ကိုဗစ် - ၁၉ ဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် မမေ့မလျော့ပါနဲ့။ သတိအမြဲရှိပါ။ လက်ကိုမကြာခဏဆေးပါ။ ရေနဲ့ဆပ်ပြာကို အသုံးပြုပါ။ လက်သန့်ဆေးသုံးပါ။ အဓိကက သတိထားပါ

ဒေါ်သန်းမြင့်အောင်

တွေ့ဆုံမေးမြန်း
သီသီမင်း၊ မင်းသစ်(MNA)

ဓာတ်ပုံ-နေလင်း

ကိုဗစ် - ၁၉ သည် ကူးစက်ရောဂါဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်ခြင်း (Stay at Home) သည် လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေသည့် ထိရောက်သော ကာကွယ်ထိန်းချုပ်နိုင်မည့် နည်းလမ်းပင်ဖြစ်သည်။

နိုင်ငံတော်အစိုးရကလည်း ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအတွက် အဆင်ပြေစေရန် ဧပြီ ၁၀ ရက်မှစ၍ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ အခြေခံစားသောက်ကုန်များကို အခမဲ့ဖြန့်ဖြူး ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ ထို့အတူ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်သူများ မိမိတို့နေအိမ်များတွင် ဘေးကင်းလုံခြုံ စိတ်ချစွာနေထိုင်နိုင်ရေး အတွက် လိုအပ်သည်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် ပရဟိတအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားလိုက်ရပါသည်။

 

 

tha

 

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

(ဥက္ကဋ္ဌ၊ We Love Yangon)

ကျွန်မတို့ We Love Yangon က ရန်ကုန်မြို့ကို ချစ်တဲ့ သူတွေ စုပေါင်းပြီး စုဖွဲ့ထားတာပါ။ We Love Yangon အဖွဲ့မှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ကော်မတီ ဆိုတာရှိတယ်။ အခု ကိုဗစ် - ၁၉ ရောဂါကာလကျတော့ ဒီသဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးကော်မတီက အဓိကဆောင် ရွက်တယ်။ အဲဒီဘက်မှာ အကုန်လုံးကဝိုင်းပြီး လုပ်အား ပေးကြပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အချိန် လူတွေကလည်း စိုးရိမ်ပြီး ဝယ်ကြတယ်။ ဒီလူတွေရဲ့ စိုးရိမ်စိတ်ကို လျှော့ချ ပေးတဲ့အနေနဲ့ ကျွန်မတို့က ကုန်ပစ္စည်းတွေ၊ အစား အသောက်တွေ၊ အခြေခံစားကုန်ပစ္စည်းတွေကို We Love Yangon အဖွဲ့ကနေပြီးတော့ အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးရေးစနစ်နဲ့ စေတနာရှင် လုပ်အားပေးတွေကနေ လုပ်ဆောင်ပေးနေတာဖြစ်တဲ့အတွက် အခြေခံစားကုန် ပြတ်လပ်မှု မရှိတော့ဘူးပေါ့။ မြို့နယ်တိုင်းမှာ We Love အဖွဲ့တွေ ရှိပါတယ်။ အဲဒီအဖွဲ့တွေကလည်း ဆောင်ရွက်ပေး နေပါတယ်။

အိမ်တစ်အိမ်မှာ မရှိမဖြစ်က ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် အဲဒါပဲလေ။ အဲဒါတွေကို မူလဈေးနှုန်းထက် သက်သာတဲ့ဈေးနဲ့ ဝယ်ရင်းအတိုင်း ကျွန်မတို့က ဖြန့်ပေး တာဖြစ်တဲ့အတွက်ကြောင့် အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းလောက် သက်သာတယ်။

