ကိုဗစ်- ၁၉ ကာလအတွင်း အချင်းချင်းပြောသည့်စကား

ပါမောက္ခ ဒေါက်တာမောင်

ပြောစကားနားမဝင်ကြသူများ
စာရေးသူတို့ နိုင်ငံသည် ယနေ့အချိန်တွင် ကိုဗစ်- ၁၉ ဒုတိယအကျော့ ရိုက်ခတ်ခံနေရသည်။ တရိပ်ရိပ် တက်လာနေသော ပိုးတွေ့လူနာများကို ထိန်းချုပ်ရန် အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုသည် နေ့မအား ညမအား အစွမ်းကုန် ကြိုးပမ်းနေကြရသည်။ မီဒီယာ များမှ ပြည်သူလူထုလိုက်နာစောင့်ထိန်းရန်၊ ရှောင်ကြဉ် ရန် စည်းကမ်းများကို အကြိမ်ကြိမ်အဖန်ဖန် ပြောကြားနေ သည်။ သို့ရာတွင် ပြောစကားကို နားမဝင်ကြသူများ တွေ့မြင်နေရသည်။
စက်တင်ဘာ ၁၉ ရက်နေ့ မြန်မာ့အလင်းသတင်း စာတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်‌ရေးစည်းကမ်းချက် များအား လိုက်နာခြင်းမရှိသော သူများအား ဆက်လက် အရေးယူလျက်ရှိကြောင်း ဖော်ပြထားသည်။ ထိုသတင်း တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ KTV ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားများ၊ ရာနှင့်ချီသော ညမထွက်ရအချိန် ကျော်လွန်သွားလာသူများနှင့် နှာခေါင်းစည်းမတပ်သူ များကို အရေးယူခဲ့ရကြောင်း ဖော်ပြထားသည်။ အရေးယူရသည့်အမှုများ လျော့ကျ သွားခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်ကိုလည်း အသိပေးနှိုးဆော်ထား သည်။
စက်တင်ဘာ ၁၁ ရက်နေ့ Yangon Nation News Media မှ ဖော်ပြသော facebook စာမျက်နှာတွင်လည်း ရန်ကုန်မြို့အတွင်း နှာခေါင်းစည်းများကို မေးစေ့တွင် ချိတ်၍ (အချို့သူများတွင် လုံးဝမပါ) သွားလာနေသူများ၏ ဓာတ်ပုံများကို ဖော်ပြထားသည်။
ထိုသူများသည် ကိုဗစ်- ၁၉ ရောဂါ ပျံ့နှံ့နေသော ယနေ့အချိန်တွင် မိမိကိုယ်တိုင်အတွက်၊ မိသားစုအတွက်၊ အခြားလူများအတွက် မိမိ၏ အမူအကျင့်ကို မပြောင်းလဲ နိုင်ကြသူများ ဖြစ်ကြသည်။


စည်းကမ်းလိုက်နာသော အမူအကျင့်
စည်းကမ်းလိုက်နာသော အမူအကျင့်သည် ငယ်ရွယ်စဉ် ကလေးဘဝမှစ၍ တစ်စတစ်စစုဆောင်း ဖြစ်ပေါ်လာခဲ့သော အရာဖြစ်သည်။ မိဘ၏ အဆုံးအမ နှင့် အပြုအမူ၊ သင်ကြားခဲ့ရသော ပညာရေး၊ ပတ်ဝန်းကျင် ရှိ လူများ၏ ဓလေ့စရိုက်နှင့် အသက်မွေးဝမ်းကျောင်း စသောအကြောင်းအရာများစွာက လွှမ်းမိုးပြီး တစ်စ တစ်စ ပုံသွင်းယူလာခဲ့သော ကိစ္စဖြစ်သည်။ အဓိက အကြောင်းနှစ်ရပ်မှာ ကိုယ်တိုင်၏ အသိဉာဏ်ပညာနှင့် ပတ်ဝန်းကျင်၏ စေ့ဆော်တိုက်တွန်းမှုတို့ ဖြစ်ကြသည်။
အသိဉာဏ်ပညာရှုထောင့်မှကြည့်လျှင် လူပုဂ္ဂိုလ် လေးမျိုး ကွဲပြားသွားပြန်သည်။


