ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှုတွေ ဘယ်အခြေအနေရှိနေပြီလဲ

၁၆  ဧပြီ

တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ နှစ်သန်းနီးပါး ခပ်မြန်မြန်ရောက်လာတဲ့အလျောက် အဲဒီရောဂါကပ်ဘေးကြီး အဆုံးသတ်စေဖို့ ကာကွယ်ဆေးပေါ်လာမယ့်ရက်ကို ကမ္ဘာကြီးက အလွန်အမင်း တောင့်တနေပါပြီ။ နောက်ဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်ပေါ်ထွန်းလာပါတယ်။

တရုတ်နိုင်ငံကပါ။ ကာကွယ်ဆေးက တစ်ခုတည်းမဟုတ်ပါဘူး။ တရုတ်ပြည်တွင်းက စမ်းသပ်နေတာ ကာကွယ်ဆေးသုံးမျိုးဖြစ်ပါတယ်။ အဲဒီသုံးမျိုးလုံးဟာ လူတွေနဲ့စမ်းသပ်မယ့်အဆင့်ရောက်ရှိလာပါပြီ။ တရုတ်သိပ္ပံပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေက ကာကွယ်ဆေးအတွက် နေ့မအား ညမနား ကြိုးစားစမ်းသပ်နေကြပေမယ့် တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ဖို့က အင်မတန်မှ ပဓာနကျနေတာပါ။ ကာကွယ်ဆေးအတွက် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့အတွက်သာမကဘဲ အနာဂတ် သေရေးရှင်ရေးကာလအတွက်လည်း ပိုပြီးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ပလက်ဖောင်းတစ်ခု အတွက်လည်း နည်းလမ်းရှာကြရမှာ ဖြစ်ပါတယ်။

တရုတ်တပ်မတော်ရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင်တစ်ဦး စမ်းသပ်ထားတဲ့ ကာကွယ်ဆေးကို ပြီးခဲ့တဲ့အပတ်က ဒုတိယအဆင့်စမ်းသပ်မှုတွေ စတင်နေချိန်မှာ နောက်ထပ်အင်အက်တီဗက်တစ် ကာကွယ်ဆေး နှစ်မျိုးကိုလည်း ပထမအဆင့်စမ်းသပ်မှုတွေပြုလုပ်ဖို့ တရုတ်အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လူမှုဘဝတိုးတက်ရေးသိပ္ပံနှင့် နည်းပညာဌာနညွှန်ကြား ရေးမှူးချုပ် ဝူယွမ်ဘင်းက အဲဒါကို အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်တပ်မတော်ရဲ့ ကူးစက်ရောဂါပညာရှင် ချင်ဝေးနဲ့အဖွဲ့က စမ်းသပ်နေတာက အင်ဒီနိုဗိုင်းရပ်စ် ဗက်တာအမျိုးအစား ကာကွယ်ဆေးဖြစ်ပြီး တနင်္လာနေ့ ညနေ ၅ နာရီအထိ စေတနာနဲ့ကူညီသူ ၂၇၃ ဦးနှင့် ဒုတိယအဆင့် စမ်းသပ်မှု တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို အစမ်းသပ်ခံပေးကြသူတွေထဲမှာ ဝူဟန်မြို့က အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒီကာကွယ်ဆေးကတော့ ကမ္ဘာပေါ်မှာ ဒုတိယအဆင့် စမ်းသပ်နိုင်တဲ့ တစ်ခုတည်းသော ကာကွယ်ဆေး ဖြစ်ပါတယ်။

ပထမအဆင့်စမ်းသပ်မှုဟာ ကာကွယ်ဆေးရဲ့ အန္တရာယ်ကင်းစိတ်ချရမှုနဲ့ ရောဂါပြီးနိုင်မှုအတွက် ရည်ရွယ်ပြီး ဒုတိယအဆင့်နဲ့ တတိယအဆင့်ကတော့ ကာကွယ်ဆေးရဲ့ အာနိသင်ကိုစမ်းသပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အပြိုင်အဆိုင်ရှာဖွေနေကြ