တစ်နေ့လုပ် တစ်နေ့စားတွေကျတော့ နေ့တိုင်းလည်း မှာမစားနိုင်ဘူး။ တချို့ဆို ဝင်ငွေမရှိတာမျိုးတွေရှိမယ်။ တချို့ဆို ကျန်းမာရေး မကောင်းတာရှိမယ်။ သက်ကြီး ရွယ်အိုတွေရှိမယ်။ အဲဒီလို လူမျိုးတွေအတွက်ကိုလည်း ပြည်သူလူထုက လှူဒါန်းပေးတာရှိပါတယ်။ အဲဒါတွေကို လည်း ကျွန်မတို့အဖွဲ့က အိမ်တိုင်ရာရောက် ပို့ဆောင် ပေးတာရှိပါတယ်။ ကိုဗစ်ထိန်းချုပ်ရေးမှာ မိမိအိမ်ထဲမှာ မိမိနေခြင်းအားဖြင့် တရားထိုင်နိုင်တယ်၊ စာဖတ်နိုင်တယ်၊ မိသားစုအချင်းချင်း နွေးနွေးထွေးထွေးနေနိုင်တယ်၊ ကျန်တဲ့အချိန်တွေမှာ မိသားစုချင်း ပြန်ဆုံဖို့ဆိုတာ အချိန်ရှားပါးတယ်။ ဒီကာလလေးဟာ အကောင်းဘက်က ပြန်တွေးရင် ကူညီတဲ့သူတွေကလည်း ကူညီတယ်၊ ကိုယ်စားချင်တာလေး ကို အိမ်တိုင်ရာရောက် ပို့ပေးတယ်၊ အခုဆို ကျွန်မတို့ဆီကို လာရောက်ပူးပေါင်းကြပြီ။ မွေးမြူရေးအသင်းချုပ်ဆို လာရောက်ပူးပေါင်းတယ်၊ လိုချင်ရင်၊ လှမ်းမှာရင် ဝယ်ပေး လို့ရအောင် ကျွန်မတို့ ပြင်ဆင်ထားပြီ။

ရောဂါကာကွယ်ဖို့၊ ရောဂါထိန်းချုပ်ဖို့ဆိုတာ လူတွေက ကိုယ့်အိမ်ထဲ ကိုယ်နေမှ၊ အပြင်ကို အသွား အလာနည်းမှ ဖြစ်မှာ။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး We Love ရဲ့ အဖွဲ့ခွဲတစ်ခုကနေပြီးတော့ ကပ်ရောဂါ ကာကွယ်ရေးကို လုပ်နေတယ်၊ ကပ်ရောဂါကာကွယ်ရေး ဆိုတာ လူတွေ တစ်ယောက်နဲ့တစ်ယောက် မနီးစပ်မှရမှာ။ မိမိတို့ မိသားစုဟာ မိမိတို့အိမ်မှာပဲ အရေးမကြီးရင်၊ အကြောင်းမရှိရင် အပြင်မထွက်တာ အကောင်းဆုံးပါ။

ပရဟိတအဖွဲ့တွေ၊ အနုပညာရှင်တွေ၊ တာဝန်ရှိတဲ့သူ တွေ၊ တာဝန်သိတဲ့ သူတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နောက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်သာယာ ကော်မတီတွေ၊ မြို့နယ်အသီးသီးမှာရှိတဲ့ ကော်မတီတွေ၊ မြို့နယ်အသီးသီးမှာရှိတဲ့ ပရဟိတအဖွဲ့တွေ အဲဒီအဖွဲ့တွေက လည်း ပြည်သူတွေကို အိမ်ထဲမှာနေကြဖို့အတွက် စုပေါင်းပြီး ဆောင်ရွက်နေကြပါတယ်။

အများအကျိုးဆောင်တဲ့သူ၊ ပြီးတော့ မိမိ မိသားစု ကိစ္စဆိုရင်လည်း သာရေးနာရေးနဲ့ ဘယ်လိုမှ မထွက်လို့ မဖြစ်လောက်တဲ့ လူတွေလောက်ပဲ လမ်းပေါ်မှာ နေကြတာ။ ကျန်တဲ့သူတွေကလည်း အိမ်ထဲမှာ နေပေးခြင်းအားဖြင့်၊ လမ်းပေါ်မှာ သွားနေတဲ့သူတွေကလည်း မိမိကိုယ်မိမိ ဂရုစိုက် ခြင်းအား ဖြင့် ကာလတစ်ခုလောက် ကန့်သတ်လိုက်ပြီး အနေ ဝေးမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်တဲ့နေရာမှာ ပိုထိရောက်သွားမယ်လို့ထင်ပါတယ်။

