ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။  ။ ကိုဗစ် - ၁၉ ရောဂါက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကူးစက်ဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ စေတနာ့ဝန်ထမ်းတွေက မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့နည်းစေဖို့အတွက် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက်ရှိပါတယ်။

ဒါကြောင့် ပြည်သူတွေ တစ်ဦးချင်းအနေနဲ့ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ တစ်တတ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ် - ၁၉ အကြောင်းသိကောင်းစရာ အစီအစဉ်က ကိုဗစ် - ၁၉ နဲ့ပတ်သက်ပြီး ပြည်သူတွေသိရှိလိုတဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ပညာရှင်တွေက ဆွေးနွေးတင်ပြလျက်ရှိပါတယ်။

အခုတစ်ပတ်မှာ ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး [ပါမောက္ခ/ဌာနမှူး၊ အရိုးရောဂါဌာန၊ ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)] ၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသိန်း [ ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင် [ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး] က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒေါက်တာသူဇာချစ်တင်ကို ဖိတ်ခေါ်ပါတယ်။

ဒေါက်တာသူဇာချစ်တင်။   ။ ပထမဦးဆုံးအနေနဲ့ ကုသရေးနဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ပါမောက္ခဒေါက်တာအောင်သိန်းဌေးကို ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာအောင်သိန်းဌေး။   ။ အရေးကြီးတဲ့ ကာကွယ်ကုသရေး အပိုင်းကို ဆွေးနွေးချင်ပါတယ်။ ကိုဗစ်ရောဂါက အလွန်စည်းစနစ်ကြီးတဲ့ ရောဂါတစ်ခုပါ။ စည်းစနစ်အတိုင်း လိုက်နာကျင့်ကြံနေထိုင်ကြမယ်ဆိုရင် ရောဂါကင်းဝေးပြီး ကိုယ့်အနာဂတ်ဘဝကို ကျန်းကျန်းမာမာနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက ရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ၊ ဒါကရိုးရှင်းတဲ့ကိစ္စပါ။ လက်ကို မကြာခဏ ဆေးမယ်ဆိုတာ မထိမတွေ့နိုင်သရွေ့ မကိုင်တွယ်ဘဲနေမယ်၊ မလွှဲသာမရှောင်သာလို့ ကိုင်တွယ်ခဲ့ရတဲ့အခါ လက်ကို မကြာခဏ ဆပ်ပြာနဲ့ စင်အောင်ဆေးမယ်၊ Mask ကို တပ်မယ်၊ Face Shield တွေ ဝတ်မယ်၊ ဒါအင်မတန်အခြေခံကျတဲ့ ကိစ္စတွေပါ။ ဒါတွေနဲ့ ကောင်းစွာကာကွယ်လို့ ရပါတယ်။ ဒါက နံပါတ်တစ်အချက်ပါ။

နံပါတ် နှစ်အချက်က လူစုလူဝေးရှိတဲ့နေရာ၊ ရောဂါပျံ့ပွားနိုင်တဲ့နေရာတွေ အဲဒီနေရာတွေကို တတ်နိုင်သရွေ့ ရှောင်ကျဉ်မယ်၊ အသွားအလာ မလုပ်ဘဲနေမယ်၊ မလွှဲမရှောင်သာ သွားရရင်လည်း တစ်ယောက်နဲ့ တစ်ယောက် (၆) ပေအကွာမှာနေပြီး ကိုယ်လုပ်ချင်တဲ့ကိစ္စတွေကို ပြီးမြောက်အောင် လုပ်ခဲ့မယ်ဆိုရင် ရောဂါကာကွယ်နိုင်ပါတယ်။ တတ်နိုင်ရင် ကျွန်တော်တို့ ဆရာဝန်၊ ဆရာမတွေက လူနာတွေနဲ့ ထိတွေ့နေရတဲ့အတွက် ခွဲစိတ်ခန်းအင်္ကျီတွေ၊ PPE ဝတ်စုံတွေ အဲဒါတွေကို ဝတ်ရပါတယ်။ ဒါတွေက အများကြီးရောဂါကို ကာကွယ်ပါတယ်။ ကျွန်တော်ဆိုရင် လူနာတွေရဲ့ဘေးမှာ နာရီပေါင်း ၃၀ ကျော်ကြာ လူနာတွေဆီသွားပြီး လူနာတွေကို အားပေးစကားပြောပါတယ်။ လူနာတွေ ရေသောက်ချင်ရင် ရေတိုက်ခဲ့ပါတယ်။ ဒီလို နာရီပေါင်း ၃၀ တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေး နည်းလမ်းတွေကို နည်းလမ်းမှန်ကန်စွာ သုံးစွဲတဲ့အတွက် ယနေ့ထက်တိုင် ဘာရောဂါမှ ကျွန်တော် မဖြစ်ပါဘူး။

