ကိုဗစ်- ၁၉ နဲ့အတူ ယှဉ်တွဲလိုက်ပါလာတဲ့ ယမကာပြဿနာ

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ကိုဗစ်- ၁၉ ရောဂါဟာ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ပြည်သူတွေကို လပေါင်းများစွာကြာအောင် အိမ်တွင်း အောင်းနေထိုင်ရတဲ့ အခြေအနေရောက်ရှိစေခဲ့တာ အားလုံးအသိပါပဲ။ ဒီကာလအတွင်းမှာ ရှိနေတဲ့အလုပ် အကိုင်လေး ပျောက်သွားမှာကို စိုးရိမ်ပူပန်ရတဲ့သူတွေမနည်းမနောရှိသလို ကျန်းမာရေးဆိုင်ရာပြဿနာတွေ ပေါ်ပေါက်လာမှာကိုလည်း တွေးကြောက်နေသူတွေ အများအပြားရှိ ပါတယ်။

 

မြားဦးလှည့်

 

ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုက ကမ္ဘာ့ နိုင်ငံတွေ အများ အပြားမှာ နေထိုင်ကြတဲ့ ပြည်သူတွေဆီ စိတ်ဆင်းရဲ ကိုယ် ဆင်းရဲဖြစ်ရမှုတွေကို ဆောင်ယူလာချိန် တချို့လူတွေက စိတ်သက်သာရာ ရလိုဆိုပြီး အရက်၊ ဘီယာ သောက်သုံး မှုတွေဆီ မြားဦးလှည့်လာကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရဆိုရင် ကန့်သတ်စောင့်ကြည့်မှ အောက်မှာ စတင်နေထိုင်ရပြီးနေခက်ပိုင်းမှာ ဗြိတိန်နိုင်ငံသား ၂၁ ရာခိုင်နှုန်း လောက်အထိဟာ အရက်စတင်သောက်သုံးလာ ကြပြီး ကနေဒါမှာလည်း အရက်သောက်သုံးလာကြတဲ့သူအရေ အတွက်ဟာ အဲဒီနှုန်းအတိုင်းပဲလို့ ဆိုပါတယ်။

 

သို့သော်လည်း တောင်အာဖရိကနိုင်ငံမှာတော့ အစိုးရက အရက်ရောင်းချခြင်း၊ သယ်ဆောင်ခြင်းမှန်သမျှ လုံးဝတားမြစ် ပိတ်ပင်တဲ့ စည်းကမ်းသစ်တွေ ထုတ်ပြန်လိုက်ပါတယ်။ စည်းကမ်းထုတ်ပြန်ရတဲ့ အကြောင်း ကတော့ ဆေးရုံတွေမှာ အရက်သောက်သုံးခြင်းနဲ့ ဆက်နွယ်တဲ့ ရောဂါဖြစ်ပွားမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် တက်ရောက်နေတဲ့ လူနတွေ လျော့နည်းသွားရင် ကိုဗဒ်- ၁၉ ကူးစက်ခံရတဲ့လူတွေကို ကုသပေးဖို့ ဆောင်နေရာလွတ်တွေ ပိုများလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။

 

ထိုင်းနဲ့ အိန္ဒိယမှာလည်း ပိတ်ပင်

 

ကိုဗစ်- ၁၉ ကာလမှာ အရက်သောက်သုံးခြင်းနဲ့ ရောင်းချ ခြင်းကို ပိတ်ပင်တာဟာ တောင်အာဖရိကတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ကပ်ဘေးဆိုက်နေတဲ့ အတောအတွင်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာလည်း အရက်သောက်သုံးခြင်းနဲ့ ရောင်းချခြင်း ကို အစိုးရက တားမြစ်ပိတ်ပင်ထားပြီး ကင်ညာမှာဆိုရင် စားသောက်ဆိုင်တွေမှာ အရက်ရောင်းချခြင်းကို လုံးဝပိတ်ပင် ထားတယ်လို့ သိရပါတယ်။

 

