ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ဒုတိယသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာ

ရီယိုဒီဂျနေးရိုး   ၅  နိုဝင်ဘာ

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁၁၈၄၃ ဦးနှင့် သေဆုံးလူနာ ၂၄၃ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်က အတည်ပြုဖော်ပြမှုနှင့်အတူ နိုင်ငံတစ်ဝန်း စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက်သည် ၅၅၆၆၀၄၉ ဦးအထိ ရောက်ရှိလာပြီး သေဆုံးသူအရေအတွက် စုစုပေါင်းသည်လည်း ၁၆၀၄၉၆ ဦး အထိတိုးလာကာ ကမ္ဘာ့ဒုတိယသေဆုံးမှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းပြည်နယ်ဖြစ်သော ဆော်ပိုလိုပြည်နယ်သည် နိုင်ငံအတွင်း လူဦးရေအထူထပ် ဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံးခံစားခဲ့ရကာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၁၁၈၅၄၄ ဦးရှိပြီး သေဆုံးသူ ၃၉၃၆၄ ဦး ရှိသည်။

ဆော်ပိုလိုပြည်နယ်ပြီးနောက် နိုင်ငံအတွင်း ဒုတိယ ကိုဗစ်၁၉ ကူးစက်မှုအများဆုံးပြည်နယ်မှာ ရီယိုဒီဂျနေးရိုး ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ၃၁၃၀၈၉ ဦးရှိကာ သေဆုံး သူ ၂၀၆၅၁ ဦးရှိသည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်းနှင့် သေဆုံးမှု နှုန်းကျဆင်းလာခဲ့သည်။

ယင်းအခြေအနေကြောင့် ရီယိုဒီဂျနေးရိုးမြို့တော်ဝန်ရုံးက လမ်းဘေးဈေးရောင်းခြင်းများနှင့် ကမ်းခြေများသို့ အပန်းဖြေသွားလာခြင်းနှင့်ဆိုင်သော ကန့်သတ်တားမြစ်ချက်များကို ဖယ်ရှားပေးကြောင်း ကြေညာလိုက်သည်။

ထို့အပြင် မြို့တော်ဝန်ရုံးက ပုဂ္ဂလိကကျောင်းများနှင့် မူကြိုကျောင်းများကိုဖွင့်လှစ်ကြောင်း ကြေညာလိုက်သလို အစိုးရကျောင်းများကိုလည်းဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်။

ယခုအချိန်အထိ ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့သေဆုံးသူအရေအတွက် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွင် အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံပြီးလျှင် တတိယအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဆင်ဟွာ