ဝယ်ခြမ်းစားနိုင်တဲ့သူတွေဆိုရင် အေးအေးဆေးဆေး လေး အပြင်မထွက်ဘဲ မှာတယ်ဆိုရင် စေတနာလုပ်အားရှင် တွေဘက်က အတိုင်းအတာတစ်ခုအထိ ကူညီပေးလိမ့်မယ်။ မနက်ဖြန်စားဖို့ ဒီနေ့ရှာရတဲ့သူတွေအတွက်လည်း ကျွန်မတို့ က မရှိမဖြစ် စားသောက်စရာတွေ ပို့ပေးလိုက်မယ်။ ဒါက ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် လူချင်း ခွာပေးလိုက်တာပါ။
အဓိက အရေးကြီးတာက ပြည်သူတစ်ဦးချင်းကနေ ကိုယ်ပိုင်အသိစိတ်နဲ့ လိုက်နာကြဖို့ပဲ လိုပါတယ်။ လိုက်လည်း လိုက်နာကြပါတယ်။ တချို့ သတိလက်လွတ် ဖြစ်မှာစိုးတာပါ။ အစိုးရကထုတ်ပြန်တဲ့ အခုဆို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း ပြည်သူနဲ့ ထိတွေ့နေပြီ။

ကျန်းမာရေးဌာနကလည်း အချိန်နဲ့တစ်ပြေးညီ သတင်းတွေ ထုတ်ပြန်တယ်။ အဲဒါတွေကလည်း အိမ်ထဲမှာနေဖို့လိုပါတယ်။ အိမ်ထဲမှာ မနေနိုင်တဲ့သူတွေ၊ ထွက်ပြီးရှာဖွေရမယ့်သူတွေအတွက် နိုင်ငံတော်ကလည်း ဆောင်ရွက်ပေးနေပါတယ်။ မေတ္တာရပ်ခံ ချင်တာက ကာလတစ်ခုအထိ Stay at Home နေပေးဖို့ လိုပါတယ်။ အဲဒီလို နေပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကနေ ကာကွယ်ရာရောက်ပါတယ်။ သတ်မှတ် ထားတဲ့ ရုံးပိတ်ရက်တွေမှာ အပြင်မထွက်လို့ ရရင် မထွက်လေ ကောင်းလေလို့ ပြောချင်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဖြစ်လာရင် ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ ဒီအချိန်မှာ ရပ်ကွက် ပြည်သူလူထု ပူးပေါင်းမှုကလည်း အရေးကြီးပါတယ်။ အိမ်ခန်း ကျဉ်းကျဉ်းလေးမှာနေရတဲ့ မိသားစုတွေ၊ အဆောင်မှာနေကြတဲ့ အလုပ်သမားတွေအတွက်လည်း ကျွန်မတို့မဖြစ်မနေ ဆောင်ရွက်ပေးရမယ့်ကိစ္စက အလုပ်ပိတ်ရက်ကာလ၊ သတ်မှတ်ရက်ကာလမှာ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အိမ်ရှိ လူကုန်သန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာလုံလောက်အောင် ဆောင်ရွက်ပေးပြီး အပြင် လူတွေနဲ့ ထိတွေ့မှု တတ်နိုင် သလောက်မရှိအောင် ပတ်ဝန်းကျင်ကပါ ဝိုင်းဝန်းပြီး သတိ ပေးစောင့်ရှောက်ကြစေလိုပါတယ်။