ယခုအချိန်မှာ တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါင်း အနည်းဆုံး ၇၀ ကျော် စမ်းသပ်မှုတွေ ပြုလုပ်နေကြပါတယ်။ နိုင်ငံပေါင်း ၁၀ နိုင်ငံက သုတေသနနှင့်ဖွံ့ဖြိုးရေးအဖွဲ့ပေါင်း ၆၀ ကျော်က စမ်းသပ်နေကြတာပါ။ ဒီရောဂါမဖြစ်ဖို့ ကုထုံးကို ရှေ့တန်းမှာရှိနေကြတဲ့ ဆေးဝါးကုမ္ပဏီတွေ၊ ဇီဝ နည်းပညာလုပ်ငန်းတွေ၊ အစိုးရကထောက်ပံ့ပေးထားတဲ့ ပညာရှင်တွေနဲ့ တက္ကသိုလ်တွေက အပြိုင်အဆိုင် ရှာဖွေနေကြရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာတစ်ခုအရ အင်္ဂါနေ့အထိဆိုရင် နောက်ထပ်ကာကွယ်ဆေးနှစ်မျိုးဟာ ဒုတိယအဆင့် လူသားနဲ့စမ်းသပ်တဲ့ အဆင့်ရောက်လာဖို့ နီးကပ်နေပြီလို့သိရပါတယ်။ အဲဒီကာကွယ်ဆေး နှစ်မျိုးကို အမေရိကန်ဆေးကုမ္ပဏီတွေဖြစ်တဲ့ မိုဒါးနားနဲ့ အင်နိုဗီယိုဆေးဝါးလုပ်ငန်းတို့က စမ်းသပ်နေကြတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးသုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းက ထိပ်တန်းအဆင့်ရှိတဲ့အထဲမှာ ပါဝင်နေပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ တရုတ်ဟာ ကမ္ဘာပေါ်မှာ ရိုးရာအခြေခံ ထုတ်လုပ်မှုနည်းပညာနဲ့ အင်အက်တီဗက်တစ်ကာကွယ်ဆေးလုပ်ငန်းတွေမှာ ဦးဆောင်တဲ့နေရာမှာရှိ နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းတွေက တရုတ်က သုတေသန စောလုပ်ခဲ့လို့ဖြစ်တယ်လို့ သိရပါတယ်။

ဧပြီနဲ့မေလမှာ လူတွေနဲ့ စမ်းသပ်ဖို့

အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဝူက တရုတ်ပညာရှင်တွေဟာ နည်းပညာငါးမျိုးနဲ့ ကာကွယ်ဆေးကို စမ်းသပ်နေကြတယ်။ အဲဒီအထဲမှာ အင်အက်တီဗက်တစ်နည်းနဲ့ နူကလစ်အက်ဆစ်နည်းတွေလည်း ပါတယ်လို့ ပြောပါတယ်။ အဲဒီကာကွယ်ဆေးတွေဟာ လာမယ့် ဧပြီနဲ့မေလမှာ လူတွေနဲ့ စမ်းသပ်ဖို့ ခွင့်ပြုချက် တောင်းလာဖို့ရှိနေတယ်လို့လည်း သူကပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကိုကျော်လွှားဖို့နဲ့ လူအုပ်စုတွေ ရောဂါကင်းရှင်းစေဖို့အတွက် ကာကွယ်ဆေးဟာ အဓိကလက်နက်တစ်ခုလို့ အားလုံးကလက်ခံ ထားကြပေမယ့် စမ်းသပ်မှုတွေ ခပ်မြန်မြန်လုပ်ဖို့ အာဏာပိုင်တွေက ခွင့်ပြုနေ တာတောင်မှ အရေးပေါ်သုံးနိုင်တဲ့အဆင့်ရောက်ဖို့ အနည်းဆုံး ခြောက်လကနေ ၁၂ လအထိ လိုအပ်နေဦးမှာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးစမ်းသပ်မှုတွေဟာ မသေမချာမရေရာမှုတွေ၊ စိန်ခေါ်မှုတွေအပြည့်မို့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ သူတို့က ပြောပါတယ်။

