ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် စက်ရုံ၊ အလုပ်ရုံများမှ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ မရှိ ကွင်းဆင်းစစ်ဆေး

မြိတ်   ၂၉  ဧပြီ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ စက်ရုံအလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

 

“စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုမရှိအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမယ့် အချက်တွေကို လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ ကော်မတီအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သတ်မှတ်ထား တာတော့(၂)ရက် စစ်ဆေးပါ့မယ်။ (၂)ရက်အတွင်းမှာ အဖွဲ့ခွဲပြီးတော့ စက်ရုံစုစုပေါင်း (၆၇)ရုံ စစ်ဖို့ ရွေးချယ်ထား ပါတယ်”ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်း က ပြောသည်။

 

ထိုသို့စစ်ဆေးရာ၌ မြိတ်မြို့နယ်တွင် စက်ရုံအလုပ်ရုံများအား အဖွဲ့(၂)ဖွဲဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စက်ရုံ အလုပ်ရုံများတွင် လုပ်ငန်းခွင် အဝင်အထွက်အပေါက်များ၊ ထမင်းစားခန်း၊ နားနေခန်း၊ သန့်စင်ခန်း၊ လက်ဆေးရန် နေရာများတွင် ခြေနင်းဖြင့် အဖွင့်အပိတ်ပြုလုပ်ထားရှိမှု၊ ဝန်ထမ်းများ အလုပ်ဆင်းသည့်အခါ လိုက်နာဆောင်ရွက်ရမည့် တစ်ယောက်နှင့် တစ်ယောက်(၆)ပေကွာပြီး အလုပ်လုပ်ရမည့် အခန်း၊ အလုပ်ဆိုင်းများ ခွဲခြားထားရှိမှု၊ ဝန်ထမ်း၏ မိသားစုများ ကျန်းမာရေးအရေးပေါ်ဖြစ်ပါက စက်ရုံအလုပ်ရုံများမှ ကြိုတင်ပြင်ဆင်ထားရှိမှုများ စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“စက်ရုံအလုပ်ရုံတွေကို ကိုဗစ်-၁၉ ကာလမှာ လည်ပတ်လို့ရအောင် ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ထားခြင်း ရှိ မရှိအပိုင်းကို လိုက်ပြီးစစ်ဆေးနေပါတယ်။ သတ်မှတ်ထားတဲ့ ကဏ္ဍအနေနဲ့ (၃)ခုရှိပါတယ်။ ညွှန်ကြားချက်တွေကို အပြည့်အဝလိုက်နာပြီးတော့ လည်ပတ်လို့ရတဲ့ စက်ရုံတွေရှိနိုင်တယ်။ လုပ်တော့ လုပ်ထားတယ်။ အပြည့်အဝ မလုပ်ထားတဲ့စက်ရုံတွေကို ကော်မတီမှညွှန်ကြားချက်နဲ့ လိုက်နာသင့်တဲ့ အကြောင်းအရာတွေကို ရှင်းပြပြီး လည်ပတ်ရမယ့် အပိုင်းတွေရှိတယ်။ နောက်တစ်ခုက လိုက်နာမှုမရှိဘူး။ ကော်မတီအဖွဲ့သွားတဲ့ အခါမှာလည်း ဘာမှပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိတဲ့စက်ရုံကို ယာယီပိတ်သိမ်းဖို့ ကဏ္ဍ(၃)ခုနဲ့ ညွှန်ကြားချက်ထဲမှာ ပါပါတယ်”ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်ကိုအောင်  က ပြောသည်။

 

စစ်ဆေးတွေ့ရှိရာတွင် လိုအပ်ချက်များကို စက်ရုံအလုပ်ရုံများမှ ပြုပြင်ကာ လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ညွှန်ကြားချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို ပြုပြင်ဆောင်ရွက်မှုမရှိပါက ယာယီပိတ်သိမ်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့မှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)