နေပြည်တော်၊ ၂၉ ဒီဇင်ဘာ
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အကြား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်မှု အခြေအနေအရ ကျောင်းများ အဆင်သင့်ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံ၌ ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာမတွေ့ရှိမီ အခြေခံပညာ စာမေးပွဲများနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်၌ ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ စစ်ဆေးအတည်ပြုခဲ့သဖြင့် တက္ကသိုလ်များအားလုံး၏ ပထမ ပညာသင်နှစ်ဝက် စာမေးပွဲများကို သက်ဆိုင်ရာတက္ကသိုလ် ပညာရေးအဖွဲ့များ၏ ဆုံးဖြတ်ချက်ဖြင့် ရပ်နားခဲ့ပါကြောင်း၊ မေလနှင့် ဇွန်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သဖြင့် အောင်စာရင်းများကို ဇူလိုင်လတွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်းနှင့် အမှတ်စာရင်းများနှင့် ဝင်ခွင့်လျှောက်လွှာများကို ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်းကို တည်ထောင်ခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လများတွင် သင်ရိုးသစ် စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်း ကျောင်းသုံးဖတ်စာအုပ်များ အသုံးပြု သင်ကြားသင်ယူနိုင်ရန် ဆရာ ဆရာမများအားလုံးကို MDEP အသုံးပြု၍ အွန်လိုင်းသင်တန်း (၅)ရက်နှင့် စာသင်ခန်းတွင်း (၅) ရက် သင်တန်းတို့ကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ်များတွင် မဟာသင်တန်းများနှင့် ပါရဂူသင်တန်းများကို အွန်လိုင်းသင်တန်းများအဖြစ် စီစဉ်၍ သင်ကြားသင်ယူခြင်း၊ ကျမ်းကြီးကြပ်ခြင်းနှင့် ကျမ်းစစ်ဆေးအကဲ ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
အထက်တန်းကျောင်း စုစုပေါင်း ၇၁၇၃ ကျောင်းရှိသည့်အနက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မိဘဆရာ အသင်းနှင့် တိုင်းရင်းသားပြည်သူများ ပူးပေါင်း၍ အချက် ၈၀ ပါဝင်သော လေ့လာဆန်းစစ် အကဲဖြတ်ပုံစံဖြင့် စစ်ဆေးအကဲဖြတ်ကာ ၆၅၂၆ ကျောင်းကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့ပါကြောင်း၊ သို့သော် ဩဂုတ် ၂၈ ရက်တွင် ပြည်တွင်းကူး စက်မှုမြင့်မားလာသဖြင့် ကျောင်းများအားလုံးကို ပြန်လည်ပိတ်ခဲ့ပါကြောင်း၊ ကျောင်းဖွင့်စဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျ စက္ကန့် ၂၀ ကြာ လက်ဆေးရန် ဖြည့်ဆည်းအသုံးပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာခြား၍ သင်ကြားသင်ယူခြင်း၊ အဖုံးပါသော အမှိုက်ပုံးအသုံးပြုစေခြင်း၊ သန့်စင်ခန်းများ ဖြည့်ဆည်းခြင်း၊ စာသင်ခန်း တစ်ခန်းလျှင် ၂၀ စီဖြင့်သာ တစ်ချိန်ကျောင်း၊ တစ်ပတ်ခြားကျောင်း၊ တစ်ပတ်ခြား ၂ သုတ် တက်ကျောင်း၊ တစ်ပတ်ခြား ၂ သုတ် ၃ ရက်တက်ကျောင်း စသည်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ကျောင်းဖွင့်ခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လ အထိကာလတွင် ကျောင်းများ၌ ကူးစက်ပြန့်ပွားမှု လုံးဝမဖြစ်ပေါ်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းဖွင့်ရန်နှင့် ကျောင်းဖွင့်စဉ်ကာလအတွင်း စနစ်တကျ ပူးပေါင်းစီစဉ်ဖြည့်ဆည်း၍ ဆောင်ရွက်ပေးခဲ့သည့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း။
