ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ဟိုင်းကြီးကျွန်း ဒေသခံများ စုပေါင်းတည်ဆောက်

ဟိုင်းကြီးကျွန်း   ၁၄    ဧပြီ  

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့သို့ ကုန်းလမ်းမှ လာရောက်နိုင်သည့် အမှတ်(၃)ရပ်ကွက် ဧရိယာအတွင်းတည်ရှိသော မြို့အဝင်တံတားအနီးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များဆောင်ရွက်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေသခံများ စုပေါင်းဆောက် လုပ်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပျံ့နှံ့မှု တဖြည်းဖြည်းမြင့်တက်လာရာက ဒေသခံလူထုအကြား စိုးရိမ်မှုမြင့်တက်လာကာ ၎င်းစစ်ဆေးရေးဂိတ်ကို ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၃)ရပ်ကွက်ရှိ ဒေသခံများ စုပေါင်း၍ ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ယင်းစစ်ဆေးရေးဂိတ်သည် ဟိုင်းကြီးကျွန်းမြို့သို့ ကုန်းလမ်းခရီးက တိုက်ရိုက်ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းမကြီး၏ အစွန်းတစ်ဖက်တွင် တည်ရှိပြီး ယနေ့ကစ၍ မြို့အတွင်းသို့ ဝင်ရောက်လာမည့် ခရီးသွားများ၊ ဒေသခံများကို ကိုယ်အပူရှိန်တိုင်းခြင်း၊ လက်ဆေးစေခြင်း၊ လာရောက်ခဲ့သည့်ခရီးစဉ်ကို မေးမြန်း၍ မှတ်တမ်းရယူခြင်း လုပ်ငန်းများကို (၂၄)နာရီ အလှည့်ကျတာဝန်ယူကာ ဒေသခံ  ၆၀ ကျော်ဖြင့် လုပ်ဆောင် သွားရန်စီစဉ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။ နေ့စဉ်ဆောင်ရွက်မှုဖြင့် ရရှိလာသောမှတ်တမ်းများကို လိုအပ်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနနှင့် ကျန်းမာရေးဌာနများသို့ ပေးပို့သွားရန် စီစဉ်ဆောင်ရွက် ထားကြောင်း စစ်ဆေးရေးဂိတ်ဖွင့်လှစ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ ဦးအင်းလေးက ပြောသည်။

ဟိုင်းကြီးကျွန်းမြို့တွင် မြို့ပေါ်ရပ်ကွက်(၃)ခုရှိပြီး ပုသိမ်-ဟိုင်းကြီးကျွန်းပြေးဆွဲနေသော ခရီးသည် တင်ရေယာဉ်များ၊ ဒေသတွင်းကျေးရွာများသို့ သွားလာကြသည့် ခရီးသည်တင် ရေယာဉ်များ အပါအဝင် ရန်ကုန်-ပုသိမ်-ဟိုင်းကြီးကျွန်း ပြေးဆွဲနေသော ကားလိုင်းများလည်းရှိသည်။ ရေယာဉ်အဝင် အထွက်ပြု လုပ်သည့် ဆိပ်ကမ်း(၃)ခုရှိပြီး ယင်းဆိပ်ကမ်းများ၏ ခရီးသည်ဝင်ထွက်မှုနှင့် ကားလိုင်းများ၏ ခရီးသည် ဝင်ထွက်မှု ကိုရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက နေ့စဉ်သတင်းရယူလျက်ရှိသည်။ သို့ရာတွင် ဒေသတွင်း ပြေးဆွဲကြသည့် ကား(TAXI)များ၊ ဆိုင်ကယ်(TAXI)များ၊ အိမ်သုံးလုပ်ငန်းခွင်သုံးကားများနှင့် ဆိုင်ကယ်များ လည်းရှိနေသည့် အတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးတွင် လစ်ဟာမှုတစ်ခု ဖြစ်နေ မည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။ 

လက်ရှိဟိုင်းကြီးကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာအုပ်စု(၂၂)ခု၌ ဒေသခံများက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များသို့တင်ပြကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတချို့တွင် ကျန်းမာရေးစစ်ဆေးသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိနေကြပြီး မြို့အဆင့်ဌာန ဆိုင်ရာဝန်ထမ်း များပါဝင်သည့် စစ်ဆေးရေးဂိတ်ကိုမူ ဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် အခြေအနေကို မတွေ့ ရှိရပေ။

ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့က နေ့စဉ်ထုတ် ပြန်သည့် သတင်းများကို စောင့်ကြည့်နားထောင်ခြင်း၊ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့များ၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေး နိုးဆော်မှုများ နှင့်အညီလိုက်နာ ဆောင်ရွက်ခြင်းများ   ကိုဆောင်ရွက် လျက်ရှိသော်လည်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိသည့် ဒေသခံတချို့နှင့် နေရာအနှံ့ရှိနေကြသော စစ်ဆေးရေးဂိတ်များ၌ တာဝန်ထမ်းဆောင်နေကြသည့် ဒေသခံများ၏ ကျန်မာရေး ဆိုင်ရာလုံခြုံမှု အာမခံချက်တို့အပေါ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပတ်သက်၍ ဒေသခံတစ်ချို့ကလည်း စိုးရိမ်စိတ်များရှိနေကြသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)