သို့သော်လည်း ကျွန်တော်တို့ရဲ့ အုပ်စုအဖွဲ့မှာ တစ်ဦးသောလူက Positive ဖြစ်နေတယ်။ ရောဂါပိုးဖြစ်နေတယ်။ ဒီလိုရှိနေတာကို မသိလိုက်ဘဲနဲ့ အတူတကွ ထမင်း ၁၀ မိနစ်လောက်စားခဲ့တဲ့ ၁၄ ယောက်က တစ်မဟုတ်ချင်း ရောဂါကူးစက်သွားတဲ့အတွက် ဒီရောဂါသည် အလွန်သတိထားပြီး အများပြည်သူတွေ စည်းစနစ်နဲ့နေထိုင်မယ်ဆိုရင် ရောဂါကနေ ကင်းဝေးနိုင်ပါတယ်ဆိုတဲ့ အကြောင်း ကျွန်တော် အလေးအနက် ပြောကြားလိုပါတယ်ခင်ဗျာ။

ဒေါက်တာသူဇာချစ်တင်။   ။ ဒီမှာဆက်မေးထားတာက ကိုယ်ခံအားကောင်းရင် ရောဂါမကူးစက်နိုင်ဘူးလား၊ သွေးကြောကတစ်ဆင့် ကူးစက်နိုင်သလား၊ ပိုးသတ်ဆေးတွေသွင်း၊ အောက်ဆီဂျင်တွေရှူပြီး ဆေးရုံကဆင်းတဲ့စာအုပ်ရပြီးတာတောင် အိမ်မှာလည်း ၇ ရက်နေပြီးပြီ သူတို့ပြန်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင် ဘာအထောက်အထားတွေ လိုမလဲဆိုတာတွေကို ဆရာအနေနဲ့ လမ်းညွှန်ပေးပါဦး။

ပါမောက္ခဒေါက်တာအောင်သိန်းဌေး။  ။ လူတစ်ယောက်ရဲ့ ကိုယ်ခံအားဆိုတာ အမြဲတပ်အပ် ပြောလို့ရတာ မဟုတ်ပါဘူး။ အနိုမ့်အကျ၊ အတက်အမြင့်ဆိုတာ ရှိနေတတ်ပါတယ်။ ဥပမာ - အိပ်ရေးပျက်တယ်ဆိုရင် ကိုယ်ခံအားကျသွားမယ်။ စိတ်ဖိစီးတာတွေ၊ အစားအသောက်တွေ မှန်မှန်မစားနိုင်တဲ့အချိန်ကြရင် ကိုယ်ခံအားကျသွားတဲ့အတွက် ကိုယ်ခံအားကောင်းရင် ရောဂါပြီးမယ်ဆိုတာထက် ကာကွယ်ရေးနည်းလမ်းတွေကို ဦးစားပေးပြီး လိုက်နာဆောင်ရွက်နေထိုင်ပါလို့ ပြည်သူတွေကို မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ခုက သူများတွေပြောနေတိုင်း ဒီရောဂါက ဒဏ်ရာအနာတရကနေပြီး ဒီဒဏ်ရာပေါ်ကို တခြားရောဂါရှိတဲ့သူရဲ့ သွေးတွေကျလာပြီး အေအိုင်ဒီအက်စ်လို ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါဘူး။ နှာခေါင်းကတစ်ဆင့် အသက်ရှူလမ်းကြောင်းကတစ်ဆင့်ဝင်ပြီး ခန္ဓာကိုယ်ထဲကို ရောက်ရှိတတ်တဲ့ ဥစ္စာမျိုးဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကူးစက်ပုံ၊ ကူးစက်နည်းတွေကို မှားယွင်းစွာလက်မခံဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။

လူနာတွေက ရောဂါဖြစ်ပြီးသွားပြီ သူတို့က ၁၀ ရက်လည်း တိတိကျကျ ကုသရေးဌာနနဲ့ ဆေးရုံတွေမှာ နေခဲ့တယ်။ ပြီးရင်အိမ်မှာ ၇ ရက်ခန့် သူတို့ ကောင်းကောင်းမွန်မွန် အနားယူခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဒီလူနာသည် ရောဂါကူးစက်နိုင်စွမ်း မရှိတော့ဘူးဆိုပြီး ကျွန်တော်တို့က မှတ်ချက်ပြုထားပါတယ်။ သူတို့က ဆက်လက်ပြီး ပိုးစစ်ဆေးတာကို မလုပ်ဘဲနေရင်လည်း ရပါတယ်။ အလုပ်ကိုလည်း ကျွန်တော်တို့က တိုက်တွန်းပါတယ်။ စစ်ဆေးရင်လည်း မမှန်မကန်ဘဲနဲ့ ရောဂါပိုးတွေ ဆက်ရှိနေတယ်လို့ အဖြေထွက်နိုင်တဲ့အတွက် မစစ်ဆေးတော့ဘဲ ဒီလူနာ၊ ဒီပုဂ္ဂိုလ်သည် ၃ လတိတိ သူမှာရှိခဲ့ဘူးတဲ့ရောဂါကို တခြားသူတွေ မကူးပါဘူးဆိုတာ ပြည်သူတွေကို အသိပေးလိုပါတယ်။

