ကိုဗစ်-၁၉ ရောဂါ အချိန်တိုအတွင်း ထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်

mdn

နေပြည်တော် ၂၁ စက်တင်ဘာ

 

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့အထိလူပေါင်း နှစ်သိန်းကျော်ကို ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ထားရာ ပိုးတွေ့ရှိသူပေါင်း ငါးထောင်ကျော်ရှိသည်။ ၎င်းတို့အနက် တစ်ထောင်ကျော်မှာ ဆေးရုံများမှပြန်ဆင်းသွားပြီး သေဆုံးသူအနေဖြင့် ၉၂ ဦး ရှိလာသည်။ ကူးစက်မှုများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုများပြားနေခြင်းမှာ အဓိကအားဖြင့် လူဦးရေထူထပ်မှုကြောင့် ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများအား ကုသရန် ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံနှင့် အရေးပေါ် အခြေအနေဖြစ်လာပါက ကုသမှုပေးနိုင်ရန် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်အား ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံအဖြစ် ဧပြီလပိုင်း ကတည်းက ဆောင်ရွက်ထားခဲ့သည်။ ပထမအကြိမ် ကိုဗစ်ရောဂါကူးစက်မှုသည် ပြည်ပပြန်များထံမှသာတွေ့ရှိသဖြင့် ထိန်းချုပ်ထားနိုင်ခဲ့သည်။ ဒုတိယအကြိမ်တွင်မူ ပြည်တွင်းခရီးသွားလာမှုများမှတစ်ဆင့် ကူးစက်မှုများ ဖြစ်ပေါ်ခဲ့ရာ ကူးစက်မှုမြန်ဆန်သောကြောင့် ထိန်းချုပ်မှုများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။

 

ဒုတိယအကြိမ် ကူးစက်မှုများတွင် တစ်လကျော်ကာလအတွင်း ၁၀ ဆမက မြင့်တက်ခဲ့ရာ ဆေးရုံနေရာမလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာနှင့် သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်း မြက်ခင်းတုအားကစားကွင်းနေရာတွင် ယာယီဆေးရုံအဖြစ် တည်ဆောက်၍ ကူးစက်လူနာများထားရှိရန် အရေးပေါ်ဆောင်ရွက်ခဲ့ရသည်။ ထို့အတူ ရန်ကုန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီးနှင့် အင်းစိန် ဆေးရုံကြီးတို့တွင် ကိုဗစ်-၁၉ ရောဂါလူနာများ ကုသနိုင်ရန် လူလေးငါးဆယ်ဆုံယာယီဆေးရုံများ တည်ဆောက်လျက်ရှိပြီး ပုဂ္ဂလိကဆေးရုံများတွင်လည်း ကိုဗစ်-၁၉ ရောဂါ လူနာများကို လက်ခံ ကုသရန် မူအားဖြင့် သဘောတူထားကြောင်း သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ပြောင်းလဲဖြစ်ပေါ်လာသည့် အခြေအနေအပေါ်မူတည်ကာ နည်းဗျူဟာများ ပြောင်းလဲဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ရေး၊ ကိုဗစ်-၁၉ လူနာများ သေဆုံးမှုနည်းပါးစေရေးအတွက် ကုသမှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရေး၊ အသွားအလာကန့်သတ်သည့်နေရာများ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး စသည့် နည်းဗျူဟာသုံးရပ်ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။

 

ရောဂါပိုးတွေ့လူနာ များပြားလာသည်နှင့်အမျှ ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်မှု၊ ရှေ့တန်းတိုက်စစ်မှူးများဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများ ရောဂါပိုးကူးစက်ခံရမှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့်ပင် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးတက္ကသိုလ်များ၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ လူ့စွမ်းအားအရင်းအမြစ်များ ထုတ်နုတ်ကာ တာဝန်ပေးဆောင်ရွက်နေရသည်။ ။

 

“ယခုပြန်လည်ဦးမော့လာသည့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ပြန်လည်ထိန်းချုပ်နိုင်ရန်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များက ဦးဆောင်ကာဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ကပ်ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်သော ကျွမ်းကျင်မှု ပိုင်းဆိုင်ရာကိစ္စရပ်များကို မိမိတို့ဝန်ထမ်းများက ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ အဓိကဦးတည်၍ ဆောင်ရွက်ရမည့်နည်းဗျူဟာမှာ ပြည်သူများအကြား ငုပ်လျှိုးနေသည့် ရောဂါပိုးရှိသူများအား စနစ်တကျအမြန်ဆုံးဦးစားပေး ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း” ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၁၈ ရက်နေ့က ကျင်းပသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

လက်ရှိအခြေအနေတွင် ကမ္ဘာ့ကပ်ရောဂါသည် ကူးစက်မှုများ ဆက်လက်မြင့်မားနေဆဲ ဖြစ်သည်။ နိုင်ငံအလိုက် ရောဂါကူးစက်မှုကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အခြေအနေအပေါ်မူတည် ဆောင်ရွက်နေကြသည်။ မိမိတို့နိုင်ငံအနေဖြင့်လည်း နည်းဗျူဟာများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေကြသူများ၊ ပြည်သူများ တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ပါဝင်ခြင်းဖြင့် ရောဂါကူးစက်မှုများကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။      ။

 

ကြေးမုံ