ကိုဗစ်-၁၉ လူနာများအား သွေးရည်ကြည်ဖြင့် ကုသခြင်းနှင့်ပတ်သက်၍ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်း စဉ်များအကြောင်း သတင်းမီဒီယာများအား ရှင်းလင်းပြောကြား

ရန်ကုန် ၂၀  ဩဂုတ်

 

ကိုဗစ်-၁၉ လူနာများအား သွေးရည်ကြည်ဖြင့် ကုသခြင်းနှင့်ပတ်သက်၍ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း သတင်းမီဒီယာများအား ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဆေးသုတေသနဉီးစီးဌာန၌ ရှင်းလင်းတင်ပြခဲ့သည်။

 

အဆိုပါ ရှင်းလင်းတင်ပြပွဲအခမ်းအနားသို့ သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ လူနာများအား ကုသရေး Ad-hoc အကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခဒေါက်တာရဲမြ၊ ဆေးတက္ကသိုလ်(၁) သွေးရောဂါဌာန အငြိမ်းစားပါမောက္ခ (ဌာနမှူး) ဒေါက်တာထွန်းလွင်ငြိမ်း၊ ဆေးသုတေသနဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဇော်သန်းထွန်း၊ အမျိုးသားသွေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်၊ ဆေးတက္ကသိုလ်(၂) Tropical and Infectious disease Department ဝေဘာဂီကူးစက်ရောဂါကု ဆေးရုံကြီးမှ ပါမောက္ခဌာနမှူး ဒေါက်တာ စပယ်ဖြူတို့ တက်ရောက်ရှင်းလင်းပြောကြားခဲ့ကြသည်။

 

ရှေးဉီးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ မီဒီယာများသို့ ပေးပို့သော သတင်းစကားကို ဆေးသုတေသနဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဇော်သန်းထွန်းမှ ပြောကြားခဲ့သည်။ ထို့နောက် ကုသရေး Ad-hoc အကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခဦးရဲမြက သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ လူနာများအား ကုသခြင်းကိစ္စအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြော ကြားခဲ့သည်။

 

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧပြီလ ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါခံစားပြီး ပြန်လည်ကောင်းမွန်လာသူများ၏ သွေးရေကြည်နှင့်လက်ရှိ ဝေဒနာခံစားနေရသူများအား ကုသရန် Ad-hoc ကော်မတီတစ်ခုကို ပါမောက္ခဦးရဲမြအား ဥက္ကဌအဖြစ်ခန့်အပ်၍ အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့အနေဖြင့် ဆေးပညာအတွေ့အကြုံရင့်ကျက်မှုနှင့် နိုင်ငံတကာလေ့လာမှုများ ပေါင်းစပ်ကာ ရောဂါဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာသော အချို့သွေးရည်ကြည်အလှူရှင်များ၏ သွေးရည်ကြည်နှင့် ကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ အဖွဲ့အနေဖြင့် ကုသရေးနှင့်ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာ ခွင့်ပြုချက်ကို မေလ ၈ ရက်နေ့တွင် ရရှိခဲ့ပြီး ဝေဘာဂီဆေးရုံတွင် သွေးလှူဘဏ်ခွဲတစ်ခုကို စတင်ထူထောင်ခဲ့သည်။ ယင်းနောက် ရောဂါလက္ခဏာပြင်းထန်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူများထံမှ သွေးရည်ကြည်ကို အလှူခံခဲ့သည်။ ထို့နောက် မေလ ၂၅ ရက်နေ့မှစ၍ ရောဂါလက္ခဏာ ပြင်းထန်သော လူနာများကို ကုသပေးခဲ့ လူနာ ၈ ဦးအထိ ကုသပေးခဲ့ရကြောင်း သိရသည်။

 

ထိုသို့လူနာများအား ကုသမှုပေးခဲ့ရာတွင် သွေးရည်ကြည်တစ်မျိုးတည်းဖြင့် ကုသပေးခြင်းမဟုတ်ဘဲ အခြား ဆေးဝါးများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကြပ်မတ်ကုသခန်းများဖြင့် ပါဝင်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ကုသမှုခံယူခဲ့သော လူနာ ၈ ဦးအနက် ၄ ဦးကို ဆေးရုံမှဆင်းခွင့်ပြုပေးခဲ့ပြီး ကျန် လေးဦးမှာ ပြန်လည်ကျန်းမာလာသော်လည်း အခြေခံရောဂါများကို ဆက်လက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ 

