ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာများ ပေးပို့ခြင်းအတွက် အမေရိကန်က တောင်ကိုရီးယားကို ကျေးဇူးတင်

ဆိုးလ်  ၁၆  ဧပြီ

ထောင်ပေါင်းများစွာသော ကိုဗစ်-၁၉ ရောဂါစမ်းသပ်ကိရိယာများ ပို့ဆောင်ပေးခြင်းအတွက် အမေရိကန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

တောင်ကိုရီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါစမ်းသပ်ကိရိယာများ ဝယ်ယူခွင့်ပေးခဲ့ပြီး အဆိုပါ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အမေရိကန်နိုင်ငံကို ကူညီပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စ်ပါကလည်း တောင်ကိုရီးယားနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။ တောင်ကိုရီးယား ကုမ္ပဏီသုံးခုမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာ ၆၀၁၅၀ ခုကို အမေရိကန်နိုင်ငံက ဝယ်ယူခဲ့သည်။

အဆိုပါ စမ်းသပ်ကိရိယာများကို အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနက ယာယီအတည်ပြုချက် ပေးခဲ့ပြီး ယနေ့ အမေရိကန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

ကိုးကား-အာရီယန်

ဘာသာပြန်-ကျော်ထိုက်စိုး