ယခုအခါတွင် သင်ယူမှုမဆုံးရှုံးစေရေးအတွက် အခြေခံပညာကျောင်းသင်ခန်းစာများကို မြန်မာ့ပညာရေးရုပ်သံအစီအစဉ်တွင် နေ့စဉ် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီကြာ အစီအစဉ် ဖြင့်လည်းကောင်း၊ MRTV တွင်လည်းကောင်း၊ FM Radio များတွင်လည်းကောင်း နေ့စဉ် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) တွင်လည်း အခြေခံပညာကဏ္ဍဆိုင်ရာ ကျောင်းသုံးဖတ်စာအုပ်များ၊ ဒီဂျစ်တယ် သင်ခန်းစာများကို အလွယ်တကူ Download ပြုလုပ်နိုင်ရန် စီစဉ်ပေးထားပါကြောင်း၊ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာ၊ အဆင့်မြင့်ပညာ ဆရာ ဆရာမများအား သင်ယူမှုစီမံခန့်ခွဲရေးစနစ်နှင့် သင်ကြားသင် ယူမှုနည်းလမ်းများဆိုင်ရာ သင်တန်းပေးခြင်း၊ ဒီဂျစ်တယ်သင်ခန်းစာများ ပြုစုနိုင်ရန် အားပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ရိုးသစ် ပဉ္စမတန်း၊ အဋ္ဌမတန်း၊ ဧကဒသမတန်း ကျောင်းသုံးဖတ်စာအုပ်အသစ်များအတွက် သင်ကြားသင်ယူမှုနည်းလမ်းသင်တန်းများ စီစဉ်ဆောင်ရွက်ရန်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများအား လျှောက်လွှာများဖြန့်ဝေ၍ ဝင်ခွင့်ရွေးချယ်ရေးလုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လျှောက်လွှာတင်သွင်းခြင်းလုပ်ငန်းကို ဆက်လက်စီစဉ် ဆောင်ရွက်ရန်ရှိပါကြောင်း။
နည်းပညာအထက်တန်းကျောင်းနှင့် စက်မှုလက်မှုသိပ္ပံ စုစုပေါင်း (၇၀) ရှိပါကြောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း၌ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System - LMS) စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါကြောင်း၊ ယင်းအစီအစဉ်၌ အထူးပြု ဘာသာရပ် (၉) ခုနှင့် သက်ဆိုင်ရာဗီဒီယိုများ အပါအဝင် စုစုပေါင်းဗီဒီယို (၄၁) ခု ပါဝင်ပြီး သက်ဆိုင်ရာဗီဒီယိုအလိုက် ဉာဏ်စမ်းမေးခွန်းများ ထည့်သွင်းထားရှိသဖြင့် လေ့လာသင်ယူသူများအနေဖြင့် များစွာအကျိုး ကျေးဇူးရရှိနိုင်မည် ဖြစ်ပါကြောင်း။
အဝေးသင်တက္ကသိုလ်များ၏ အောင်စာရင်းများအားလုံးကို ထုတ်ပြန်နိုင်ခဲ့သော်လည်း ကျောင်းအပ်နှံခြင်းလုပ်ငန်းများနှင့် သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေခြင်းလုပ်ငန်းများကိုမူ အဆင်သင့် ကြိုတင်ပြင်ဆင်စီစဉ် ဆောင်ရွက်ထားရှိပါကြောင်း၊ အဆင့်မြင့်ပညာ ဆရာ ဆရာမများကိုလည်း သင်ယူမှုစီမံခန့်ခွဲရေးစနစ်နှင့် သင်ကြားသင်ယူမှုနည်းလမ်းများဆိုင်ရာ သင်တန်းပေးခြင်း၊ ဒီဂျစ်တယ် သင်ခန်းစာများ ပြုစုနိုင်ရန် အားပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အွန်လိုင်းသင် တန်းများဖြစ်သည့် အွန်လိုင်းကွန်ပျူတာသင်တန်းများ၊ အွန်လိုင်းဥပဒေ သင်တန်းများ၊ အွန်လိုင်းစီးပွားရေးနှင့် စီမံခန့်ခွဲရေးသင်တန်းများ၊ အွန်လိုင်းအင်္ဂလိပ်စာသင်တန်းများ၊ အွန်လိုင်းနိုင်ငံခြားဘာသာစကား သင်တန်းများ၊ အမျိုးသား အိုးပင်းတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းရင်းသားဒေသများကို ဦးစားပေး၍ ဒီဂျစ်တယ်နည်းပညာအသုံးပြုသင်ယူမှု၊ စာသင်ခန်းတွင်း လက်တွေ့သင်ယူမှု၊ ပေါင်းစပ်သင်ယူမှုတို့ကို