ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငါးသားပေါက်များပေးအပ်ခြင်းနှင့် ကန်သာယာအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဘားအံ ၂၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများသို့ ထောက်ပံ့ပေးအပ်သည့် ငါးသားပေါက်များပေးအပ်ခြင်းနှင့် ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဇွဲကပင်ခန်းမရှေ့ရှိ ကန်သာယာ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးတို့က ဘားအံမြို့နယ်အတွင်းရှိ နှစ်ခြား၊ ရွှေတော၊ ဖာလင်၊ ကော့ရင်း၊ မွန်စရီး ကျေးရွာများမှ ငါးမွေးတောင်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ငါးသားပေါက်များအား ထောက်ပံ့ပေးအပ်ကာ ငါးမွေးတောင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ကရင်ပြည်နယ်တွင် ငါးမွေးတောင်သူဦးရေ တစ်ရာကျော်ရှိပြီး ငါးမွေးကန်ဧရိယာအားဖြင့် ၇၅၄ ဒသမ ၆၁ ဧက ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရပြီး နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် ငါးသားပေါက်ကောင်ရေ ၁၅ ဒသမ ၁၁၃ သိန်းကျော် ထောက်ပံ့ပေးသွားမည်ဖြစ်ရာ ယနေ့တွင် ငါးသားပေါက်ကောင်ရေ ၁၁၄၆၀ဝ ကျော် ထောက်ပံ့ပေးခဲ့ပြီး ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ငါးမွေးတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကန်သာယာအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြရာ ငါးမြစ်ချင်းကောင်ရေ ရှစ်သောင်းနှင့် ငါးခုံးမကြီးကောင်ရေ နှစ်သောင်း စုစုပေါင်းကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

 

ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ ဆည်မြောင်းတမံများ၊ သဘာဝရေပြင်များနှင့် မြစ်ချောင်းအင်းအိုင်များ အတွင်းသို့ ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်ကောင်ရေ ၁၇၄၅၀ဝ၀ ကျော် ငါးမျိုးစိုက်ထည့်ပေးရန် လျာထားပြီး ယခုအခါ ငါးသားပေါက်ကောင်ရေ ၁၂ သန်းကျော် ငါးမျိုးစိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)