ကိုဗစ်- ၁၉ ဒုတိယလှိုင်းစိုးထိတ်မှုမှ လွန်မြောက်လာအောင် စုပေါင်းအားနဲ့ စွမ်းဆောင်မယ်

၂၆  ဩဂုတ်

ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ အခုဆိုရင် ၂၃ သန်း ကျော်လွန်လာခဲ့ပြီး ၂၃၈၁၂၂၂၁ ဦးအထိ ရောက်ရှိလို့လာခဲ့ပါပြီ။ ထို့အတူ ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှုဟာလည်း ရှစ်သိန်းကျော်လွန်လာပြီး ၈၁၇၀၁၆ ဦးအထိ ရောက်ရှိလာခဲ့ပါတယ်။ ဒီအချိန်မှာ ကမ္ဘာသူ ကမ္ဘာသားတွေအနေနဲ့ ကိုဗစ်- ၁၉ ဒုတိယလှိုင်း ဖြစ်ပွားလာမယ့်အရေးကိုတွေးပြီး စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ကိုဗစ်- ၁၉ ကြောင့် ကမ္ဘာ့စီးပွားရေးလည်း ထိခိုက်ခဲ့ရသလို အလုပ်လက်မဲ့နှုန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ထို့အတူ လူမှုဒုက္ခတွေနဲ့လည်း ပိုမိုရင်ဆိုင်လာရပါတယ်။

ဒုတိယကမ္ဘာစစ် စီးပွားပျက်ကပ်ထက်ဆိုးတဲ့အနေအထားနဲ့ ရင်ဆိုင်ရမယ်

ကမ္ဘာနဲ့တစ်ဝန်းမှာ ကိုဗစ်- ၁၉ ကူးစက်မှုတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ ကိုဗစ်- ၁၉ ဒုတိယလှိုင်းဂယက် ထပ်မံရိုက်ခတ်လာနိုင် တယ်လို့ သတိပေးနေသလို ကိုဗစ်- ၁၉ ဟာ တောင်အမေရိကကို အရှိန်ပြင်းပြင်းနဲ့ ထိခိုက်စေခဲ့တဲ့ ကပ်ဆိုးကြီးတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။ တောင်အမေရိက သာမက ကမ္ဘာ့အစိတ်အပိုင်းအတော်များများကို ထပ်မံရိုက်ခတ်ခဲ့မယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ် စီးပွားပျက်ကပ်ထက်ဆိုးတဲ့ အနေအထားနဲ့ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

အဆိုးအကောင်း ယှက်တင်ရောထွေးနေတဲ့ ကံကြမ္မာကို ကမ္ဘာတစ်ဝန်းအစိုးရတွေ ရင်ဆိုင်နေရချိန်မှာ ကိုဗစ်- ၁၉ ကြောင့် စီးပွားရေးကျဆင်းလာတာကိုလည်း နည်းလမ်းရှာပြီး ရှေ့ဆက်ဖို့ လုပ်ဆောင်ရပါတယ်။ အဲဒီလို အချိန်မှာ ကိုဗစ်- ၁၉ ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူဦးရေဟာ ရှစ်သိန်းကျော်အထိ ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာသူကမ္ဘာသားတွေ အထိတ်တလန့်ဖြစ်ခဲ့

ဗြိတိန်ကလည်း ပုံမှန်အခြေအနေပြန်ရောက်အောင် အစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် နေသလို ပြင်သစ်နဲ့ စပိန်တို့ကလည်း ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ ကမ္ဘာ တစ်ဝန်း ကိုဗစ်- ၁၉ ကူးစက်မှုတွေက ကမ္ဘာသူ ကမ္ဘာသားတွေကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံက တစ်လကျော်ကြာတဲ့အချိန်မှာ ကိုဗစ်- ၁၉ ကူးစက်မှုအရေအတွက် အမြင့်ဆုံးဖြစ်ခဲ့တယ် လို့ ကြေညာခဲ့ပါတယ်။ ကိုဗစ်- ၁၉ ကြောင့် လူသန်းချီ အလုပ်လက်မဲ့များ ဖြစ်ကုန်သလို စီးပွားရေးတွေလည်း ပြိုလဲခဲ့ရပါတယ်။ အစိုးရတွေကလည်း ကိုဗစ်-၁၉ ဘေးအန္တရာယ်ကနေ လွတ်ကင်းဖို့ အကောင်းဆုံး လုပ်ဆောင်နေကြပါတယ်။ သို့သော်လည်း အများစုကတော့ ဒုတိယလှိုင်း ပြန်လည်ရိုက်ခတ်လာမယ့်အရေး တွေးပြီး တဖြည်းဖြည်းနဲ့ အောင်မြင်မှုဆီကို ချဉ်းကပ်တဲ့ ပုံစံနဲ့ ဒီကိုဗစ်- ၁၉ ကို ကိုင်တွယ်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုပြီးလျှင် ဘရာဇီးနိုင်ငံဟာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းဟာ ဗြိတိန်ကိုတောင် ကျော်လွန်လာပါ ပြီ။ ချီလီကျန်းမာရေးဝန်ကြီးလည်း နိုင်ငံတွင်း ကိုဗစ်- ၁၉ ကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဆူပူမှုဖြစ်ပွားနေတဲ့ အတောအတွင်းမှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

