ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်းများ ဆောင်ရွက်

ပုသိမ် ၂၇ ဇွန် 

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ဆောင်ရွက်ခဲ့သည်။

 

ဂုဏ်ပြုပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ဓမ္မရံသီမိုးကုတ်ဝိပဿနာရိပ်သာ၌ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိပြီး ရိပ်သာကျောင်းတိုက်ရှိ ဆရာတော်ဘဒ္ဒန္တသုနန္ဒအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်သည်။ ထို့နောက် Quarantine ဝင်နေရသူများအတွက် အစားအသောက်များ ချက်ပြုတ်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံပေးအပ်ပြီး စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၆၅) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၂၆) ဦး၊ အသက် (၆၀)နှင့်အထက် သက်ကြီး ရွယ်အို (၅၄) ဦး၊ မသန်စွမ်းသူ (၁) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၄၃၈၀၀၀၀) ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ပုသိမ်ပညာရေးကောလိပ်နှင့် တက္ကသိုလ်တို့၌ Quarantine Center များအဖြစ် ဖွင့်လှစ်ထားသည့်နေရာတွင် စေတနာ့ဝန်ထမ်းကိုယ်စားလှယ်၊ ပရဟိတကိုယ်စားလှယ်တို့နှင့် တွေ့ဆုံစဉ် ဤကာလတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းတွေ့ဆုံ၍ အခမ်းအနားဖြင့် ဂုဏ်ပြုခြင်းများ ဆောင်ရွက်၍မရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ Quarantine Center များအရှေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ်များကတစ်ဆင့် တိုင်းဒေသကြီးတစ်ခုလုံးအတွက် လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသူများ အားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ ပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်နှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။

 

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၇၉) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၇၄) ဦး၊ အသက် (၆၀) နှင့်အထက် သက်ကြီးရွယ်အို (၃၃) ဦးနှင့် မသန်စွမ်းသူ (၄) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၅၇၀၀၀၀၀) ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူထံသို့ ပေးအပ်သည်။

 

ယနေ့ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း (၄၆၅၇) ဦး၊ ပရဟိတအဖွဲ့ (၂၂၄) ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်း (၉၉၃၆) ဦး၊ ပရဟိတအဖွဲ့ (၁၇၇) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။ 

 

စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းများရှိပါကလည်း စိစစ်၍ မြို့နယ် စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများမှတစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက်ရှိပြီး ကျန်ရှိသည့် တိုင်းဒေသကြီး၊  ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

ယနေ့ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေးလိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်