လက်တွေ့ထိရောက် အကျိုးရှိစွာ အသုံးပြုပြီး IQ နှင့် EQ အပါအဝင် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်လျက် တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများကို ဆက်လက် ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်တားဆီးကာကွယ်မှု အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် လေ့လာဆန်းစစ်အကဲဖြတ်ပုံစံများ ပြင်ဆင်ပြုစုပြီး အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းစုစုပေါင်း (ဘက၊ ကိုယ်ပိုင် အပါအဝင်) ၅၀၅၂၉ ကျောင်း၊ နည်းပညာအထက်တန်းကျောင်းနှင့် စက်မှုလက်မှုသိပ္ပံ စုစုပေါင်း (၇၀) ကျောင်း၊ ပညာရေးဒီဂရီကောလိပ် (၂၅)ကျောင်း PPTT နှင့် ပညာရေးတက္ကသိုလ် (၂)ကျောင်း၊ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ရန်ကုန်တက္ကသိုလ်နှင့် (၁၅)ကျောင်း၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ၊ အဝေးသင်တက္ကသိုလ်များတို့ကို အဆင်သင့် ဖြစ်နေစေရန် ဆက်စပ်ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများ၊ တိုင်းရင်းသားပြည်သူများနှင့် ဆက်လက်ပူးပေါင်းကာ စစ်ဆေးအကဲဖြတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စာသင်ကျောင်းများနှင့် တက္ကသိုလ်များ မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ဆိုသည့် အချက်သည် ပြည်သူများ၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု အတိုင်းအတာအပေါ် မူတည်နေပါကြောင်း၊ ယခုလတ်တလောအခြေအနေတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် အနည်းငယ် လျော့လာသော်လည်း ပေါ့ဆ၍ (လုံးဝ) မရဘဲ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန်မပြတ်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ယခုလက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် အနည်းငယ်လျော့လာသည့်တိုင် ပြည်သူလူထုထဲတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများရှိနေခြင်းကြောင့် တိတ်တဆိတ် ကူးစက်ပြန့်ပွားမှုများရှိနေနိုင်၍ အမှန်တကယ်လျော့ကျခြင်း ရှိ၊ မရှိကို မိမိတို့ သုံးသပ်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်းသာ ဖြေလျော့သွားမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများသည် နေရာစုံမှ ကျောင်းသား/ကျောင်းသူများ လာရောက်စုဝေးသည့် နေရာ၊ တစ်ဦးနှင့်တစ်ဦးအချိန် ကြာမြင့်စွာ ထိတွေ့သည့်နေရာများ ဖြစ်ပါသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများကို အတိအကျလိုက်နာရန် အထူးအရေးကြီးပါကြောင်း။
စာသင်ကျောင်းများဖွင့်လှစ်ပြီးပါက ပြန်လည်မပိတ်ရစေရန် မိမိတို့အားလုံး စနစ်တကျ ခိုင်မာစွာပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ တို့ကိုလည်းကောင်း ကျောင်းသား ကျောင်းသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုလည်းကောင်း အမြဲတမ်းစနစ်တကျတပ်ဆင်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းကို အမြဲတမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အချင်းချင်း အနီးကပ်စုဝေးစကားပြောဆိုခြင်းနှင့် မျက်နှာချင်းဆိုင်စားသောက်ခြင်း