(၁) အသိဉာဏ်ပညာရှိ၍ စည်းကမ်းလိုက်နာသော
သူများ
(၂) အသိဉာဏ်ပညာရှိသော်လည်း စည်းကမ်း
မလိုက်နာသောသူများ
(၃) အသိဉာဏ်ပညာမရှိသော်လည်း စည်းကမ်း
လိုက်နာသောသူများ
(၄) အသိဉာဏ်ပညာလည်းမရှိ စည်းကမ်းလည်း
မလိုက်နာသောသူများ ဖြစ်ကြသည်။


ဤတွင် ပတ်ဝန်းကျင်၏ အခန်းကဏ္ဍသည် အရေးကြီးလာကြောင်း တွေ့ကြရသည်။ အသိဉာဏ် ပညာမရှိသော်လည်း စည်းကမ်းလိုက်နာသောသူများ သည် မိတ်ဆွေကောင်းများရှိသော ပတ်ဝန်းကျင်ကောင်း များတွင် ရှိနေကြသူများ ဖြစ်ကြသည်။ ပတ်ဝန်းကျင် ကောင်းရှိသူများသည် စည်းကမ်းလိုက်နာသူများ ဖြစ်ကြပြီး စည်းကမ်းလိုက်နာရန်လည်း အချင်းချင်း တိုက်တွန်း ပြောဆိုနေကြသူများ ဖြစ်ကြသည်။


အသိဉာဏ်ရှိလျက် စည်းကမ်းမလိုက်နာသော သူများသည်လည်း စည်းကမ်းလိုက်နာသော ပတ်ဝန်း ကျင်ကောင်းအတွင်းသို့ရောက်လျှင် အလွယ်တကူ ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင် ကောင်းနှင့် မိတ်ကောင်းဆွေကောင်းများသည် လူတစ်ယောက်၏ အမူအကျင့်ကို ပြောင်းလဲစေသော ကြီးစွာသော အကြောင်းအထောက်အပံ့ တစ်ခုဖြစ်သည်။


ယနေ့အချိန်သည် ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားနေ ခြင်းကို ထိန်းချုပ်ရန်အတွက် ချမှတ်ထားသော စည်းကမ်းများကို လူတိုင်း(တစ်ယောက်မကျန်) လိုက်နာ ရမည်ဖြစ်သည်။ ထို့ကြောင့် စည်းကမ်းလိုက်နာသော သူများရှိသော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီး ကြရမည် ဖြစ်သည်။ ထိုသို့ဖန်တီးရန်မှာ မခက်ခဲပါ။ မိမိ ကိုယ်တိုင် စည်းကမ်းလိုက်နာခြင်းနှင့် မိမိမိတ်ဆွေများ ကိုလည်း စည်းကမ်းလိုက်နာရန် အချင်းချင်း တိုက်တွန်း ပြောဆိုရန်တို့ ဖြစ်သည်။