ဒေါက်တာသူဇာချစ်တင်။   ။ နောက်ဆုံးမေးခွန်းတွေအနေနဲ့ ဆီးချို၊ သွေးတိုး သမားတွေ ကိုဗစ်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာပြလဲ၊ သွေးအုပ်စုနဲ့ပတ်သက်ပြီး သွေးအုပ်စု “ဘီ” သမားတွေက ပိုပြီးကူးစက်နိုင်ခြေများတယ်၊ ရောဂါကိုလည်း ဆိုးရွားစွာခံစားနေရတယ်ဆိုတာ ဟုတ်ပါသလား ဆိုတဲ့ မေးခွန်းတွေကို ဖြေကြားပေးပြီး ဆရာ့အနေနဲ့ ပြောကြားလိုတာရှိရင် ပြောကြားပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ပါမောက္ခဒေါက်တာအောင်သိန်းဌေး။   ။ ဆီးချို၊ သွေးတိုး ရောဂါအခံရှိတဲ့သူတွေက ကိုဗစ်ရောဂါ ဝင်လာပြီဆိုရင် အင်မတန်မှ ဒုက္ခပေးပါတယ်။ သူတို့က သာမန်ဘာမှရောဂါအခံ မရှိတဲ့သူထက် ရောဂါကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ ဆီးချိုတွေ တစ်ခါတည်း တစ်ရှိန်ထိုးတိုးတက်လာမယ်၊ သာမန်သောက်နေတဲ့ ဆေးတွေနဲ့ထိန်းလို့မရတော့ဘူး သတိလစ်တယ် စသည်ဖြင့် ဆီးချိုရဲ့ လက္ခဏာတွေ၊ နောက်တစ်ခါတည်း ပြင်ပကနေ ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်ပြီး ချောင်းတွေ အဆက်မပြတ်ဆိုးတယ်။ သူများထက် ပိုပြီးမောတယ်။ ဒီလိုမျိုး ရောဂါလက္ခဏာတွေကို ကုသရေးစင်တာမှာ တွေ့ရှိနေရတဲ့အတွက် ဆီးချိုသမားတွေအနေနဲ့ မိမိကုသနေတဲ့ ဘောင်အတွင်းကနေ ပြောင်းလဲပြီး ဆိုးဆိုးရွားရွား တစ်စုံတစ်ခုဖြစ်လာပြီ၊ အဖျားတွေ တက်လာပြီဆိုရင် ခုနက ပြောသလို ဆီးချိုတွေ တစ်အားထိန်းမရဖြစ်လာပြီဆိုရင် ကိုဗစ်ရောဂါကိုလည်း မမေ့ပါနဲ့ ဒါတွေကို အမှန်ဆုံး ဟုတ် / မဟုတ်ဆိုတာ ခွဲခြားစိတ်ဖြာပြီး ကုသစေချင်ပါတယ်။

နောက်တစ်ခုက အများပြည်သူတွေ ထင်ထားတဲ့ သွေးအုပ်စုတွေပေါ်မှာ မူတည်ပြီး ရောဂါအတိမ်အနက် အညှာအတာ ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သွေးအုပ်စု “ဘီ” တွေကရောဂါကို ပိုဖြစ်ပွားစေတယ်ဆိုတဲ့ ယုံကြည်ချက်တွေက မမှန်ကန်ပါဘူး။ ဆေးသိပ္ပံပညာရပ်အနေနဲ့ သွေးအုပ်စုက မည်သို့ပင်ဖြစ်စေ ရောဂါက တူညီစွာအကျိုးသက်ရောက်တယ် ဆိုတာကို နားလည်စေချင်ပါတယ်။