ပေကျင်းအခြေစိုက်တဲ့ အမည်မဖော်လိုတဲ့ ကာကွယ်ဆေးပညာရှင်တစ်ဦးက ကာကွယ်ဆေးဟာ အောင်မြင်ခဲ့ရင် တရုတ်နိုင်ငံမှာ အရင်ဆုံးစသုံးရမယ်၊ အခြားနိုင်ငံတကာဈေးကွက်ကို သွားဖို့ဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထောက်ခံမှုလိုအပ်တယ်လို့ ဂလိုဘယ်တိုင်းမ် သတင်းစာကို အင်္ဂါနေ့က ပြောလိုက်ပါတယ်။

စမ်းသပ်မှုအနည်းဆုံး သုံးဆင့်လောက်ထပ်လိုပါဦးမယ်

သုတေသနလုပ်ငန်းတွေ အားနည်းနေတဲ့ နိုင်ငံတွေအဖို့ တရုတ်ကာကွယ်‌ဆေးကို လက်ခံဖို့ ပိုလွယ်နိုင်ပေမယ့် ဥရောပနဲ့ အမေရိကန်နိုင်ငံတွေဆိုရင်တော့ ခက်ခဲမှုရှိပါလိမ့်မယ်။ ကိုဗစ်-၁၉ ရဲ့ကူးစက်မှုက ပထဝီ အနေအထားအရ ကွာခြားမှုရှိနိုင်တဲ့အတွက် တရုတ်နိုင်ငံက ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးကို အခြားနိုင်ငံတွေမှာ အာနိသင်ရှိပြီး လက်ခံအသုံးပြုနိုင်ဖို့အတွက် လူသားနဲ့ စမ်းသပ်မှုအနည်းဆုံး သုံးဆင့်လောက် ထပ်လိုပါဦးမယ်။ အဲဒီအတွက် အချိန်တစ်ခုတော့ ယူရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးတင်ပို့မှုအတွက် စိန်ခေါ်မှုတွေရှိနေပြီး နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုပိုမိုလိုအပ်နေတဲ့ အမေရိကန်လို၊ ဥရောပနိုင်ငံတွေလို ဒေသဈေးကွက်တွေမှာ ရောင်းချဖို့ဆိုရင် ပြည်တွင်းအကဲဖြတ် စစ်ဆေးမှု စံချိန်စံညွှန်းတွေနဲ့ တရုတ်အဖွဲ့တွေက ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးက ကိုက်ညီဖို့ လိုတယ်လို့ အမည်မဖော်နိုင်တဲ့ အဲဒီပညာရှင်ကပြောလိုက်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထောက်ခံမှုနဲ့ အာဖရိကမှာ တရုတ်က အီဘိုလာ ကာကွယ်ဆေးတွေပေးခဲ့တဲ့ အတွေ့အကြုံတွေက တရုတ်နိုင်ငံရဲ့ အရည်အသွေးမီပြီး အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းကို ပြသနေတယ်လို့ ပညာရှင်တွေက အသိအမှတ်ပြုကြပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ချန်ဝေနဲ့ သူ့အဖွဲ့ကထုတ်လုပ်တဲ့ အီဘိုလာကာကွယ်ဆေးကို တရုတ်အစိုးရက အတည်ပြုပေးခဲ့ပြီး ဆီရာလီယွန်နိုင်ငံမှာ စမ်းသပ်ခဲ့ပါတယ်။ အဲဒီနေရာဟာ ၂၀၁၅ ခုနှစ်တုန်းက ကူးစက်မှု အများဆုံးနေရာတွေထဲက တစ်ခုပါ။ အီဘိုလာကာကွယ်ဆေးထုတ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှုကို အထောက်အကူပြုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအရ အဖွဲ့ကြီးရဲ့ ပေါင်းစပ်ညှိနှိုင်းပေးမှုအောက်မှာ ကိုဗစ်-၁၉ကာကွယ်ဆေး စမ်းသပ်နေကြတဲ့ ပညာရှင်အုပ်စုကြီး ရှိနေတယ်။ သူတို့ဟာမတူညီတဲ့ ကျောထောက်နောက်ခံတွေနဲ့ဖြစ်ကြတယ်လို့ဆိုပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်နဲ့တွဲပြီး ကမ္ဘာအနှံ့က ပညာရှင် ၁၀၀ ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ ကြေညာစာတမ်းတစ်စောင်ကိုပါ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့သူတွေထဲမှာ တရုတ်တိရစ္ဆာန်သိပ္ပံတက္ကသိုလ်က ပါမောက္ခ ချင်းချွမ်းလည်းပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးလုပ်ငန်းတွေအတွက် ကမ္ဘာ့အဖွဲ့အစည်းတွေ၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ခပ်စောစောပိုင်းကတည်းက ပူးတွဲဆောင်ရွက်နေမှုတွေရှိကြောင်း တရုတ်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ရှုနန်ပင်း က မတ် ၂၆ ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဥပမာအားဖြင့် တရုတ်ကုမ္ပဏီတွေဟာ ဒီအင်န်အေကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အင်နိုဗီယိုနဲ့ တွဲလုပ်နေတယ်။ အာရ်အင်န်အေကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဂျာမန်အခြေစိုက် ဘိုင်အိုအင်န်တက်ခ်နဲ့အတူ လုပ်နေတယ်၊ ရီကွန်ဗင်းနန့် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဗြိတိန်အခြေစိုက် ဂလက်ဇိုစမစ် ကလင်း နဲ့တွဲလုပ်နေတယ်လို့ မစ္စတာရှုကပြောပါတယ်။

