ကိုဗစ်-၁၉  ကာလအတွင်း ဆွမ်းခံမထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စပြေလည်စေရန်  ကျောက်မဲလူငယ်ပရဟိတအဖွဲ့က  ဒုတိယအကြိမ်အဖြစ် ဆန်၊ ဆီ နှင့် ဟင်းချက်စရာများ သွားရောက်လှူဒါန်း

ကျောက်မဲ  ၈  ဒီဇင်ဘာ

ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများတွင် ဆွမ်းကိစ္စ အဆင်ပြေ စေရန်အတွက်  ကျောက်မဲလူငယ်ပရဟိတအဖွဲ့က မြို့သူမြို့သားများထံ ဆန်၊ ဆီ၊ ဟင်းချက်စရာနှင့် လှူဖွယ်ပစ္စည်းများကို အများသူငှာထံ အလှူခံ၍ ‌ဒုတိယအကြိမ်အဖြစ် ယမန်နေ့က ဘုန်းတော်ကြီး ကျောင်း ၃ ကျောင်းသို့ တစ်ဆင့်ပြန်လည်လှူဒါန်းမှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်အဖွဲ့သည် ဒီဇင်ဘာ လဆန်းပိုင်းတွင် ရန်ကုန်ကျောင်းတိုက်၊ ဝါဆိုဘုန်းတော်ကြီး ကျောင်း၊ အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဟင်းချက်စရာများကို သွားရောက်လှူဒါန်းပေးခဲ့ကာ ကျန်သည့် ဘုန်းတော်ကြီးကျောင်းများ သို့လည်း ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း  သိရသည်။

အလားတူ အဆိုပါအဖွဲ့သည် စက်တင်ဘာ လအတွင်း၌ ပထမ အကြိမ်အဖြစ် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်း၊ သက်ကြီး ဘိုး/ ဘွား များ၊ ခက်ခဲ မိသားစုများ အပါအဝင် စုစုပေါင်း အိမ်ထောင်စု ၃၂ စုအတွက် ငွေကျပ် သိန်း  ၄၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ပဲ အမျိုးမျိုး၊ အာလူး၊ ကြက်သွန် အစရှိသည့် ဟင်းချက်စရာများကို ထောက်ပံ့ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း ကျောက်မဲ လူငယ်ပရဟိတအဖွဲ့မှ  မစုစုနိုင်၏ ပြောကြားချက် အရသိရသည်။

ကျောက်မဲမြို့ပေါ်တွင် သံဃာ့အဖွဲ့ အစည်းနှင့် ခရိုင်သာသနာရေး ဦးစီးဌာနတို့တွင် စာရင်းရှိထားသော ဘုန်းကြီးကျောင်း ၂၈ ကျောင်းရှိပြီး မြို့နှင့်နီးစပ်သော ကျေးရွာ ဘုန်းကြီးကျောင်း ၁၅ ကျောင်းဝန်းကျင်ရှိသည်ဟု ခရိုင်သာသနာရေးဦးစီးဌာနထံမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)