အများပြည်သူတွေအနေနဲ့ လက်ဆေးတာကို ဆပ်ပြာနဲ့ ရေကို အသုံးချပြီး ယုံယုံကြည်ကြည် ကိုဗစ်ရောဂါကို ကာကွယ်ပါ။ ဘာကြောင့်လဲဆိုတော့ လက်ဆေးခြင်းဖြင့် ကျွန်တော်တို့ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်း ၁၂၃ သန်းရဲ့အသက်ကို နှစ်စဉ်ကယ်တင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွဲစိတ်ဆရာဝန်တွေ အားလုံးက မခွဲစိတ်ခင်မှာ မိမိရဲ့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးပြီးမှသာ လူနာကို ခွဲစိတ်ရပါတယ်။ ဒီလို ဆပ်ပြာနဲ့ဆေးပြီး ခွဲစိတ်တဲ့အတွက် လူတွေရဲ့ အသက်ကယ်တဲ့ ခွဲစိတ်မှုအားလုံးက အောင်မြင်ပြီး အများစုခံစားနေရတဲ့ ရောဂါကနေ ကင်းဝေးသွားတယ်ဆိုတဲ့  သက်သေသာဓကတွေကို ကမ္ဘာမှာရှိတဲ့ဆရာဝန်တွေက လုံးဝလက်ခံထားပါတယ်။ ဒါကျွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ လက်မှန်မှန်ဆေးပြီး လူနာကို ကိုင်တွယ်ခွဲစိတ်တဲ့ အကျိုးသက်ရောက်မှုပါခင်ဗျာ။

ဒါကြောင့် အများပြည်သူတွေအနေနဲ့ ယုံကြည်စွာနဲ့ ကိုဗစ်ရောဂါ ကာကွယ်၊ ကုသခြင်းတွေကို လိုက်နာကျင့်ကြံပေးကြပါ။ လက်ကို မှန်မှန်ဆေးပါ၊ Mask ကို တပ်ပါ၊ Face Shield ရှိရင် ဝတ်ပါ၊ လူတွေနဲ့ စုစုစည်းစည်းမနေကြပါနဲ့ လူစုလူဝေးကိုရှောင်ပါ၊ ဒါတွေက ဘာမှငွေကုန်ကြေးကျများတဲ့ ကိစ္စမဟုတ်ပါဘူး။ အများပြည်သူတွေ ကိုဗစ်ရောဂါကနေ ကင်းဝေးကြပါစေလို့ ကျွန်တော် ဆုတောင်းမေတ္တာပို့သပါတယ်။

ဒေါက်တာသူဇာချစ်တင်။   ။ ဆက်လက်ပြီး နည်းဗျူဟာနဲ့ မူဝါဒပိုင်းဆိုင်ရာ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ဒေါက်တာအေးသိန်းကို ဖိတ်ခေါ်ပါတယ်။

ဒေါက်တာအေးသိန်း။   ။ ကျွန်တော့်အနေနဲ့ ဖြေကြားရမယ့်မေးခွန်းက ကွာရန်တင်းကိစ္စနဲ့ ပတ်သက်ပါတယ်။ မေးခွန်းရှင်က ဝန်ထမ်းတစ်ဦးဖြစ်ပြီး တိုက်ခန်းတစ်ခန်းမှာ အတူနေထိုင်သူက ပိုးတွေ့သွားတဲ့အခါ သူကသီးခြားအိပ်ခန်းတွေနဲ့ နေထိုင်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ တိုက်ခန်းမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အတွက် Home Quarantine နေလို့ရသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဖြေကြားလိုတာက သူ့ရဲ့အခန်းဖော်၊ တိုက်ခန်းမှာအတူ နေထိုင်တဲ့သူသည် ပိုးတွေ့သွားတဲ့အတွက်ကြောင့် မေးခွန်းရှင်ကလည်း ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ နီးစပ်တဲ့သူ Primary Contact ဖြစ်သွားတဲ့အတွက် Home Quarantine နေလို့မရဘဲ သတ်မှတ်ထားတဲ့ Facility Quarantine မှာ သတ်မှတ်ကာလ ပြည့်အောင်နေထိုင်ပြီး ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ပြီး အဖြေ Negative ဖြစ်တယ်ဆိုမှ Home Quarantine ၇ ရက် ဆက်လက်နေထိုင်ဖို့ လိုအပ်ပါတယ်ဆိုတာကို ဖြေကြားပေးလိုပါတယ်။