ကမ္ဘာကြီးကိုသတိပြုမိစေခဲ့

အင်္ဂါနေ့အထိ ကမ္ဘာပေါ်မှာ လူနှစ်သန်းနီးပါးကူးစက်ခဲ့ပြီး လူတစ်သိန်း နှစ်သောင်းခန့် သေဆုံးခဲ့ရတဲ့အတွက် ကိုဗစ်-၁၉ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ရ တဲ့အခါ ခုခံနိုင်စွမ်းမရှိပါလားလို့ ကမ္ဘာကြီးကို သတိပြုမိစေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ၁၉၆၀ ပြည့်နှစ်များမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါပေမယ့် ကမ္ဘာ့သုတေသန ပညာရှင်တွေက အပြင်းအထန်ကြိုးစားခဲ့ကြပေမယ့် အဲဒီလို ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးက ဘယ်တုန်းကမှ ပေါ်မလာခဲ့ပါဘူး။ အဓိကက ဘာကြောင့်လဲဆိုရင် ကိုရိုနာဗိုင်းရပ်စ်ခံနိုင်ရည်ဥပဒေသတွေရဲ့ ရှုပ်ထွေးမှုကို နားလည်ရခက်တာရယ်၊ ဒုတိယအချက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် လုပ်မယ့်သူကနည်း၊ သုံးတဲ့ငွေက နည်းတာကြောင့်ရယ် ဖြစ်ပါတယ်။

ဆားရ်ရောဂါကူးစက်မှုတွေ ၂၀၀၃ ခုနှစ်မှာ ဖြစ်တုန်းကဆိုရင် ကမ္ဘာ့ဦးဆောင် သုတေသနပညာရှင်တွေ၊ အဖွဲ့တွေပါတဲ့ အုပ်စုတစ်ခုက တရုတ်နိုင်ငံက ထွက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်တစ်ခု ခပ်မြန်မြန် ထပ်တိုက်ခိုက်လိမ့် မယ်လို့ နိုင်ငံတကာပညာရှင် တော်တော်များများက မျှော်လင့်မထားတဲ့အတွက် စမ်းသပ်မှုတွေဟာ မှေးမှိန်ရပ်တန့် သွားခဲ့ရတယ်လို့ ဆားရ်နဲ့ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးလုပ်ရာမှာပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူ ပညာရှင်တစ်ဦးက ဂလိုဘယ်တိုင်းမ်ကို ပြောပါတယ်။

