ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်ကူညီထောက်ပံ့ငွေအား ပြည်သူများ လက်ဝယ်ပေးအပ်

ရန်ကုန်    ၂၆  ဇူလိုင်   

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်က အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်း ကူညီထောက်ပံ့ပေးအပ်သည့်  အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

“ယနေ့ ကိုဗစ်-၁၉ ကာလအတွင်းမှာ နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို  ငွေလက်ဝယ်ရရှိရေး ပေးအပ်တာဖြစ်တယ်။ ယခုလို ပေးအပ်တဲ့အခါမှာလည်း ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် တချို့မလာရောက်နိုင်တဲ့သူဆို အိမ်ကိုသွားရောက်ပေး အပ်ပါတယ်။ ပေးအပ်တဲ့ အခါ ထောက်ပံ့ငွေ ရရှိသင့်သူတွေ မကျန်ရှိရေးအတွက် အုပ်ချုပ်ရေးမှူးတွေ တင်ပြတဲ့ စာရင်းကို သေချာစိစစ်ပြီး အခုလိုလက်ဝယ်ပေးတာ ဖြစ်ပါတယ်’’ ဟု တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်  ပြောသည်။

 

နိုင်ငံတော်က ပေးအပ်သော ကူညီထောက်ပံ့ငွေကို ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့ နယ်တွင် ယနေ့ အိမ်ထောင်စု ၉၉၆၈  စုကို ပေးအပ်ခဲ့သည်။ ယခင် နိုင်ငံတော်က ကိုဗစ်- ၁၉ ကာလအတွင် အခြေခံလူတန်းစားများအား ကူညီထောက်ပံ့ပေးသော အခြေခံပစ္စည်း ငါးမျိုးကို ဧပြီလပိုင်းက ပေးအပ်ခဲ့ရာ ကျန်ရှိသည့် အိမ်ထောင်စုများအား အခြေခံပစ္စည်းငါးမျိုးနှင့် တန်းဖိုးညီမျှသော ငွေကျပ် တစ်သောင်း နှုန်းကိုလည်း သေချာစိစစ်ပြီး ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

“နိုင်ငံတောင်က အဒေါ်တို့ အခြေခံလူတန်းစားတွေကို အခုလို ငွေကြေးထောက် ပံ့ပေးတာ အတိုင်းမသိ ဝမ်းသာရပါတယ်။ ပထမတစ်ခါ အခြေခံစား သောက်ကုန်ေ တွပေးတုန်းကလည်း အဒေါ် ရခဲ့တယ်။ အခုလို ငွေကြေးထောက်ပံ့ ပေးတော့ အဒေါ်တို့ မှီခိုတွေအနေနဲ့ မိသားစုအတွက် လုံးဝမဖူလုံ သွားပေးမယ့် တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းမှုလေးရတော့ အဆင်ပြေပါတယ်။ ဝမ်းသာ ကျေနပ်မှုလည်း ရပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄) ရပ်ကွက်မှ ပြည်သူ တစ်ဦးဖြစ်သော ဒေါ်ကြွေရင်က ပြောသည်။  

 

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အနေဖြင့် နိုင်ငံအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားများအား ပြီးခဲ့သော ဧပြီ လတွင်းက ပထမအကြိမ် အခြေခံစား သောက်ကုန် ငါးမျိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကူညီထောက်ပံ့ပေး အပ်ခဲ့ပြီး ယခု ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုလည်း အိမ်ထောင် စုတစ်စုလျှင် ငွေကျပ် နှစ်သောင်း နှုန်းဖြင့် ဒုတိယအကြိမ် ထပ်မံကူညီ ထောက်ပံ့ပေး အပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကူညီထောက်ပံ့ပေးရာတွင် သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း သေချာစိစစ်ပြီး သတ်မှတ် ပြည်သူများလက်ဝယ် မှန်ကန်စွာ ရောက်ရှိရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်