ကိုဗစ်-၁၉ နှင့်အညီ လိုက်ပါပြောင်းလဲလာတဲ့ ကျွန်တော်တို့လူမှုဝန်းကျင်

  နိုဝင်ဘာ

ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ထိခိုက်မှုဖြစ်စေပါတယ်။ အများစုဟာ လူပုဂ္ဂိုလ်၊ ကုန်စည်စီးဆင်းမှု၊ ကျန်းမာရေးဘဏ္ဍာငွေ၊ ဈေးဝယ်သူရရှိရေးနဲ့ အန္တရာယ်များတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ရောယှက်နေတဲ့ ရှုပ်ထွေးမှုတွေကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။

ကြိုးစားဖြတ်သန်းရမယ်

ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း တစ်ခါမှမကြုံဖူးတဲ့ သိသာထင်ရှားဆုံး သမိုင်းကြောင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ကြိုးစားဖြတ်သန်းနေကြရပါတယ်။ စီးပွားရေးလုပ်ငန်းပုံစံဟောင်းတွေဟာ တစ်မူထူးခြားတဲ့ ပုံစံသစ်တွေနဲ့ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဝယ်ယူသုံးစွဲ သူတွေလက်ခံထားတဲ့ ဝန်ဆောင်မှုပုံစံတွေလည်း ပြောင်းလဲလာတာကို တွေ့မြင်နေကြရပါတယ်။ မျက်မှောက်ကာလနဲ့ ပတ်သက်ပြီး စီးပွားရေးပုံစံတွေ ပြောင်းလဲသွားကုန်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်များ၊ ရေနဲ့ အရေးပေါ်ဝန်ဆောင်မှုကဲ့သို့သော မရှိမဖြစ် ဝန်ဆောင်မှုတွေဟာ လိုအပ်ချက် ဆက်လက်မြင့်မားနေဦးမှာ ဖြစ်ပါတယ်။

သတိထားဖို့လိုအပ်

ကျွန်တော်တို့ဟာ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုရဲ့ နောက်ထပ်သက်ရောက်မှုအကြောင်းတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ဟာ ကိုဗစ်-၁၉အခြေအနေကို ဘယ်လိုမျိုး စီမံလုပ်ဆောင်သွားသလဲဆိုတာနဲ့ပတ်သက် ပြီးတော့လည်း စိတ်ဝင်စားဖို့လိုပါတယ်။ အနောက် ဓနသဟာယ နိုင်ငံတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကိုဗစ်-၁၉ အသုံးပိုင်းဆိုင်ရာတွေမှာ အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင် လျက်ရှိပါတယ်။

ကိုဗစ်- ၁၉ က သက်သေပြလိုက်ပြီ

ကိုဗစ်-၁၉ အကြောက်တရားတွေ အနည်းငယ် လျော့နည်းလာတာနဲ့တစ်ပြိုင်နက် နေထိုင်မှုပုံစံသစ်တွေနဲ့ အလုပ်အကိုင် ပုံစံသစ်တွေ ပေါ်ထွက်လာဦးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေ ဘယ်လိုပြန်ပြီး ဆန်းသစ်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ကျွန်တော်တို့တွေရဲ့ ကမ္ဘာအနှံ့ဖြစ်စဉ်ကို အားကောင်းသောလူမှု အရင်းရှင်စနစ် ပေါ်ပေါက်လာခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါတယ်။ ထိန်းချုပ်မှုမရှိသော လွတ်လပ်သော ဈေးကွက်ဆိုင်ရာ ကမ္ဘာအနှံ့ဖြစ်စဉ်ဟာ ကိုဗစ်-၁၉ ကြောင့် အဆုံးသတ်မဲ့အခြေအနေကို တဖြည်းဖြည်း ရောက်ရှိလာပါပြီ။ နိုင်ငံတစ်နိုင်ငံမှာ ပြဿနာတွေ ပေါ်ပေါက်လာ ခြင်းက ဒိုမီနိုသက်ရောက်မှုလိုပဲ တခြားနိုင်ငံ တွေအပေါ်လည်း သက်ရောက်လာတယ်ဆိုတာကို ကိုဗစ်-၁၉က သက်သေပြလိုက် ပါပြီ။

စီးပွားရေးစီမံခန့်ခွဲမှုတွေ ပြောင်းလဲလာ

နိုင်ငံများပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ လူပုဂ္ဂိုလ်အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံတဲ့ အပြန်အလှန်မှီခိုခြင်းနဲ့ ကောင်းမွန်တဲ့လူသား မျိုးနွယ်တွေကို အသိအမှတ်ပြုတဲ့ ကမ္ဘာအနှံ့ ဖြစ်စဉ်ပုံစံသစ်ဟာ တဖြည်းဖြည်းနဲ့ စတင် ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ အဲဒီလို ပေါ်ပေါက်လာတဲ့အတွက် ကုမ္ပဏီတွေဟာ သူတို့ရဲ့ အုပ်ချုပ်မှုဆိုင်ရာအမူအကျင့်၊ လူမှုတာဝန်များနဲ့ လူသားများရဲ့ စိတ်စေတနာအပေါ် အာရုံစူးစိုက်တဲ့ စီးပွားရေးစီမံခန့်ခွဲမှု ပုံစံတွေပြောင်းလဲလာမှာဖြစ်ပါတယ်။