တောင်အာဖရိကမှာ အရက်သောက်သုံးခြင်းကို လေးလကြာ ပိတ်ပင်ထားပြီးတဲ့နေခက် ဩဂုတ် ၁၅ ရက်က တားမြစ်ချက်ကို ဖယ်ရှားပေးလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ အရက်သောက်သုံးမှု အများဆုံးလူတွေ စုနေတဲ့ တောင် အာဖရိကနိုင်ငံမှာ အရက်မသောက်ရအမိန့်ကို ဖယ်ရှားလိုက် တာနဲ့ပတ်သက်ပြီး ကြိုဆိုလက်ခံနေကြတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

 

ရွေးချယ်စရာရှိ

 

ဒီတော့ အရက်သောက်သုံးခြင်းကို ပိတ်ပင်လိုက်တဲ့အခါ ဘာတွေသက်ရောက်မှုရှိလဲဆိုတာကို စဉ်းစားသုံးသပ်ဖို့လိုပါ တယ်။ ဩဂုတ်လ အစောပိုင်းမှာတုန်းက တောင်အာဖရိက နိုင်ငံဟာ ကမ္ဘာမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု ငါးခုမြောက် အဖြစ်အများဆုံးဖြစ်ခဲ့ပြီး ရောဂါကူးစက်မှု ပိုမိုပျံ့နှံ့လာတာနဲ့အမျှ ဆေးရုံတွေမှာ လူနာခုတင်တွေ ပိုပြီးလိုအပ်လာခဲ့ပါတယ်။ ဒီအတွက် တောင်အာဖရိကအနေနဲ့ ရွေးချယ်စရာအခြေအနေသိပ် မရှိခဲ့တဲ့အတွက် အရက်သောက်သုံးခြင်းကို ပိတ်ပင်ခဲ့တာလို့ ဆိုချင်ဆိုနိုင်ပါတယ်။

 

သို့သော်လည်းပဲ တချို့လူတွေကတော့ အရက်ရောင်းချခြင်း နဲ့ သောက်သုံးခြင်းကို ပိတ်ပင်လိုက်တာဟာ ပြဿနာကို ဖြေရှင်း တဲ့ အကောင်းဆုံးနည်းဟုတ်၊ မဟုတ်ဆိုတာကို တချို့ကလည်း သိချင်နေကြပါတယ်။ အစိုးရရဲ့ ပိတ်ပင်မှုအတွင်း အလုပ်လက်မဲ့ ဘ၀ ရောက်သွားတဲ့ အရက်ဖျော်စပ်ရောင်းချသူ ဂျိုဟန်နက်ရာ မတ်စီဟာ အခုအချိန်အထိ နောက်ထပ်အလုပ်ရှာ မရသေးပါဘူး။ သားသမီးလေးယောက်ကို ကျွေးမွေးနေရတဲ့ ၎င်းအတွက်တော့ အလုပ်ပြန်မသွားရမချင်း စိတ်ညစ်စရာဖြစ်တယ်လို့ ၎င်းက ပြောခဲ့ ပါတယ်။

 

တရားမဝင်ရောင်းချမှု ဖြစ်လာနိုင်

 

သေချာတာကတော့ ကိုဗစ်- ၁၉ ကာလမှာ အရက်၊ ဘီယာ ထုတ်လုပ်တဲ့လုပ်ငန်းတွေ အထိနာလျက် ရှိတယ်ဆိုတာပါပဲ။ အထူးသဖြင့် တောင်အာဖရိကနိုင်ငံမှာရှိကြတဲ့ ပြည်သူတစ်သန်း လောက်ဟာ အရက်၊ ဘီယာနဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေကြရတဲ့သူတွေဖြစ်သလို တောင်အာဖရိကနိုင်ငံရဲ့ စီးပွားရေးဟာဆိုရင်လည်း ဒီလုပ်ငန်းနဲ့ တစ်နည်းတစ်ဖုံလည်ပတ် နေတာဖြစ်တယ်လို့ Liquar Trader Association ရဲ့ အကြီးအကဲ ဖြစ်သူ လပ်ကီအင်န်တီမိန်းက ပြောပါတယ်။

 

