရာရှိ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ပြည်သူများ Covid-19 ရောဂါ  ကာကွယ်တားဆီးစေနိုင်ရန် တန်ဖိုးနည်း Mask များကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေကနုတ်အထည်ချုပ်လုပ်ငန်း၊ နန်းနုအထည်ချုပ် လုပ်ငန်းတို့ဖြင့် ချိတ်ဆက်ပူးပေါင်း၍ နေရာ(၄)နေရာခွဲပြီး အပ်ချုပ်စက် အလုံး(၂၀ဝ)ဖြင့် ထုတ်လုပ်လျှက်ရှိကြောင်း သိရသည်။

အခုထုတ်တဲ့ တန်ဖိုးနည်း Mask တွေက လျှော်ဖွပ်ပြီး ပြန်လည်အသုံးပြုနိုင်သလို ထုတ်လုပ်ပြီး Mask တွေကို ကျန်းမာရေးဦးစီးဌာနနဲ့ချိတ်ဆက်ပြီး ပိုးသတ်တာတွေ လုပ်ဆောင်ပြီးမှ တစ်ခုကို ငွေကျပ် (၁၂၅) ကျပ်နှုန်းနဲ့ သက်ဆိုင်ရာမြို့နယ်က စည်ပင်သာယာရေးကော်မတီတွေမှာ ဝယ်ယူနိုင်အောင်လို့လည်း စီစဉ်ပေးထားမယ်၊ အခုလောလောဆယ် အခုရေ (၃၀ဝ၀ဝ၀)ကိုတော့ အခမဲ့ဖြန့်ဝေပေးမှာဖြစ်ပါတယ်၊ ပထမအသုတ်အနေနဲ့ အရေးကြီးတဲ့နေရာတွေကို ဒီကနေ့မှာစတင်ပို့ပေးနေပါပြီ ဟု စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီး အမှုဆောင်အရာရှိ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ထုတ်လုပ်သည့် ပြည်တွင်းဖြစ် တန်ဘိုးနည်း Mask အခုရေ ၇၀ဝ၀ဝ ကို အခမဲ့ဖြန့်ဝေနိုင်ရန် ယနေ့တွင် မင်းကင်းမြို့သို့ (၅၀ဝ၀)ခု၊ ကလေးမြို့သို့(၄၀ဝ၀ဝ)ခု၊ ကလေးဝမြို့သို့ (၅၀ဝ၀)ခု၊ စစ်ကိုင်းမြို့သို့ ၁၀ဝ၀ဝ ခုနှင့် တမူးမြို့သို့ (၁၀ဝ၀ဝ)ခု တို့ကို ပထမအသုတ်အဖြစ် ယနေ့တွင် စတင်ပေးပို့ခဲ့ကြောင်းနှင့် ကျန်ရှိသောမြို့နယ်များသို့လည်း ဆက်လက်ပေးပို့သွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

 

Slide1 154545