ကိုဗစ် - ၁၉ ရောဂါဟာ အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ကူးစက်နိုင်တဲ့အတွက် မမေ့မလျော့ပါနဲ့။ သတိအမြဲရှိ ပါ။ လက်ကိုမကြာခဏဆေးပါ။ ရေနဲ့ ဆပ်ပြာကို အသုံးပြုပါ။ လက်သန့်ဆေးသုံးပါ။ အဓိကက သတိထားပါ။ တာဝန်ရှိ တဲ့သူတွေ၊ တာဝန်သိတဲ့သူတွေ ပြောစကားတွေကိုလည်း အလေးထားလိုက်နာပေးပါ။ ဒီရောဂါဟာ အမျိုးသား ကျန်းမာရေးကာကွယ်မှုအဆင့် ဖြစ်နေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့သူအားလုံးနဲ့ ဆိုင်ပါတယ်။ နယ်စပ်ဒေသကလူတွေလည်း အထူးဂရုစိုက်ပါ။ အားလုံး ပူးပေါင်းပါဝင်ကြမှဖြစ်မယ်။ တစ်ဦးရဲ့ စေတနာကို တစ်ဦးက လေးစားပေးပါ။ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားပါ။ မိမိ ကိုယ်မိမိ လုံခြုံဖို့၊ တစ်ပါးသူ လုံခြုံဖို့ စောင့်ရှောက်တာ ဖြစ်တဲ့အတွက် အင်မတန် ကုသိုလ်ကြီးပါတယ်။

 

hjsh

 

ဦးဝေဖြိုးဟန်
(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

အင်းစိန်မြို့နယ်မှာတော့ စောင့်ကြည့်ရေးစင်တာက ရွှေတောင်ကုန်းဟိုတယ်မှာ ရှိပါတယ်။ အဲဒီမှာတော့ လူဦးရေ ၅၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်ကနေ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်။ ရွှေတောင် ကုန်းဟိုတယ် စောင့်ကြည့်ရေးစင်တာမှာတော့ လေကြောင်း လိုင်းနဲ့ ပြန်လာကြတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တခြားမြို့တွေကသူတွေလည်းပါတယ်။ အင်းစိန်မြို့နယ် အတွက် အင်းစိန်မြို့နယ်သူ မြို့နယ်သားတွေအတွက် သီးသန့်ထားတာက အင်းစိန်ဂျီတီအိုင် စောင့်ကြည့်ရေး စင်တာလုပ်ထားတယ်။ အဲဒီမှာ အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီး ၁၄ ဦး ရှိပါတယ်။ အင်းစိန်မြို့နယ် ရပ်ကွက်ထဲမှာရှိနေတဲ့ ပြည်သူတွေအတွက် သာမန် နှာချေ၊ ချောင်းဆိုး၊ ဖျားနာလို့ရှိရင် ကုသနိုင်ဖို့အတွက် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံက သမား တော်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး အင်းစိန်မြို့နယ်ခန်းမမှာ ကျန်းမာရေးစစ်ဆေးမှုဌာနကိုလည်း ဧပြီလ ၂ ရက်နေ့ကစပြီး ဖွင့်လှစ်ထားပါတယ်။ မည်သူမဆို အခမဲ့လာရောက် စစ်ဆေးပေးပါတယ်။ တနင်္ဂနွေနေ့ တစ်ရက် ပိတ်ပါတယ်။

