ကိုဗစ်-၁၉ လူနာများအတွက် ဉာဏ်ရည်တုနည်းပညာသုံး ပထမဆုံးဆေးရုံ ဩစတြေးလျ၌ ဖွင့်

ဆစ်ဒနီ  ၁၆  ဧပြီ

ဩစတြေးလျနိုင်ငံသည် ကိုဗစ်-၁၉ လူနာများအတွက် ဉာဏ်ရည်တုနည်းပညာသုံး ပထမဆုံးဆေးရုံကို နယူးဆောက်ဝေးလ် ပြည်နယ်တွင် စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း ဒေသန္တရရုပ်မြင်သံကြားဌာန တစ်ခုက ဗုဒ္ဓဟူးနေ့ တွင် ထုတ်လွှင့်ပြသခဲ့သည်။

နယူးဆောက်ဝေးလ်ပြည်နယ်ရှိ အာမစ်ဒေးလ်ဆေးရုံသည် ဗုဒ္ဓဟူးနေ့က စတင်စမ်းသပ်ကုသမှု ဆောင်ရွက်ခဲ့သည်။ ၎င်းဆေးရုံသည် လူနာ၏ရောဂါလက္ခဏာများကို ဆေးရုံသို့ သတင်းပို့နိုင်သည့် စောင့်ကြည့်ရေးကိရိယာ များကို ရောဂါပြင်းထန်ခြင်းမရှိသည့် ကိုဗစ်-၁၉ လူနာများ အား ဝတ်ဆင်ပေးပြီးနောက် ၎င်းလူနာများကို အိမ်သို့ ပြန်လွှတ်သည်။ ဉာဏ်ရည်တုနည်းပညာ အကူအညီဖြင့် ဆရာဝန်များ က လူနာများ၏ ကျန်းမာရေး အခြေအနေများကို အဝေးမှ စောင့်ကြည့်စစ်ဆေးနိုင်သည်။ လူနာများ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါက ၎င်းလူနာများကို ဆရာဝန်များက ဆေးရုံသို့ ပြန်ခေါ်မည်ဖြစ်သည်။

ယင်းကိရိယာသည် လူနာများ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်ပေးရသည့် ရိုးရှင်းသည့် ကိရိယာဖြစ်ကြောင်း၊ ယင်းကိရိယာသည် နှလုံးနှင့်အဆုတ်၏ လုပ်ငန်းဆောင်ရွက်နေပုံ အရေးကြီးလက္ခဏာများကို ဆေးရုံရှိ လူနာဆောင်သို့  ပို့ပေးကြောင်း၊ ထိုလူနာဆောင်တွင် ဆရာဝန်များက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ပေးကြောင်း နယူးအင်္ဂလန်တက္ကသိုလ် ဆေးပညာမဟာဌာနမှူး ပါမောက္ခ မက်ကလာရီက ချန်နယ်ဆဲဗင်းနယူးစ် ရုပ်မြင်သံကြားသို့ ပြောကြားသည်။

ယင်းစမ်းသပ်မှုများ အောင်မြင်ပါက ဆေးရုံများရှိ လူနာခုတင် အသုံးပြုရန် လိုအပ်မှုကို ရှောင်ရှားနိုင်မည်ဖြစ်၍ အလားတူဆေးရုံများ ဩစတြေးလျနိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနိုင်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ဇော်လင်း