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူလူနာများအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပါမောက္ခဦးရဲမြက “ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့လူနာကို ရောဂါပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ သူတို့ရဲ့သွေးရည်ကြည်ကို တိုင်းကြည့်မယ်။ ဒီသွေးရည်ကြည်မှာ ပဋိပစ္စည်းပမာဏများတယ်ဆိုရင် သူတို့ကို အလှူခံမှာပါ။ အဲလိုအလှူခံပြီး သိမ်းထားမယ်။ တစ်နှစ်လောက်အထိ သိမ်းထားလို့ရတယ်။ အခုတော့ မလို သေးဘူး။ မတော်တဆများ လူနာ ၁၀ ယောက်လောက်အထိ ရောက်လာခဲ့ရင် သုံးဖို့အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

 

ဆက်လက်၍ မြန်မာနိုင်ငံ၌ SARS-COV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ ပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ ဆေး သုတေသနဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဇော်သန်းထွန်းမှ သတင်းမီဒီယာများအား အသိပေး တင်ပြခဲ့သည်။

 

ဆေးသုတေသနဦးစီးဌာနသည် ဧပြီလ ၂၃ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကို မော်လီကျူးနည်းပညာ ဖြင့် ဓာတ်ခွဲစစ်ဆေးပေးခဲ့ရာ ဓာတ်ခွဲနမူနာပေါင်း ပျမ်းမျှ တစ်နေ့လျင် ၂၀၀-၃၀၀ ခန့်ကို လက်ခံစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။ ဩဂုတ်လ ၁၆ ရက်နေ့အထိ ဓာတ်ခွဲနမူနာပေါင်း နှစ်သောင်းကျော်ကို စစ်ဆေးပေးခဲ့ပြီး ပိုးတွေ့လူနာ ၁၁၀ ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့သည်။ မျိုးရိုးဗီဇတစ်ခုလုံးကို လေ့လာနိုင်ခြင်းအားဖြင့် ဗိုင်းရပ်စ်၏ ရောဂါကူးစက်ပျံ့နှံ့မှု၊ အခြားတိုင်းပြည်ဒေသများတွင် ဖြစ်ပွားသည့်ပိုးနှင့်မျိုးဗီဇဆင်တူမှု၊ ရောဂါပြင်းထန်စေနိုင်မှု ပမာဏတို့နှင့် ဗီဇဆက်နွယ်မှုများကို လေ့လာသိရှိနိုင်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဆေးသုတေသန သုတေသီများအနေဖြင့် နိုင်ငံတွင်းတွေ့ရှိသည့် SARS-COV-2 ပိုး၏ မျိုးဗီဇတစ်ခု လုံးကို စစ်ဆေးနိုင်သည့် နည်းပညာကို မေလမှစတင်ကြိုးစားခဲ့ရာ လေကြောင်းလိုင်း အခက်အခဲကြောင့် ဓာတ်ခွဲပစ္စည်းများ ရရှိမှုနှောင့်နှေးခဲ့ရသည်။

 

ဓာတ်ခွဲပစ္စည်းများ ရရှိသည်နှင့်ချက်ချင်းလေ့လာဆောင်ရွက်ခဲ့ရာ ပိုးတွေ့ဓာတ်ခွဲနမူနာများထဲမှ ဗိုင်းရပ်စ်ပိုး အရေအတွက်များသည့် နမူနာများကို ရွေးချယ်ကာ ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့သော လူနာများနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထံမှ ပိုးတွေ့ဓာတ်ခွဲနမူနာ ၁၀ ခုကို စိစစ်ကာ SARS-COV-2 ၏ မျိုးဗီဇတစ်ခု လုံးကို အဆင့်မြင့်မျိုးဗီဇစစ်ဆေးစက်ဖြင့် လေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဗိုင်းရပ်စ်၏ မျိုးဗီဇတစ်ခုလုံးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် နိုင်ငံတကာအသိအမှတ်ပြု (US NCB/ NIH) database တွင် တင်သွင်းကာ  စိစစ်မှုခံယူနိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ခွဲနမူနာ ၁၀ ခု  စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်း ရောဂါပိုးဇီဝမျိုးကွဲများ ဝင်ရောက်ခဲ့ကြောင်း သိရှိရပြီး ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့သော ဓာတ်ခွဲနမူနာ ငါးခုအနက် တစ်ခုတွင်သာ G614 ဗီဇပြောင်းလဲမှုတွေ့ရှိ သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားခြင်းမရှိခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။ သိုသော် ပြည်ပမှ ပြန်ရောက်လာသူများထံမှရသည့် ဓာတ်ခွဲနမူနာ ၅ ခုလုံးတွင် G614 ဗီဇပြောင်းလဲမှုကို တွေ့ရှိခြင်းကြောင့် ထိုကူးစက်မှုမြန်သည့် ပိုးအမျိုးအစားများမှ ပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ်လာပါက ဒုတိယလှိုင်းဖြစ်နိုင်ချေ ရှိသည်ကို အထူးသတိပြုရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း