ဥပဒေသစ်တွေကို အတည်ပြုပေး

နိုင်ငံအများစုဟာ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မှာ အလုပ်သမားတွေကို ကာကွယ်ဖို့ ဥပဒေသစ်တွေကို အတည်ပြုပေးမှာဖြစ်ပါတယ်။ အားကောင်းတဲ့ လူမှု အရင်းရှင်စနစ် ပေါ်ပေါက်လာတဲ့အတွက် အရင်းရှင် ပုံစံသစ်တစ်မျိုးဟာ ကုမ္ပဏီတွေရဲ့ မောင်းနှင်အားဖြစ်လာမှာ ဖြစ်ပါတယ်။ ဈေးကွက်တွေနဲ့ ဈေးကွက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေသာမက လူမှုအသိုင်းအဝိုင်းနဲ့ လူ့ဘောင်အတွက် အကျိုးပြုမယ့်အခြေအနေ တွေဟာ စီးပွားရေးမဟာဗျူဟာရဲ့ မောင်းနှင်အားတွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန်အဟုန်မြင့်လာ

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းဆိုင်ရာ အရှိန်အဟုန်မြှင့်လာခြင်းဟာလည်း လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလမှာ စီးပွားရေး ဆိုင်ရာ အသွင်ကူးပြောင်းခြင်းတွေကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကြားမှာ အခုတော့ အတော်လေး ခေတ်ရှေ့ပြေးနေပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟာ ကုမ္ပဏီတွေကို နည်းပညာတိုးတက်ရေး၊ ခေတ်မီပုံစံ၊ ဖွဲ့စည်းပုံ၊ တိုင်းတာမှုစနစ်များနဲ့ ဗိသုကာလက်ရာပုံစံ တွေကိုဖော်ဆောင်ဖို့ ပြောင်းလဲမှုခြေလှမ်းတွေ ဖြစ်ပေါ်စေပါတယ်။

ထိပ်တန်းဦးစားပေးကိစ္စတစ်ခု

အဖွဲ့အစည်းတစ်ခုဟာ ခေတ်ရှေ့ပြေး နေရင်တောင်မှ ထိပ်တန်းစီးပွားရေးခေါင်းဆောင်များအကြားမှာ အခြေခံသဘောတူညီ ချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ပြောင်းလဲမှုအတွက် ပြင်ဆင်ခြင်း၊ အန္တရာယ် ဖြစ်ပေါ်နိုင်မှုကိုတွက်ချက်ခြင်း၊ ကျဆုံးမှု၊ စီးပွားရေး နှောင့်နှေးမှုများအတွက် ပြင်ဆင်ခြင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာ ကူးပြောင်းမှု အရှိန်မြှင့်တင်ခြင်း ခရီးဟာ စီးပွားရေးကို ဆက်လက်မောင်းနှင်ဖို့၊ ထုတ်ကုန် တိုးတက်ဖို့၊ စီးပွားရေးပုံစံသစ် တွေကို မိတ်ဆက်ဖို့ ကုမ္ပဏီတွေအတွက် ထိပ်တန်းဦးစားပေး ကိစ္စရပ်တစ်ခုဖြစ်ပါ တယ်။

ရင်ပေါင်တန်းနိုင်မယ်

ကိုဗစ်-၁၉ဆိုင်ရာ စီးပွားရေးရိုက်ခတ်မှုများကြောင့် ကုမ္ပဏီများနဲ့ လူများဟာ နည်းပညာလိုအပ်ချက်မြင့်မားတဲ့ လုပ်အား ပုံစံနဲ မူဘောင်တွေကို လက်ခံရတော့မှာပဲ ဖြစ်ပါတယ်။ ဒါမှလည်း လုပ်သားအင်အား စီမံမှုတွေ၊ ငွေကြေးစီမံမှုတွေနဲ့ မတူကွဲပြားတဲ့ စွမ်းရည်တွေလည်း တိုးတက်ဖြစ်ထွန်းလာ မှာပဲဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ လူတွေကို စီမံခန့်ခွဲမှုတိုးတက်ဖို့ဆိုရင် ထူးချွန်စွမ်းရည် လိုအပ်ချက်တွေကို ဘယ်လိုထိန်းသိမ်းပြီး ဘယ်လို သင်ယူရမလဲဆိုတာ လေ့လာရမှာပဲ ဖြစ်ပါတယ်။

အဲဒီလို လိုက်ပါလုပ်ဆောင်မှသာလျှင် ပြောင်းလဲလာတဲ့ အခြေအနေတွေကို ရင်ပေါင်တန်းနိုင်မှာပဲဖြစ်သလို ရေရှည် ရှင်သန်နေထိုင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကိုလည်း ရင်ဆိုင်နိုင်မှာ ပဲဖြစ်ပါတယ်။

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