အချင်းချင်းပြောကြပါ
အချင်းချင်းပြောသောစကားများသည် အသိတရား နှင့် အမူအကျင့်ကို အမှန်ပင် ပြောင်းလဲစေနိုင်ပါသည်။
အချင်းချင်းဆိုသည်မှာ အသက်မွေးဝမ်းကျောင်း၊ လူမှုရေး၊ ဘာသာရေးနှင့် ပညာရေးအခြေခံတို့ နီးစပ် တူညီသော မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြ သည်။ သတင်းစာများ၊ အထက်လူကြီးများနှင့် ဆရာ သမားများ ပြောသည့်စကားထက် အချင်းချင်းပြောသော စကားများသည် အလွယ်တကူ နားဝင်လွယ်သော စကား များဖြစ်ကြသည်။ လူငယ်များအတွင်းတွင်လည်း အချင်းချင်းပြောသော စကားများကို မိဘပြောသော စကားများထက် ပို၍လက်ခံကြသည်။ အဘယ်ကြောင့် နည်း။
အချင်းချင်း ပြောသော စကားများသည် တူညီသော ခံစားချက်များ၊ မျှော်လင့်ချက်များ၊ စိုးရိမ်စိတ်များမှ ပေါ်ထွက်လာသော စကားများဖြစ်ကြသည်။ ပြောသူနှင့် နားထောင်သူအကြားတွင် တားဆီးထားသော အကန့် အသတ်မရှိဘဲ လွတ်လပ်စွာ ဆက်သွယ်နေခြင်းကြောင့် လည်းဖြစ်သည်။ သုံးစွဲသော စကားလုံးများမှာလည်း ရင်းနှီးပြီးသား စကားလုံးများဖြစ်ကြသည်။ တစ်ဦးနှင့် တစ်ဦး ရင်းနှီးမှုနှင့် ယုံကြည်မှု ရှိပြီးဖြစ်သည့်အတွက် ကြောင့်လည်း ဖြစ်သည်။ အားမနာတမ်း ပြန်လည် ဆွေးနွေး ငြင်းခုံနိုင်သည့်အတွက်ကြောင့်လည်း ဖြစ်သည်။


အချင်းချင်းပြောသောစကားများ၏ ထိရောက်ပုံကို facebook တွင် တွေ့မြင်နိုင်သည်။ ယနေ့ ကမ္ဘာနှင့် အဝန်း သန်းပေါင်းများစွာသော သူများ facebook ကို သုံးစွဲနေကြသည်မှာ အချင်းချင်းပြောသော စကားများကို နားထောင်လို၍ ဖြစ်သည်။ နိုင်ငံတော်၏ တရားဝင် မီဒီယာများမှ ဖော်ပြချက်များထက် facebook မှ ပြောစကားများကို ပို၍အလွယ်တကူ လက်ခံလေ့ရှိကြ သည်။
ကမ္ဘာနှင့် အဝန်းတက္ကသိုလ်များတွင် ကျောင်းသား အချင်းချင်း အပြန်အလှန်သင်ကြားသော စနစ် (Peer Learning) ကို ‌အောင်မြင်စွာ အကောင်အထည်ဖော် လျက်ရှိသည်။ သြစတြေးလျနိုင်ငံ TAFE University ၌ ဘာသာဗေဒလေ့လာနေသော ကျောင်းသားများအား အုပ်စုဖွဲ့လျက် အချင်းချင်း အပြန်အလှန်သင်ကြားစေ ခြင်းဖြင့် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိစေ ခဲ့သည်။ North Carolina ပြည်နယ် DUKE University တွင်လည်း ထိုနည်းစနစ်ကိုကျင့်သုံး၍ အလားတူ ‌အောင်မြင်မှုများ ရှိခဲ့သည်။
မိတ်ဆွေများအတွင်း အချင်းချင်းပြောစကားများနှင့် ပြုမူဆောင်ရွက်ခြင်းများသည် တစ်ဦးတစ်ယောက်ချင်း စီ၏ အသိတရားနှင့် အမူအကျင့်ကို ပြောင်းလဲစေနိုင် ကြောင်း အနောက်တိုင်းမှ အမူအကျင့်ပါရဂူများ (Freire(1970), Fishbein & Ajzen (1976), Bandura (1986)) က ဖော်ပြခဲ့ကြသည်။ စာရေးသူတို့ မြန်မာ့ဓလေ့ တွင်လည်း တွေ့မြင်နိုင်သည်။ ‘တံငါနားနီးတံငါ မုဆိုး နားနီးမုဆိုး’ ဆိုသောစကားရပ်နှင့် ‘သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့’ ဆိုသောစကားရပ် တို့သည် မိတ်ဆွေအချင်းချင်း တစ်ဦးအပေါ်တစ်ဦး လွှမ်းမိုးနိုင်စွမ်းအား ကြီးမားလှကြောင်း ဖော်ပြနေကြ သည်။ ငါးရာ့ငါးဆယ် နိပါတ်တော်တွင် ငယ်စဉ်ကတည်း က ကွဲကွာသွားခဲ့သော ကျေးငှက်နှစ်ကောင်သည် မတူညီ သော အနီးကပ်မိတ်ဆွေများကြောင့် အသိတရားနှင့် အမူအကျင့် ကွဲပြားသွားကြောင်း ဖတ်ရှုရသည်။ လူဆိုး လူမိုက်တို့ထံ ရောက်သွားသော ကျေးငှက်သည် ကြမ်းတမ်းမိုက်ရိုင်းသွားပြီး ရသေ့သူတော်စင်ထံ ရောက် သွားသော ကျေးငှက်သည် ယဉ်ကျေးသိမ်မွေ့ သွားကြ သည်။ ဗုဒ္ဓမြတ်စွာသည်လည်း အရှင်အာနန္ဒာမထေရ်အား လောကီလောကုတ္တရာ နှစ်ဖြာအကျိုးစီးပွား ပြီးမြောက် အောင်မြင်စေရန် မိတ်ဆွေကောင်းသည် ရာနှုန်းပြည့် အရေးကြီးသော အကြောင်းအထောက်အပံ့ဖြစ်ကြောင်း ဟောကြားတော်မူခဲ့လေသည်။