နောက်တစ်ခုက Facility Quarantine တွေမှာ ဓာတ်ခွဲစစ်ဆေးရာမှာ အခကြေးငွေပေးရ သလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ Facility Quarantine တွေစတင်လုပ်တဲ့အချိန်ကနေ အခုအချိန်ထိ နိုင်ငံတော်အစိုးရက Primary Contact တွေ၊ ပြည်ပက ပြန်လည်ဝင်ရောက်လာသူတွေ၊ Stay at Home မြို့နယ်တွေကနေ ကွာရန်တင်းဝင်ရောက်သူအားလုံးကို ဓာတ်ခွဲစစ်ဆေးခ ကောက်ခံခြင်း မရှိဘဲ ယခုအချိန်ထိ အခမဲ့စစ်ဆေးပေးနေတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ငွေကျပ်တစ်သောင်းကောက်ခံပြီး စစ်ဆေးပေးသလို လေကြောင်းလိုင်းတွေ ပျံသန်းတဲ့အခါ လေယာဉ်စီး ခရီးသည်တွေကို လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှုတွေကို သတ်မှတ်ထားတဲ့ ငွေကျပ်တစ်သောင်းကောက်ခံပြီး စစ်ဆေးပေးပါတယ်။ Primary Contact တွေကို ငွေကြေးကောက်ခံခြင်းမရှိဘူး ဆိုတာကို ဖြေကြားပေးလိုပါတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံမှာ Stay at Home မြို့နယ်တွေကို ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သတ်မှတ်ထားပါသလဲ။ နေပြည်တော်ကရော Stay at Home မြို့နယ်အဖြစ် သတ်မှတ်ပါသလားဆိုတဲ့ ဒီမေးခွန်းကိုဖြေကြားရမယ်ဆိုရင် နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်လုံးသည် Stay at Home မြို့နယ် မဟုတ်ပါဘူး။ အခုလက်ရှိ Stay at Home မြို့နယ် သတ်မှတ်ထားတဲ့ မြို့နယ်ပေါင်း ၇၄ မြို့နယ်ရှိပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ၁၇ မြို့နယ်လုံး ပါဝင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုကိုးကျွန်း မြို့နယ်ကလွဲပြီး ကျန်တဲ့ ၄၄ မြို့နယ်ပါဝင်ပါတယ်။ မွန်ပြည်နယ်မှာ မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်တွေ၊ မန္တလေးတိုင်းဒေသကြီးမှာ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ အမရပူရမြို့နယ်တွေ၊ ပဲခူးတိုင်းဒေသကြီးမှာ ကဝ၊ ပဲခူးနဲ့ သနပ်ပင်မြို့နယ်တွေ၊ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်၊ ဖျာပုံနဲ့ မအူပင် မြို့နယ်တွေ၊ ကချင်ပြည်နယ်မှာ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်တွေ ပါဝင်ပါတယ်။

ကချင်ပြည်နယ်ရဲ့ Stay at Home အခြေအနေကို တင်ပြရမယ်ဆိုရင် ကချင်ပြည်နယ်မှာ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်ကို Stay at Home စတင်ကြေညာတာ နှစ်လပြည့်ခဲ့ပြီဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်မှာ ပိုးတွေ့သူတွေက အထိုက်အလျောက်နည်းပါးလာပြီး အဆင်ပြေနေသော်လည်း ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိတဲ့ ဖားကန့်မြို့နယ်က ဒီတစ်လအတွင်းမှာ ပိုးတွေ့လူနာက နေ့စဉ်တွေ့နေတုန်းဖြစ်ပါတယ်။

ဒီကိစ္စကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးကော်မတီရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အလှူရှင်တွေ၊ ပရဟိတလူငယ်တွေက ကချင်ပြည်နယ်မှာ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ Mask and Face Shield Campaign တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်သူတွေကို သတင်းစကားပြောကြားလိုတာက ကျွန်တော်တို့တွေ အခုလို အင်တိုက်အားတိုက် ဆောင်ရွက်နေတဲ့အချိန်မှာ ပြည်သူတွေကလည်း ညွှန်ကြားချက်တွေ၊ လိုက်နာရမယ့် အချက်အလက်တွေကို တိတိကျကျ လိုက်နာနေထိုက်ကြမယ်ဆိုရင် Stay at Home ကာလက တိုတောင်းသွားပြီး ပိုးတွေ့လူနာတွေ ကျဆင်းသွားမယ်ဆိုတာကို တင်ပြလိုပါတယ်။