စသည့် ရောဂါကူးစက်စေနိုင်သည့် အပြုအမူမျိုးကို လုံးဝရှောင်ရှားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းတက်ချိန်တွင်သာမက ကျောင်းလာချိန်၊ ကျောင်းဆင်းချိန်နှင့် အိမ်တွင်နေထိုင်စဉ်တို့တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများလိုက်နာရန် အရေးကြီးပါကြောင်း၊ ကျောင်းမှ သိရှိလာသော ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အကြောင်းအချက်များအား အိမ်ရှိမိသားစု များအား တစ်ဆင့်ပြန်လည် ပညာပေးခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စွဲမြဲစွာသိရှိစေရေးအတွက် ကျောင်းတိုင်းတွင် ဆရာများ၊ ကျောင်းအုပ်များနှင့် မိဘဆရာ အသင်းများက လိုက်နာကြရမည့်စည်းကမ်းချက်များကို ဖြန့်ဝေပေးရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကလည်း ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အကြောင်းအရာများကို (၂) မိနစ်၊ (၃) မိနစ်ခန့်အချိန်ယူကာ မိမိတို့ အတန်းတွင်း၌ ပြောကြားခြင်းကိုလည်း အလှည့်ကျပုံစံဖြင့် နေ့စဉ်ဆောင်ရွက်စေလိုပါကြောင်း၊ ပြောဆိုရမည့်အချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရေးသားပြုစုပြီးဖြစ်ကာ ပညာရေးဝန်ကြီးဌာနမှ တစ်ပြည်လုံးရှိ စာသင်ကျောင်းများသို့ ဖြန့်ဝေပေးစေလိုပါကြောင်း၊ ကျောင်းများမဖွင့်လှစ်မီတွင် ဆရာ ဆရာမများအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကာကွယ်ရေးနည်းလမ်းများနှင့် အခြားသောကျန်းမာရေးအသိပညာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်တို့မှတစ်ဆင့် ဖတ်ရှုလေ့လာစေလိုပါကြောင်း။
ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက်သော ရောဂါဖြစ်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများရှိနေခြင်းနှင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုများရှိနေခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါသည် ရာသီတုပ်ကွေး ရောဂါကဲ့သို့ပင် ဖြစ်ပွားမှု အနည်း/အများနှင့် ရောဂါအပြင်း/ အပျော့သာ ကွာခြားပြီး ကမ္ဘာပေါ်တွင် လပေါင်းများစွာ ဆက်လက်ကူးစက်ဖြစ်ပွားနေမည် ဖြစ်သည်ဆိုသည့် အချက်ကို ကျောင်းသား/သူတိုင်း၊ ဆရာ/မတိုင်း၊ ကျောင်းအုပ်ကြီးတိုင်း သိရှိကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် ကလေးနှင့် လူငယ်များ ပညာသင်ကြားခွင့်များ ဆုံးရှုံးနောက်ကျရခြင်းမရှိစေရန် မိဘပြည်သူများအားလုံးက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာလိုက်နာကြမှသာလျှင် စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း မဖွင့်ဘဲ ရောဂါဖြစ်ပွားမှုနည်းသည့် မြို့နယ်များ၊ လူဦးရေနည်းသည့် နေရာများ၊ ရွှေ့ပြောင်းနေထိုင်သူနည်းသည့် နေရာများမှစ၍ အဆင့်လိုက် အဆင့်လိုက် စတင်ဖွင့်လှစ်ရန် အကဲဖြတ် ဆန်းစစ်မှုပုံစံများဖြင့် ဆန်းစစ်သုံးသပ်ပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့်ပတ်သက်၍ နေရာဒေသအလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ၊ ကူးစက်ပျံ့နှံ့မှုအရှိန်အဟုန်၊ ကူးစက် ပျံ့နှံ့မှုနေရာဒေသ၊ မြို့နယ်အရေအတွက်၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုပမာဏတို့ကို သုံးသပ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်ကိစ္စကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အဆုံးအဖြတ်ကို ရယူမည်ဖြစ်ပါကြောင်း။