အင်းစိန်မြို့နယ်မှာ ပိုးရှိသူ နှစ်ယောက်တွေ့ခဲ့တဲ့အတွက် နေအိမ်တွေမှာ Home Quarantine ၁၁ ယောက်ရှိတယ်။ အဲဒီ မိသားစုဝင်တွေနေတဲ့အိမ်ကို နေအိမ်တွေမှာ Home Quarantine လုပ်ထားပြီး အဲဒီလမ်းကိုလည်း လူအသွားအလာ ကန့်သတ်ပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းက စောင့်ကြပ်ကြည့်ရှု တဲ့ လုပ်ငန်းစဉ် လုပ်ခဲ့ပါတယ်။ လူနာ(၃) နေခဲ့တဲ့ လမ်းကတော့ မနေ့က ၁၄ ရက်ပြည့်သွားလို့ ပြန်ဖွင့်ပေးခဲ့ပါပြီ။ မိသားစု ဝင်တွေလည်း ပုံမှန်အတိုင်း နေထိုင်လို့ရပါပြီ။ လူနာ (၆) ရဲ့ မိသားစုဝင်တွေကတော့ မနက်ဖြန်ဆို ၁၄ ရက်ပြည့်ပါ တော့မယ်။ ၁၄ ရက်ပြည့်သွားရင်တော့ လမ်းကတော့ ပုံမှန် အတိုင်း ပြန်လည်ပတ်မှာပါ။ ဒါပေမယ့် တိုင်းဒေသကြီးအစိုးရ က ထုတ်ပြန်ထားတဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာတော့ အားလုံးအိမ်ထဲနေဖို့ အစီအစဉ်ကိုတော့ စည်းကမ်းလိုက်နာ ပေးဖို့လိုပါတယ်။ လူနာနှစ်ယောက်စလုံးက ကျန်းမာရေးအခြေ အနေ ကောင်းမွန်တယ်။ မိသားစုဝင်တွေရဲ့ ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်ပါတယ်။ ဂျီတီအိုင် စောင့် ကြည့်စင်တာမှာထားတဲ့သူတွေလည်း ကျန်းမာရေးကောင်း မွန်ပါတယ်။

သင်္ကြန်ရုံးပိတ်ရက်ကာလတွေမှာ ပြည်သူတွေအနေနဲ့ မိမိအိမ်မှာပဲနေထိုင်ကြဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကတော့ လော်စပီကာနဲ့ လိုက်ဆော်သြတာ တွေ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်ကလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ စေတနာရှင် လုပ်အားပေးလူငယ်အဖွဲ့တွေက ရပ်ကွက်အနှံ့ ကားနဲ့ လိုက်ပြီး Home Quarantine နေတဲ့သူတွေလည်း ၁၄ ရက်ပြည့်အောင်နေပေးကြဖို့၊ သင်္ကြန်ရုံးပိတ်ရက်ကာလတွေ မှာလည်း မိမိတို့နေအိမ်ထဲမှာ နေထိုင်ပေးဖို့၊ နှာချေ၊ ချောင်းဆိုးရှိရင်လည်း အင်းစိန်မြို့နယ် ခန်းမမှာဖွင့်ထားတဲ့ ကျန်းမာရေးစစ်ဆေးမှုဌာနကိုလာပြဖို့ ဆော်သြတာတွေ လည်း ရှိပါတယ်။

နောက်တစ်ခုက ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် ဖို့က တစ်ဦးချင်း တစ်ယောက်ချင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အိမ်ပြင်ထွက်ရင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးလုပ်လို့မရဘူး။ ဘယ်သူမှ မထွက်ဘဲနေရမယ်ဆိုတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ တခြားစားသောက်စရာ ဝယ်ဖို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့် ဆေးဝယ်ဖို့ပဲဖြစ်ဖြစ် အရေးတကြီးကိစ္စရှိရင်တော့ သွားတာလာတာ လက်ခံရမှာပါ။ အထူးသဖြင့် စောင့်ကြပ်ကြီးကြပ်တာ လုပ်ရမှာက တော့ သင်္ကြန်ကာလဖြစ်တဲ့အတွက်ကြောင့် လမ်းတွေပေါ် တချို့ကလေးငယ်တွေ ရေပက်ကစားတာမျိုးကို အတတ်နိုင် ဆုံး မိသားစုဝင်တွေ၊ တာဝန်ရှိသူတွေက ကြပ်မတ်မှု လုပ်ဖို့တော့ လိုအပ်တာပေါ့။ လူကြီးတွေက နားလည်ပေမယ့် ကလေးတွေက သင်္ကြန်တွင်း ရေကစားရမှာပဲဆိုတဲ့ အတွေးကို ကျွန်တော်တို့အားလုံး နားဝင်အောင် ထပ်ကာထပ်ကာ ပြောပြဖို့လိုပါတယ်။