တောင်အာဖရိက ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းဟာ အရက်၊ ဘီယာ လုပ်ငန်းကနေလာတာဖြစ်ပြီး အရက်၊ ဘီယာ သောက်သုံးရေတွင်း ချခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် မှောင်ခိုဈေးကွက်မှာ တရား မဝင်အရက်၊ ဘီယာရင်းချမှုတွေ ဖြစ်လာနိုင်ကြောင်ကိုလည်း ၎င်းက ထောက်ပြထားပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အဲဒီလို ပိတ်ပင်မှုတွေကြောင့် နိုင်ငံအများအပြားမှာ ပြဿနာ တွေ ရှိခဲ့ဖူးတယ်လို့ ၎င်းကဆိုပါတယ်။

 

ကျန်းမာရေးကို ထိခိုက်စေ

 

၁၉၂ဝ ပြည့်နှစ်များအတွင်းနဲ့ ၁၉၃၀ ပြည့်နှစ်များအတွင်း မက္ကဆီကန်ပြည်နယ်အချို့မှာ ကပ်ရောဂါ ကျရောက်မှု ကာလအတွင်း အရက်ဘီယာသောက်သုံးရောင်းချမှုတွေကို ယာယီကန့်သတ်ခဲ့ရာက မှောင်ခိုဈေးကွက်မှာ အဆိပ်ဖြစ်စေတဲ့  မက်သနာပါတဲ့ အရက်တွေ ဝယ်သောက်မိလို့ ပြည်သူတွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ သိရပါတယ်။

 

တရာမဝင်ရောင်ချတဲ့ အရက်တွေကြောင့် လူတွေဒုက္ခ ရောက်ခဲ့ဖူးတာရှိသလို တရားဝင်ရောင်းချနေတဲ့ အရက်ကလည်း လူကို ကောင်းကျိုးမပေးတာတော့ အမှန်ပါပဲ။ အရက်သောက် သုံးခြင်းဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးကို ဆိုးဆိုးရွား ထိခိုက်စေတဲ့ အရာတွေထဲက တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားပါတယ်။

 

နှစ်စဉ် ပြည်သူ သန်းချီ အသက်ဆုံးရှုံး

 

လူကို ကြီးကြီးမားမား ဒုက္ခပေးတဲ့ ရောဂါအမျိုးပေါင်း ၆ဝ ခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေဟာ အရက်နဲ့ ဆက်နွယ်တဲ့ ဆိုးကျိုးတွေဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဲဒီရောဂါတွေနဲ့ ထိခိုက်မှု တွေကြောင့် ပြည်သူ၄ဒသမ ၅ သန်းအထိ အသက်ဆုံးရှုံးနေရပါ တယ်။ ပြီးတော့ နှစ်စဉ်နှစ်တိုင်း ပြည်သူ ၄ဝဝဝ ကျော်ဟာ လမ်းပေါ်မှာ သေဆုံးနေရသလို တစ်ရက်အတွင်း အရက်သောက်သုံးခြင်းနဲ့ ဆက်နွယ်တဲ့ လူသတ်မှု ဖြစ်စဉ်တွေကြောင့် သေဆုံးရသူ ၆၀ လောက် အထိ ရှိတယ်လို့ သိရပါတယ်။

 

အမျိုးသမီးများ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး လေ့လာ နေသူတစ်ဦးဖြစ်တဲ့ ဘွန်ဂီဝီ အင်န်ဒွန်ဒိုက အမျိုးသမီးတွေ အနိုင်ကျင့်စော်ကားခံရမှု အများစုဟာ အရက်သောက်သုံးခြင်းနဲ့ ဆက်နွယ်နေပြီး ကိုဗစ်- ၁၉ အကျပ်အတည်းကာလအတွင်းမှာ အစိုးရက အရက်၊ ဘီယာသောက်သုံးခြင်းကို တားမြစ်ကန့်သတ် လိုက်ခြင်းတွေကြောင့်လူမှုအဖွဲ့အစည်းအတွင်း ကောင်းသော အကျိုးသက်ရောက်မှုတွေ ရှိလာခဲ့တယ်လို့ ပြောကြားခဲ့ ပါတယ်။ ။

 

ကိုးကား- ဘီဘီစီ