ဒေါက်တာသူဇာချစ်တင်။   ။ နောက်မေးခွန်းတွေက ကူးစက်ရောဂါတွေ၊ ကူးစက်မှုနဲ့ဆိုင်တဲ့ အပိုင်းတွေဖြစ်ပြီး ဒီအပိုင်းတွေကို ကျွန်မက ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးခွန်းတစ်ခုမှာ မေးထားတာက အစားအသောက်ကို Delivery နဲ့မှာပြီးစားလေ့ရှိသူပါ။ သူစိတ်ပူတာက အစားအသောက်ကို ချက်ပြုတ်တဲ့သူက ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံနေရသလားမသိဘဲ သူက အစားအစာကို ချက်ပေးလိုက်ရင်၊ အဲဒီလူချက်ပေးလိုက်တဲ့ အစားအသောက်ကို စားရင် အန္တရာယ်ကင်းနိုင်သလား၊ နောက်ပြီး စားသောက်ဆိုင်မှာ ဝယ်တဲ့သူက ကိုဗစ် Positive မှန်းမသိဘဲ ဝယ်လိုက်ရင်  အဲဒီလူထံက ပိုးကူးနိုင် သလားဆိုတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးဖြေရရင် အခုအချိန်အထိ အစားအသောက်က ကူးစက်တယ်ဆိုတဲ့ သက်သေအထောက်အထား မရှိသေးပါဘူးလို့ ဖြေကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစားအသောက်တွေ ချက်ပြုတ်တဲ့အပူချိန်က အခြားဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို သေစေသလို ကိုဗစ်ကိုလည်း သေစေပါတယ်။ နောက်တစ်ခုက အစားအသောက်ကို ထုပ်ပိုးတဲ့ Package တွေမှာလည်း ဒီရောဂါပိုးက ပြန့်ပွားပေါက်ပွားတာမရှိဘူးဆိုတာကို တွေ့ရပါတယ်။

တကယ်လို့ စိတ်မချရင် Delivery မှာတဲ့ အစားအသောက်ရောက်လာရင် ကိုယ်ကကိုင်မိရင် အဓိက သေချာလက်ကိုဆေးမယ်၊ စက္ကန့် ၂၀ ကြာအောင် လက်ဆေးမယ်ဆိုရင် ကိုယ့်မှာရောဂါ မကူးနိုင်ဘူးလို့ ဖြေကြားလိုပါတယ်။ အစားအသောက်ကနေ ကူးစက်တာ အခုအချိန်ထိ သစ်သီးတွေ၊ သစ်ရွက်တွေကနေ ကူးစက်တာမရှိသေးပါဘူးလို့ ဖြေကြားလိုပါတယ်။ ဒါပေမယ့် ဒါတွေကို သေချာဆေးကြောဖို့၊ လက်သန့်ရှင်းဖို့က အဓိက ဖြစ်ပါတယ်။

နောက်တစ်ခုက ကူးစက်တဲ့အခါ ပိုးတွေ့တဲ့သူနဲ့အတူနေရင် ဘယ်နှရက်လောက်မှာ ပိုးကူးစက်နိုင်သလဲ၊ ဘာလက္ခဏာမှမပြရင် စိတ်ချရသလားဆိုတာ မေးထားပါတယ်။ ဒါကိုဖြေကြားရရင် ဆရာဦးအောင်သိန်းဌေးဆိုရင် ပိုးရှိတဲ့သူနဲ့ နာရီ ၃၀ ကြာအောင် နေတာတောင်မှ ရောဂါပိုး မကူးစက်ပါဘူး။ ရောဂါပိုး မကူးစက်အောင် Mask ကို သေချာတပ်မယ်၊ လက်ဆေးမယ်၊ Social Distancing သေချာနေမယ်ဆိုရင် အတူနေပေမယ့် မကူးနိုင်ပါဘူး။ ဒါပေမယ့် အတူနေတယ်၊ သူနဲ့ ၁၅ မိနစ်လောက် ထိတွေ့တယ်၊ စကားပြောတယ်၊ အကာအကွယ်လည်း ဘာမှတပ်မထားဘူး၊ ၆ ပေအကွာလည်း မနေဘူးဆိုရင် ဒါက ကူးစက်နိုင်ပါတယ်။

ကူးစက်ပြီဆိုရင်စပြီး ဘယ်နှယောက်လောက် ကူးစက်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ Exposure ဖြစ်တဲ့အချိန်ကစပြီး ကူးစက်တယ်။ ဒါပေမယ့် ချက်ချင်းလက္ခဏာ မပြဘူး။ ၅ / ၆ ရက် နေမှ လက္ခဏာပြတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိတဲ့သူ တော်တော်များများရဲ့ ၆၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာမပြတဲ့အတွက် ခုနလူကလည်း ရောဂါလက္ခဏာမပြဘဲနဲ့ ရှိချင်ရှိမယ်။ ဒါပေမယ့် စနစ်တကျ မနေထိုင်ဘူးဆိုရင် သူ့ကို ရောဂါပိုးကူးစက်နိုင်ပါတယ်ဆိုတာ ဖြေကြားလိုပါတယ်။

