ကိုဗစ်-၁၉ လူနာများတွက်  ဆေးရုံသစ်ကြီး အစ္စတန်ဘူလ်မြို့တွင် ဖွင့်လှစ်

အစ္စတန်ဘူလ်   ၂၂  ဧပြီ

ကိုဗစ် -၁၉ လူနာများထားရှိရန်အတွက် ဆေးရုံသစ်ကြီးကို တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်တွင် ဧပြီ ၂၀ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ သားဖွားနှင့် မီးယပ်၊ ကလေးအထူးကု ဆေးခန်းများကိုလည်း ဘာဆက်ဆီဟာ ဆေးရုံတွင် ထားရှိသွားမည် ဖြစ်သည်။

ဘာဆက်ဆီဟာဆေးရုံကြီးကို ကိုဗစ် - ၁၉ ကုသရေး ဆေးရုံအဖြစ် အသုံးပြုခဲ့သည်။ အရေးပေါ် ကုသဆောင်တွင် ခုတင် ၁၅၅ ခုနှင့် ရိုးရိုး အဆောင်တွင် ခုတင် ၁၀၃၅ ခုထားရှိ သွားနိုင်ပြီဟု တူရကီကျန်းမာရေးဝန်ကြီး ဖာရီတင် ကိုကာက ပြောသည်။ လာမည့်လအတွင်း ရိုးရိုးကုသဆောင်တွင် ခုတင် ၂၆၈၂ ခုနှင့် အရေးပေါ်ကုသဆောင်တွင် ခုတင် ၄၅၈ ခု ထပ်မံထားရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည် ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

ဘာဆက်ဆီဟာ ဆေးရုံရှိ လူနာဆောင်များကို ကိုဗစ် -၁၉ လူနာများအတွက် ပြင်ဆင်ထားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ ထိုအချိန်တွင် တူရကီ အင်ဂျင်နီယာများကလည်း ပြည်တွင်းလုပ် အသက်ရှူ အထောက်အကူပြုကိရိယာများကို ထုတ်လုပ်ပေးခဲ့ကြောင်း၊ ယင်းကိရိယာများကို ယခုအခါ အသုံးပြုရန် အဆင်သင့် ဖြစ်နေပြီဟုလည်း အသိပေးခဲ့သည်။

ဆေးရုံဖွင့်ပွဲတွင် တူရကီ စက်မှု နှင့် နည်းပညာဝန်ကြီး မူစတာဖာဗာရန့်ကလည်း တူရကီမှ အင်ဂျင်နီယာများသည် ၁၄ ရက်တာကာလအတွင်း အသက်ရှူ အထောက်အကူပြု ကိရိယာများကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မေလကုန်တွင် တူရကီသည် အသက်ရှူ အထောက်အကူပြုကိရိယာ ၅၀၀၀ ကို ထုတ်လုပ်ပေးနိုင်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် ဧပြီ ၁၉ ရက် တွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ ၂၀၁၇ ဦးအထိ ခုန်တက်သွားခဲ့ပြီး ကူးစက်ခံရသူပေါင်း ၈၆၃၀၆ ဦးအထိ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဆင်ဟွာ