တစ်ချိန်တည်း၌ အိမ်နီးချင်းနှင့် အခြားနိုင်ငံများ၏ ကိုဗစ်-၁၉ ဖြစ်ပွားမှု၊ ကူးစက်မှု ပြန်လည်ဦးထောင်လာသည်တို့ကိုလည်း စဉ်းစားသုံးသပ်သတိပြုရမည် ဖြစ်ပါကြောင်း၊ ယခုအခါ ယူကေနိုင်ငံနှင့် ဥရောပနိုင်ငံအချို့တွင် ကူးစက်မှု ပိုမိုမြန်ဆန်သည့် ဗီဇပြောင်း မျိုးကွဲ (COVID-19 ကို ဖြစ်ပွားစေသော SARS-CoV-2) ဗိုင်းရပ်စ်ပိုးအသစ်များ ထွက်ပေါ်နေပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇကို ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးကြည့်ခဲ့ရာ အဆိုပါဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်ပိုးကို မတွေ့ရှိရပါကြောင်း။
အဓိကအနေဖြင့် စာသင်ကျောင်းများ စဖွင့်သည့်အချိန်တွင် အကဲဖြတ်ဆန်းစစ်မှုပုံစံ (Checklist) များဖြင့် စောင့်ကြပ်ကြည့်ရှုအကဲဖြတ်ခြင်းကို မည်သူကဆောင်ရွက်မည်၊ မည်သည့်ပုံစံဖြင့် ဆောင်ရွက်မည်နှင့် တွေ့ရှိချက်များကို မည်သူကသုံးသပ်ပြီး မည်သို့ဆုံးဖြတ်မည်တို့ကို ပီပြင်တိကျသော မူဘောင်ချမှတ်ထားရန်နှင့် လုပ်ငန်းတာဝန်ခွဲဝေ သတ်မှတ်ထားရန် အထူးလိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် လွန်စွာအရေးကြီးသည့် ပညာရေးကဏ္ဍအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပြန်လည်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် နေရာဒေသများတွင် စာသင်ကျောင်းများကို ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ချိန်၌လည်း "ကိုဗစ်-၁၉ ကင်းစင်ကျောင်း" များဖြစ်စေရေးအတွက် ဆရာ၊ မိဘနှင့် ကျောင်းသားများ အားလုံးက စဉ်ဆက်မပြတ် စည်းကမ်းလိုက်နာခြင်း၊ စည်းကမ်းလိုက်နာမှုအခြေအနေများကို မြို့နယ်အသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများက စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မည်သည့်နိုင်ငံကမျှ တစ်ထစ်ချခန့်မှန်းတွက်ဆ၍ မရပါကြောင်း၊ ထိုသို့ တစ်ထစ်ချတွက်ဆ၍မရသော ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများကို တုံ့ပြန်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများထက် ဖြစ်စဉ်ဖြစ်ရပ်အလိုက် အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ဆုံးဖြတ်ချက်ချဆောင်ရွက်ခြင်းသည် အရေးကြီးပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ယခင်က ထုတ်ဝေထားခဲ့သော လုပ်ငန်းလမ်းညွှန်များ၊ အကဲဖြတ်ပုံစံများနှင့် စောင့်ကြည့်အကဲဖြတ်မှုပုံစံများကို ရောဂါကူးစက်မှုဆိုင်ရာ နောက်ဆုံးတွေ့ရှိချက်များ၊ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများအပါအဝင် ပြောင်းလဲနေသော အခြေအနေအရပ်ရပ်နှင့်အညီ မွမ်းမံပြင်ဆင်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကျောင်းများအဆင့်လိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော အကြံပြုချက်များ ပံ့ပိုးပေးခြင်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် အပြည့်အဝပူးပေါင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