နောက်တစ်ခုက Positive ဖြစ်ပြီးတဲ့လူနာသည် ဆေးရုံနေပြီးပြီ၊ ကွာရန်တင်းမှာ နေပြီးပြီ၊ အိမ်မှာနေရင် ဘယ်နှရက်အထိနေရမယ်ဆိုတာကို အားလုံးလည်းဖြေကြားပြီးပါပြီ။ ထပ်ပြီးဖြေရမယ်ဆိုရင် အိမ်မှာလည်း သီးခြားနေဖို့၊ သီးခြားစားဖို့၊ Mask တပ်ဖို့လိုပါတယ်။ အိမ်မှာ ၇ ရက်နေရမယ်လို့ ဆက်ပြီးဖြေကြားလိုပါတယ်။

နောက်တစ်ခုက Surgical Mask သုံးလွှာနဲ့ KN95 Mask ဘယ်အရာက စိတ်ချရသလဲလို့ မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ KN95 Mask က ပိုပြီးစိတ်ချရပါတယ်။ အထောက်အထားတွေ လည်းရှိတဲ့အတွက် KN95 Mask ကို အမြဲတပ်ဆင်မယ်ဆိုရင် တပ်ဆင်ဖို့ အကြံပေးလိုပါတယ်။

Testing နဲ့ ပတ်သက်ပြီးမေးထားတဲ့ကိစ္စကို ဖြေကြားရရင် အခုရောဂါပိုး ရှိ / မရှိကို နှစ်ခုနဲ့ စစ်ဆေးနေပါတယ်။ Rapid Diagnostic Test Kit လို့ခေါ်တဲ့ Antigen Test နဲ့စစ်ဆေးတာ၊ နောက်တစ်ခုက PCR Test လို့ခေါ်တဲ့ NHL နဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးတာဆိုပြီး နှစ်ခုနဲ့ ဆောင်ရွက်နေပါတယ်။

ကားသမားတွေကိုစစ်နေတဲ့ RDT Test က စိတ်ချရရဲ့လား၊ မှန်ရဲ့လားဆိုတဲ့ မေးခွန်းကို ဖြေကြားလိုပါတယ်။ Rapid Diagnostic Test (RDT Test) ရဲ့စိတ်ချရမှုကို ဆန်းစစ်ကြည့်တဲ့အခါ Positive ဖြစ်တယ်ဆိုရင် ဒါကသေချာပါတယ်။ ရာခိုင်နှုန်းပြည့် စိတ်ချရပါတယ်။ ပြောရမယ်ဆိုရင် Positive ဆိုရင် တော်တော်မှန်ကန်ပါတယ်။ ဒါပေမယ့် Negative ဖြစ်တယ်ဆိုရင် အတိအကျမှန်ကန်တယ်လို့ ပြောလို့မရပါဘူး။ Negative ဖြစ်တယ်ဆိုရင် အခြား PCR Test နဲ့ ပြန်စစ်ရတာတွေ ရှိပါတယ်။

RDT Test က Negative ထွက်ပေမယ့် မမှန်နိုင်ဘူးဆိုရင် ဘာလို့စစ်ရတာလဲဆိုပြီး မေးစရာရှိပါတယ်။ စစ်ရတဲ့အကြောင်းကတော့ RDT Test နဲ့ စစ်ခြင်းဖြင့် အဖြေမြန်မြန်ရပါတယ်။ Positive သမားကို မြန်မြန်သိပြီး မြန်မြန်ခွဲထုတ်လို့ရပါတယ်။ မြန်မြန်ကုသလို့ရပါတယ်။ Contact တွေကိုလည်း များများရှာနိုင်ပါတယ်။ သူ့ဆီကနေ အခြားသူတွေကို မထိတွေ့နိုင်အောင်လည်း လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။

RDT Test နဲ့စစ်ပြီး ရောဂါရှိရဲ့သားနဲ့ ဘာကြောင့်ပိုးမတွေ့တာလဲဆိုရင် သူက အကြောင်းအမျိုးမျိုး ရှိပါတယ်။ ရောဂါကူးတဲ့ အချိန်အစောပိုင်းကာလမှာ ပိုးမတွေ့နိုင်ပါဘူး။ သူက ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းကို စစ်တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ Sample ထဲမှာ ပရိုတိန်းရဲ့ ပမာဏက အများကြီး မရှိဘူးဆိုရင် တစ်ခါတစ်လေ Negative ဖြစ်သွားနိုင်ပါတယ်။