အာရှမှာ ဒုတိလှိုင်းရိုတ်ခတ်လာမယ့်အရေးကို ရင်တမမ ဖြစ်နေ

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစိုးရတွေဟာ စီးပွားရေး လုပ်ငန်းတွေ၊ လူမှုဘ၀အခြေအနေတွေကို ပုံမှန်ပြန်လည် ရောက်ရှိစေမယ့် အစီအစဉ်တွေရေးဆွဲထားချိန်မှာ အာရှနိုင်ငံ တွေမှာတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြန်လည်ရိုက်ခတ်လာမယ့်အရေးကိုတွေးပြီး ရင်တမမနဲ့ စိုးရိမ်နေကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ကိုဗစ်- ၁၉ ကူးစက်မှု ကမ္ဘာ့တတိယ ထိပ်ဆုံးအဆင့်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ လူပေါင်းသုံးသန်းကျော်ဟာ ကိုဗစ်- ၁၉ အတည်ပြု လူနာတွေ ဖြစ်ခဲ့ပြီးတော့ သေဆုံးသူပေါင်းဟာလည်း ၅၈၅၄၆ ဦးအထိ ရောက်ရှိလာခဲ့ပါတယ်။

အာရှတစ်လွှားစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်ဖို့ သတိကြီးကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်နေသလို အလုပ်အကိုင် ဆုံးရှုံးမှုကြောင့် ဒေသတွင်းရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘ၀ကို ထိခိုက်နစ်နာစေပါတယ်။

ကိုဗစ်-၁၉ ကို တားဆီးဖို့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ ကမ္ဘာတစ်ဝန်းလုံးတင်းကျပ်တဲ့ တားမြစ်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ရပါတယ်။ တားမြစ်ကန့်သတ်ချက်တွေအနက် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ လူစုလူဝေး မပြု လုပ်ရေးနဲ့ လူစည်ကားရာနေရာတွေကို သွားလာတဲ့အခါမှာ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး၊ လက်ကိုဆပ်ပြာနဲ့ ရေအသုံးပြုပြီး စက္ကန့် ၂၀ ကြာ ခဏခဏဆေးပေးရေးများကို တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် လိုက်နာ ကျင့်သုံးလျက်ရှိသလို အခုအခါမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းပြီး အသက် ၁၂ နှစ်အရွယ်ကလေးများ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

ကိုဗစ်- ၁၉ ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လွန်ခဲ့တဲ့ နှစ်နှောင်းပိုင်း ဒီဇင်ဘာလမှစပြီး ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် တစ်ကမ္ဘာ့လုံးသို့ ကပ်ရောဂါ အသွင် ကူးစက်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ပြည်သူများရဲ့ စည်းလုံးအားနဲ့ ဒုတိယလှိုင်းကို လွန်မြောက်အောင် စွမ်းဆောင်

အခုအချိန်အထိ ကိုဗစ်-၁၉ ကို မကုသနိုင်သေးပါဘူး။ သို့သော်လည်း ဆေးဝါးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အက်စ်ထရာဇီနီ ကာက ဥရောပမိတ်ဖက်နိုင်ငံတွေကို ကာကွယ်ဆေးဖြစ်လာနိုင်တဲ့ တစ်ခါသောက်ဆေးပမာဏအရေအတွက် သန်း ၄၀၀ ကို ထောက်ပံ့ပေးဖို့ သဘောတူခဲ့သလို ဂျာမနီ အစိုးရကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အခု နှစ်ကုန်မှာ ရရှိနိုင်မယ်လို့ ပြောထားပါတယ်။

ထို့အတူ ရုရှားနိုင်ငံကထုတ်လုပ်မယ့် စပွန့်နစ်လို့ နာမည်ပေးထားတဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးဟာလည်း လူအများအပြားနဲ့ စမ်းသပ်စစ်ဆေးလျက်ရှိပြီး မကြာမီမှာ ဘေးအန္တရာယ်ကင်းစွာ ထုတ်လုပ်ဖြန့်ချိနိုင်တော့မယ့် အနေအထား ဖြစ်နေပါတယ်။ အလားတူ တခြားကာကွယ်ဆေးထုတ်လုပ်နေတဲ့အဖွဲ့တွေလည်း အပြိုင်အဆိုင် ထုတ်လုပ်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

ကာကွယ်ဆေးသာ ခန့်မှန်းထားတဲ့ အချိန်ထက် စောစောရရှိခဲ့မယ်ဆိုရင်၊ ကမ္ဘာ့ပြည်သူတွေ စည်းလုံး ညီညွတ်မှု ရှိမယ်ဆိုရင်၊ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင်၊ ကိုဗစ်-၁၉ တိုက်ဖျက်မှုမှာ အားလုံးစိတ်တူကိုယ်တူ ပူးပေါင်းပါဝင်မယ်ဆိုရင် အခုလို ရင်ဆိုင်နေရတဲ့ အခြေအနေတွေကနေ ကျော်လွှားနိုင်တော့မှာဖြစ်ပြီး ကမ္ဘာကြီးလည်း သာယာလှပလာမှာ ဖြစ်ပါတယ်။ အလားတူ လူသားတွေလည်း ပြန်လည်ပြုံးပျော်လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ထို့အတူ ကမ္ဘာ့လူသားတွေ ကိုဗစ်- ၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ရင်ဆိုင်ခံစားနေရတဲ့ စိုးတထိတ်ထိတ် စိတ်တွေလည်း အေးချမ်းနိုင်တော့မှာပဲဖြစ်သလို ဒုတိယလှိုင်းရဲ့ စိုးထိတ်မှု မှလည်း လွန်မြောက်လာမှာပဲဖြစ်ပါတယ်။

ထွန်းသစ်စ

ကိုးကား - အေအက်ဖ်ပီ