သင်္ကြန်ကာလကို ကျော်ဖြတ်ဖို့ အင်းစိန်မြို့နယ် အနေနဲ့ကတော့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုတွေ လည်း ရှိပါတယ်။ နိုင်ငံတော်က ဆန်၊ ဆီဝေမယ့်ကိစ္စတွေကို လည်း ကျွန်တော်တို့ဘက်က စေတနာရှင်လုပ်အားပေးတွေ နဲ့ ပူးပေါင်းပြီးတော့လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ရပ်ကွက် တွေထဲမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေ အတွက် စာရင်းကောက်ယူမှုတွေလည်း လုပ်နေပါပြီ။ နောက် ပြီး We Love Yangon နဲ့ We Love Insein တို့နဲ့ချိတ်ဆက်ပြီး တော့ ပစ္စည်းမှာတဲ့သူတွေကို အိမ်တိုင်ရာရောက် အခမဲ့ ပို့ ဆောင်ပေးမယ့် အစီအစဉ်တွေကိုလည်း စတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။

 

jm

 

ဦးဂျင်မီ
(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ဒီဖြစ်စဉ်က ကမ္ဘာ့သမိုင်းမှာ မကြုံဖူးတဲ့ ဖြစ်စဉ်မျိုး ဖြစ်တယ်။ ဒီရောဂါအန္တရာယ်က မမြင်ရတဲ့ အန္တရာယ်ဖြစ် တယ်။ ဒီအန္တရာယ်ကို လက်ဆင့်ကမ်းပြီးတော့ သယ်ဆောင် တဲ့ (ကယ်ရီယာ)က လူဖြစ်နေတဲ့အတွက် ထိတွေ့မှုတွေကို ဖြတ်ထားနိုင်ရင် ဒီရောဂါကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အရ အိမ်မှာပဲနေပါ။ Stay at Home ဆိုတာကို တိုက်တွန်းနေတာဖြစ်ပါတယ်။ ဒါကလည်း လုပ်သင့်လုပ် ထိုက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဘက် ကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပြီး ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ ကြိုးစားနေ ချိန်မှာ ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်။

အစိုးရအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်ပြီးလုပ်တဲ့အခါ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေတာဟာ သိပ်ကောင်းပါတယ်။ ဒါက လူသားအားလုံးအရေး ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာမှာ ရော ကမ္ဘာမှာပါ လူသားတွေအတွက် အရေးအကြီးဆုံး အခွင့် အရေး သုံးခုပဲ ရှိပါတယ်။ ပထမတစ်ခုအနေနဲ့ ကျန်းမာရေး၊ ဒုတိယက အသက်အန္တရာယ် လုံခြုံရေး၊ တတိယက စားဝတ် နေရေး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ကို မျက်ခြည်ဖြတ်ဖို့အတွက် ဧပြီလကုန်အထိ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ဆက်နေနိုင်မယ်ဆိုရင် ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် နိုင်မယ်လို့ နိုင်ငံတော်ကလည်း ယုံကြည်တယ်။ ပညာရှင်တွေ ကလည်း ယုံကြည်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ယုံကြည်တယ်။ Please Stay at Home အိမ်မှာနေရင်း လက်ဆေးခြင်းဖြင့် အသက်တွေကို ကယ်တင်ပါလို့ ပြောချင်ပါတယ်။

 

zza

 

ဦးဇော်ဇော်အောင်
အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက် ကိုဗစ် - ၁၉ကပ်ရောဂါ

ကာကွယ်ရေးနှင့်လုံခြုံရေး ပရဟိတအဖွဲ့ (ယာယီ)

