ကိုဗစ်-၁၉ အလွန်ကာလ၌ ပလင်းကမ်းသာဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆင့်မြှင့်တင်

နေပြည်တော်၊ ၂၂ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆင်ချစ်သူပြည်သူများ ဆန်းသစ်မှုများစွာဖြင့် စိတ်အပန်းဖြေနားနေနိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

 

ပလင်းကမ်းသာယာဆင်စခန်း အဆင့်မြှင့်တင်မှုများပြုလုပ်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက “ဆင်စခန်း ပိတ်ထားတဲ့ ၉ လအတွင်းမှာ လာရောက်လည်ပတ်ကြမယ့် ပြည်သူတွေ အပန်းဖြေနားနေနိုင်ဖို့နဲ့ ဧရာဝတီမြစ်ကမ်းဘက်ကို လေညှင်းခံရှုခင်းကြည့်လို့ရအောင် တံတားလည်းတည်ဆောက်ထားပါတယ်။ အဲဒီတံတားကို လာရောက်လည်ပတ်တဲ့သူတွေ ထိုင်ပြီးတော့ ရှုခင်းကြည့်လို့ရအောင် ထိုင်ခုံတွေကို ဆောက်လုပ်ထားပါတယ်။ တံတားပေါ်ကနေ ဧရာဝတီမြစ်ရဲ့ အလှအပတွေကို ရှုမြော်ခံစားရင်း ဓါတ်ပုံရိုက်လို့ ရမယ့်နေရာတွေ ဆောက်လုပ်ထားပါတယ်။ တံတားအဝင်ဝမှာလည်း ပုဂံသူ၊ ပုဂံသားရုပ်တုနဲ့ မုဒ်ဦးကို လုပ်ထားတယ်။ လေညှင်းခံတံတားဘေးမှာ အပင်တွေနဲ့ချိတ်ဆက်ပြီး အမြင့်ကနေ ရှုခင်းတွေကြည့်လို့ရတဲ့ နားနေဆောင် Treehouse ကိုလည်း ထပ်မံတိုးချဲ့ တည်ဆောက်ထားပါတယ်။ အရင်ကတည်းက ရှိခဲ့တဲ့ နားနေဆောင်နဲ့ နားနေတဲတွေကိုလည်း အမိုး၊ အကာ၊ အခင်းတွေကို လဲလှယ်ပြီးတော့ အဆင့်မြှင့်ထားပါတယ်” ဟု ပြောသည်။

 

“ဆင်ပြတိုက်ကို လေ့လာတဲ့အခါမှာ ပိုမိုပြည့်စုံမှုရှိအောင် အာဖရိကဆင်နဲ့ အာရှဆင်တွေ အကြောင်းလေ့လာနိုင်အောင် စီစဉ်ထားတဲ့အပြင် ဆင်စွယ်အစစ်တွေဖြစ်တဲ့ သပိတ်ပိုက်ဆင် စွယ်ပုံ၊ စွယ်တုတ်ဆင်စွယ်ပုံ၊ စွယ်ကားနဲ့ စွယ်စိုက်ဆင်စွယ်ပုံတို့ကိုလည်း ပြသထားပါတယ်။ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေမှာ ကလေးတွေပါလာခဲ့ရင် ကလေးတွေဆော့ကစားဖို့ ကလေးကစားကွင်းနဲ့ ဥယျာဉ်တို့ကိုလည်း  ထပ်မံတိုးချဲ့ထားပါတယ်။ ဆင်စခန်းရောက်တဲ့အခါ ဆင်တွေနဲ့ ပတ်သက်ပြီး ဓလေ့ရိုးရာအရ ကိုးကွယ်တဲ့ ဥတေန နတ်နန်းကိုလည်း ရိုးရာနဲ့အညီ သေသေချာချာ ပြန်ပြီးတော့ တည်ဆောက်ထားတယ်။ ကျွန်တော်တို့ ဆင်စခန်းကို ပြန်လည်ဖွင့်လှစ်တဲ့အခါမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့   ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းချက်ချက်တွေနဲ့အညီဖြစ်ဖို့ ကြိုတင်စီမံဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါဆင်စခန်းတွင် ဆင် ၇ ကောင်ရှိပြီး ဝင်းကြေးအဖြစ် ပြည်တွင်းဧည့်သည် တစ်ဦး ၁၀၀၀ ကျပ်နှင့် ပြည်ပဧည့်သည် တစ်ဦး ၁၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ လာရောက်လည်ပတ်အပန်းဖြေကြမည့် ခရီးသွားဧည့်သည်များ ဆင်စီးမည်ဆိုပါက ပြည်တွင်း ဧည့်သည်တစ်ဦးလျှင် ၅၀၀၀ ကျပ်နှင့် ပြည်ပဧည့်သည် တစ်ဦး ၁၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

 

ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှစတင်၍ ယာယီပိတ်ထားရပြီး ကိုဗစ်ကာလအတွင်း ဆင်ချစ်သူပြည်သူများက ဆင်များကို အာဟာရထောက်ပံ့သည့်အနေဖြင့် မွေးနေ့အထိမ်းအမှတ်နှင့် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်တို့တွင် Online မှတစ်ဆင့် ဆင်စာဘူဖေးကျွေးမွေး လှူဒါန်းမှု (၁၃၀)ကြိမ်ကျော်လှူဒါန်းခဲ့ပြီး ယခင်ဆင်စခန်းဖွင့်လှစ်ထားသည့် ကာလထက် ယခုဆင်စခန်း ပိတ်ထားသည့်ကာလတွင် ဆင်ဘူ ဖေးကျွေးမွေးလှူဒါန်းမှု ပိုမိုများပြားကြောင်း သိရသည်။

 

ပလင်းကမ်းသာယာဆင်စခန်းကို ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီအချိန်က ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် ပုဂံညောင်ဦးရှိ အထင်ကရ တန်ခိုးကြီး ဘုရားစေတီပုထိုးများအား ဖူးမြော်ပြီး ဆင်စခန်းသို့ ဝင်ရောက်လေ့လာ အပန်းဖြေအနားယူကြကြောင်းနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း ၂၂ ခုအနက် ပလင်းကမ်းသာယာ ဆင်စခန်းသည် ဧည့်သည်ဝင်ရောက်မှု အများဆုံးဆင်စခန်းဖြစ်ကြောင်း သိရသည်။

 

သတင်းဓာတ်ပုံ-မျိုးမင်းကို