ရောဂါတွေကို အမျိုးမျိုးကွဲပြားစေ

ကမ္ဘာပေါ်တွင် အလျှံပယ်ဆုံးဇီဝသက်ရှိများဖြစ်တဲ့အတွက် ဗိုင်းရပ်စ်အများစုဟာ သူတို့ကို လက်ခံပေးတဲ့သူနဲ့ ရောဂပစ္စယ ဆက်ဆံရေးရှိကြပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာ ခပ်ပျော့ပျော့ဖျားနာတာကနေ စိုးရိမ်ရတဲ့ အခြေအနေအထိ ရောဂါတွေကို အမျိုးမျိုးကွဲပြားစေပါတယ်လို့ ပညာရှင်က ပြောပါတယ်။

ဒါပေမယ့် ပညာရှင်တွေက အများပြည်သူတွေ ဗိုင်းရပ်စ်အပေါ် အလွန်အမင်း ကြောက်ရွံ့ကြတာကို လျော့ပါးအောင်ကြိုးစားပေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဗိုင်းရပ်စ်အများစုကို ခုခံပေးနိုင်ပြီး ဗိုင်းရပ်စ်တော်တော်များများက သဘာဝအရကို လူတွေကိုဒုက္ခမပေးကြလို့ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေဟာ ဗိုင်းရပ်စ်တွေကို ပြန်လည်တွန်းလှန်ဖို့ ဦးစီးဦးရွက် လုပ်လာတာတွေ ပိုများလာ ပါပြီလို့ ပညာရှင်တွေက သုံးသပ်ပြပါတယ်။ ၁၉၁၈ ခုနှစ် H1N1 ဗိုင်းရပ်စ် ကပ်ရောဂါကတည်းက ဗိုင်းရပ်စ်တွေအပေါ် လူသားတွေနားလည်မှု အကြီးအကျယ် တိုးတက်လာတယ်။ အခုဆိုရင် သူတို့ရဲ့ မျိုးဗီဇဆိုင်ရာအစီအစဉ်တွေကို ပိုင်းခြားစိတ်ဖြာပြီး ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်တွေကို နားလည်လာနိုင်ကြတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

မြန်နိုင်သမျှမြန်မြန်ထွက်ပေါ်လာဖို့

ပြင်းထန်မာကျောလှတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကနေသင်ယူပြီး တရုတ်နိုင်ငံအစိုးရဟာ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သေရေးရှင်ရေးကိစ္စနဲ့ နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲမှုစနစ်ကို တုံ့ပြန်နိုင်ဖို့ ကာကွယ်ရေးယန္တရားတစ်ခု တိုးတက်ဖြစ်ထွန်းဖို့ တိုက်တွန်းလိုက်ပါတယ်။ ဇီဝလုံခြုံရေးဆိုင်ရာဥပဒေအသစ် မြန်နိုင်သမျှမြန်မြန်ထွက်ပေါ်လာဖို့ တောင်းဆိုလိုက်ပါတယ်။

သုတေသနလုပ်ငန်းတွေ တစိုက်မတ်မတ်လုပ်နေဖို့နဲ့ အနာဂတ်ဇီဝ လုံခြုံမှုဆိုင်ရာကပ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် မဟာဗျူဟာမြောက် ယန္တရားနဲ့ ဥပဒေဟာ အခြေခံကျပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက ပြည်သူ့ရေးရာနဲ့ မူဝါဒရေးရာလုပ်ဆောင်သူတွေအနေနဲ့ အမြင်ကျယ်ကျယ်နဲ့ သင်ယူပြီး အနာဂတ်မှာဖြစ်လာနိုင်တဲ့ ဘေးကျပ်နံကျပ် အခြေအနေဆိုးတစ်ခု အတွက် ကြိုတင်ပြင်ဆင်ဖို့ပဲဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။

ကိုကို(စက်မှုတက္ကသိုလ်)

၁၅-၄-၂၀၂၀ထုတ် Global Times သတင်းစာမှ China leads vaccine R&D by Leng Shumei, Hu Yuwei and Chu Daye ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုပါတယ်။