ကိုဗစ်-၁၉  ကပ်ရောဂါကာလ ဒေသတွင်းသွားလာမှု ကန့်သတ်ချက်များကြောင့် ပျားတောင်သူများ အခက်ခဲဖြစ်နေ

မန္တလေး ၁ နိုဝင်ဘာ

ကိုဗစ်-၁၉  ရောဂါထိန်းချုပ်မှု ဒေသတွင်းသွားလာမှု ကန့်သတ်ချက်များကြောင့် ပျားတောင်သူများ ပျားရည်မရောင်းချရသဖြင့် သိုလှောင်စရာပင်မရှိတော့ အခက်အခဲဖြစ်နေကြောင်း ပျားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ ပျားရည်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ရာမှ ယခု အောက်တိုဘာလမှာ ပျားရည် ထုတ်လုပ်သည့်ရာသီတွင် ပျားရည်အများဆုံးထွက်ရှိသည့်အချိန်တွင် ကိုဗစ်-၁၉ ကာလ သွားလာမှုကန့်သတ်ချက်များကြောင့် ပျားရည်အ၀ယ်တော်များ ကွင်းဆင်းမ၀ယ်ယူနိုင်ဖြစ်နေတာကြောင့် ပျားရည်စျေးကွက်မှာ ကျဆင်းသွားကြောင်းနှင့် ပျားပုံးချသည့် စိုက်ခင်းရှင်များကို ပျားပုံးချခပေးရန် အခက်အခဲဖြစ်လာကြောင်း ဘုတလင်မြို့နယ် ပျားလုပ်ငန်း ဒုတိယ လက်ထောက်ဦးစီးမှူး  ကိုနိုင်လင်းအောင် က ပြောသည်။

ဘုတလင်မြို့နယ် ပျားလုပ်ငန်းဦးစီးမှူး ဦးညွှန့်ဝင်းက "ကုမ္ပဏီတွေက ဝယ်ပေးနိုင်ရင် ပျားသမားတွေအတွက် ထည့်စရာလည်း အဆင်ပြေသွားမယ်။ နောက် ရွေ့ပြောင်းဖို့လည်း စရိတ်အဆင်ပြေသွားပါမယ်။ ပျားဌာနအနေနဲ့ကလည်း အများကြီး ဝယ်မပေးနိုင်ဘူး။ ကြီးကြပ်ပေးတာပဲ လုပ်ပေးနိုင်တာပါ။ လက်ရှိမှာတော့ ပျားတောင်သူအများစု အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်"ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပျားရည်ထုတ်လုပ်ခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်များမှာ အဓိက လုပ်ကိုင်ကြသည်။

ဖြိုးအိ