တစ်ခါတစ်လေ နှာခေါင်းတို့ဖတ်ယူတဲ့အခါ အပေါ်ယံလောက်ပဲယူမိရင် Negative တွေ ဖြစ်နိုင်ပါတယ်။ ဒါက Quality of the Sample အပေါ် မူတည်ပါတယ်။ RDT Test မှာ Negative ပြပေမယ့် တစ်ခါတစ်လေ Positive ရှိနိုင်ပါတယ်။ ရှိနိုင်တဲ့ ရာခိုင်နှုန်းကလည်း ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရှိရပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမှာလည်း RDT Test နဲ့စစ်ပြီး ဒုတိယအကြိမ် PCR စစ်တဲ့အခါ Positive ပြန်ဖြစ်တာတွေ ရှိပါတယ်။

နောက်တစ်ခုက တတိယလှိုင်းဆိုတာ ဘယ်အချိန်မျိုးမှာခေါ်တာလဲဆိုတာကို ဖြေကြားလိုပါတယ်။ အားလုံးသိတဲ့အတိုင်း ဒုတိယလှိုင်းကာလကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က နိုင်ငံတွေအားလုံး တွေ့ကြုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားတဲ့ ပထမလှိုင်းကာလမှာ တော်တော်လေး တင်းတင်းကြပ်ကြပ် စည်းကမ်းတွေကို လိုက်နာပြီး ထိန်းချုပ်ခဲ့ပါတယ်။

ဒါကိုဖြေလျော့ပေးလိုက်တဲ့အခါ ကျွန်မတို့ နိုင်ငံတင်မဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဒီလိုဖြေလျော့မှုတွေ လုပ်လိုက်တဲ့အခါ စည်းစနစ်ကြီးတဲ့ ကိုဗစ်ရဲ့ စည်းကမ်းကို မလိုက်နာတဲ့သူတွေ များတဲ့အတွက် ဒုတိယလှိုင်းဆိုပြီး တွေ့ရတာဖြစ်ပါတယ်။

တတိယလှိုင်းဆိုတာကို ဘယ်လိုခန့်မှန်းထားသလဲဆိုရင် အခုနှစ်သစ်ကူးတော့မယ်၊ ခရစ်စမတ်ကာလတွေ ဖြစ်တော့မယ်၊ နှစ်သစ်ကူးကာလ ရက်ရှည်တွေပိတ်တော့မယ် ဒီလိုအချိန်မှာ ပြည်သူလူထုအားလုံးက ကိုဗစ်ရဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒီလိုမှ မလိုက်နာဘူးဆိုရင် တတိယလှိုင်းလည်း ဖြစ်လာနိုင်တယ်ဆိုပြီး WHO က ခန့်မှန်းထားတာတွေ ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုဗစ်ပထမလှိုင်းကာလအတွင်း Positive လူနာ   ၄ ယောက်ပဲရှိပါတယ်။

အခုဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၆၄ ယောက်ဆိုတော့ အဆတစ်ရာကျော်တောင် တက်လာပါတယ်။ ပြည်နယ်အစိုးရတွေ၊ ဌာနဆိုင်ရာတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေ ဒါတွေအကုန်လုံး ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး ကာကွယ်ရေးအပိုင်းနဲ့ ကုသရေးအပိုင်းမှာပါ ကျွန်မတို့တွေ အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။

အဓိက ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုက အရေးကြီးဆုံးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာကြဖို့၊ ဒီစည်းစနစ်အတိုင်းလိုက်နာမှ ကူးစက်မှုကို ဖြတ်တောက်နိုင်မှာ ဖြစ်တဲ့အတွက် လိုက်နာကြဖို့ လိုပါတယ်။ ပြည်သူလူထုကို ကျွန်မ အသိပေးပန်ကြားလိုတာက မကြာခင်မှာ ခရစ်စမတ်ကာလ ရောက်ပါတော့မယ်။ ပြီးရင် နှစ်သစ်ကူးကာလရောက်ပါမယ်။ ပိတ်ရက်ရှည်တွေ ရပါတော့မယ်။

ဒီအချိန်မှာ ကျွန်မတို့အားလုံးက ကိုယ့်အိမ်မှာ ဒီပွဲတော်တွေကိုဆင်နွှဲပြီး အတတ်နိုင်ဆုံး လူစုလူဝေးတွေ မလုပ်ဖို့၊ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ ဒါလေးကို မေတ္တာရပ်ခံချင်ပါတယ်။ နောက်နှစ်တွေမှာ ဒီပွဲတွေ အများကြီးရှိဦးမှာပါ။ နောက်နှစ်တွေမှာ ကျွန်မတို့ ချစ်ခင်တဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ဖို့အတွက် ဒီကာလကိုထိန်းချုပ်ပြီး သည်းခံကြပါလို့ မေတ္တာရပ်ခံပန်ကြားရင်းနဲ့ ကျွန်မတို့ရဲ့ ဆွေးနွေးပွဲကို  နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။