ထို့ကြောင့် မိမိကျင်လည်နေရာ အသိုင်းအဝိုင်း အတွင်း မိမိကိုယ်တိုင်၏ အပြောအဆိုများနှင့်အပြုအမူ များသည် မိတ်ဆွေများအပေါ် ကြီးစွာသော အကျိုးသက်‌ ရောက်မှုများရှိနေကြောင်း သိရှိထားခြင်းသည် ယနေ့ ကိုဗစ်- ၁၉ ကာလတွင် အသိတရားနှင့် အမူအကျင့် ပြောင်းလဲရန်အတွက် များစွာအထောက်အကူ ဖြစ်စေ သည်။


လူတိုင်းအပေါ်ကျရောက်လာသော တာဝန်နှစ်ရပ်
ယနေ့အချိန် ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားနေခြင်းကို ထိန်းချုပ်ရန်အတွက် နိုင်ငံတော်အဆင့်ဆင့် တာဝန်ရှိသူ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာအလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ နေ့မနားညမအား ဆောင်ရွက် နေကြစဉ် ပြည်သူလူထု တစ်ဦးချင်းစီအပေါ်၌ ဆောင်ရွက် ရန် တာဝန်နှစ်ရပ် ကျရောက်လာပါသည်။
ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မိမိ ကိုယ်တိုင် လိုက်နာရန်နှင့် မိတ်ဆွေများကိုလည်း တိုက်တွန်းပြောဆိုရန်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရုံး/ဌာနများတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေ ရန် ကြီးကြပ်သူများ/တာဝန်ကျဝန်ထမ်းများ အနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များကို အလေးအနက်ဆောင်ရွက်ကြရမည် ဖြစ်သည်။


မိသားစုအတွင်းဖြစ်စေ၊ ရပ်ကွက်အတွင်းဖြစ်စေ၊ အလုပ်ခွင်အတွင်းဖြစ်စေ မိမိကိုယ်တိုင် စည်းကမ်းတကျ နမူနာပြ နေထိုင်ခြင်းနှင့် မိတ်ဆွေများကိုလည်း တိုက်တွန်းဆွေးနွေး ပြောဆိုခြင်းတို့သည် ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားနေသော ကွင်းဆက်ကို ဖြတ်တောက်ရန် အခြေခံကျသော လူတိုင်းပြုလုပ်ရမည့် တာဝန်နှစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။