ကျွန်တော်တို့ အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်မှာ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရေးနဲ့ လုံခြုံရေး ပရဟိတ အဖွဲ့ (ယာယီ) လုပ်ကြပါတယ်။ တစ်ရပ်ကွက်လုံးမှာတော့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အိမ်မှာသာ နေပါဆိုတဲ့ ဗီနိုင်းလေးတွေ ကပ်ပေးထားတယ်။ ဗီနိုင်းတွေမှာလည်း နေအိမ်မှာနေစဉ်အတွင်း တစ်ကိုယ်ရေသန့်ရှင်းရေးကို ဘယ်လို ဆောင်ရွက်ရမယ်၊ ကျန်းမာရေးဌာနက ထုတ်ပြန် ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း ဘယ်လို ဆောင် ရွက်ရမယ်ဆိုတာတွေကို ရပ်ကွက်အတွင်း သိသာမြင်သာရှိ တဲ့နေရာတွေမှာ ကပ်ထားပေးပါတယ်။
ကားနဲ့လည်း ဆော်သြပေးပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါ တယ်။ အဓိကက ဒီရက်ပိုင်းတွေမှာ အိမ်မှာနေပေးဖို့ တတ်နိုင် သလောက် ဆော်သြပေးနေပါတယ်။ ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုက်ဆော်သြတာတွေရှိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာက ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ စားဝတ် နေရေး ဖြေရှင်းဖို့အတွက် အလုပ်တွေလုပ်နေရတာ တွေ့ရ တယ်။ ဒီမှာလည်း ကပ်ရောဂါနဲ့ပတ်သက်ပြီး ကူးစက်ခံရတာ တွေ ဖြစ်နေတော့၊ နိုင်ငံတကာသတင်းတွေမှာလည်း အချိန်နဲ့ တစ်ပြေးညီ ကြေညာနေတော့ တချို့ကလည်း သတိထားမိ တယ်။ တချို့ကလည်း သတိမထားမိတဲ့သူတွေရှိတယ်။ နေထိုင်သွားလာတာတွေက ပုံမှန်လေးတွေ ရှိနေတယ်။ ဆင်ခြင်တဲ့သူတွေကလည်း ဆင်ခြင်ကြပါတယ်။ ဒီထက်ပိုပြီး ဆင်ခြင်နိုင်ကာမှ တော်ကာကျမယ်။

ကျန်းမာရေးဌာနတွေက အသိပညာပေးတာတွေကို လည်း တတ်နိုင်သလောက် ဆောင်ရွက်ရမယ်။ ကျွန်တော် တို့အနေနဲ့ ကိုယ့်အိတ်ထဲကစိုက်ပြီး တတ်နိုင်သလောက် ကျန်းမာရေးအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ ဝယ်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပူးပေါင်းပြီး လမ်းတိုင်းကို ပိုးသတ်ဆေးတွေ နှစ်ကြိမ်ဖျန်းတယ်။ ကျွန်တော်တို့ နိုင်ငံက ဒီရောဂါကာကွယ်ထိန်းချုပ်ရေးမှာ နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုက အားရစရာကောင်းပါ တယ်။ တော်တော်များများလည်း လေးစားလိုက်နာကြပါ တယ်။

ကျွန်တော်တို့အနေနဲ့လည်း ဒီလိုအချိန်မှ ကိုယ်ကျိုးစွန့် မလုပ်ရင် ဘယ်အချိန်မှာ ကိုယ်ကျိုးစွန့်လုပ်မလဲ။ ဒါက ကမ္ဘာ့ကပ်ရောဂါလေ။ ဒီလိုတတ်နိုင်သမျှ ကာကွယ်၊ ထိန်းချုပ်တာကို ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေ နဲ့အညီလုပ်တာဟာ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရပ်ကွက်ထဲမှာ အိမ်ခြေဘယ်လောက်ရှိတယ်။ ဘယ်အိမ် ချို့တဲ့တယ် ဆိုတာ သိတယ်။ အဲဒါလေး စာရင်းပြုစုထားပြီး ကျွန်တော်တို့ တွေစုပြီး ဆန်၊ ဆီ စတဲ့ စားနပ်ရိက္ခာတွေ ဝယ်ပြီးစုထား တယ်။ လိုအပ်လာရင် ချို့တဲ့သူတွေကို ထောက်ပံ့ပေး သွားမယ်။