ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

articles_advs

ထက်လျှံ၊ ဓာတ်ပုံ- ဇော်မင်းလတ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။   ။           မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အဓိကတာဝန်ယူပြီး ရောဂါဖြစ်ပွားမှု သတင်းအချက်အလက် ထုတ်ပြန်တာနဲ့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိနေရာမှာ ဒီနေ့အထိ ကိုဗစ် - ၁၉ အတည်ပြုလူနာပေါင်း ၆၀၀၀၀ ကျော်၊ ဆေးရုံဆင်းခွင့်ရရှိ သူ ၅၀၀၀၀ နီးပါးနဲ့ သေဆုံးသူက စုစုပေါင်း ၁၅၀၀ ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။

အာဆီယံဒေသအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက တတိယနေရာမှာ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ရောဂါကာကွယ်ထိန်းချုပ်မှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုမှာ အရေးအကြီးဆုံး ဖြစ်တာကြောင့် မိမိနဲ့ မိမိရဲ့ မိသားစု၊ ပတ်ဝန်းကျင်ကို ရောဂါကူးစက်ခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အရင်ကထက်ပိုပြီး တိတိကျကျလိုက်နာဆောင်ရွက်ပေးကြဖို့ ထပ်တလဲလဲ တိုက်တွန်းနေရပါတယ်။

ပြည်သူတွေကြားမှာ ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို သိရှိနိုင်စေဖို့အတွက် ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့က ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက ပြည်သူတွေသိရှိလိုတဲ့ မေးခွန်းတွေကို ဖြေကြားဆွေးနွေးလျက်ရှိရာမှာ ဒီနေ့ရဲ့ မေးခွန်း မေးမြန်း / ဖြေကြားဆွေးနွေးမှုမှာ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း [ဆေးပညာဌာန (အငြိမ်းစား)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင်]၊ ဒေါက်တာထွန်းမြင့် [ဒုတိယညွှန်ကြားရေးမှူးချုပ် (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး)၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(ဒုတိယဥက္ကဋ္ဌ)] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါက်တာထွန်းတင် [ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားကြမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးမှုတွေကို စတင်နိုင်ဖို့အတွက် ဒေါက်တာထွန်းတင်ကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာထွန်းတင်။    ။           ဒီကနေ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကနေ ကိုဗစ် - ၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ကြည့်ရှုပြီး မိမိတို့ မေးထားတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး စောင့်မျှော်ကြည့်ရှုနေကြတဲ့ မိဘပြည်သူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ဒီနေ့အစီအစဉ်အတွက် မေးထားတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဆရာကြီးပါမောက္ခ ဒေါက်တာညွန့်သိန်းကို ဖြေကြားဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာညွန့်သိန်း။  ။           မင်္ဂလာပါခင်ဗျာ။ မေးထားတဲ့ မေးခွန်းတွေထဲမှာ နံပါတ် (၁) က ကိုဗစ် - ၁၉ ဖြစ်ပြီး အမျိုးသမီးတွေက အနည်းဆုံး ဘယ်လောက်လောက်နေမှ ကိုယ်ဝန်ဆောင်သင့်သလဲ၊ ကလေးယူသင့်သလဲ၊ ကိုယ်ဝန်ရှိလာရင် ဘယ်လိုဆောင်ရန် / ရှောင်ရန်တွေ လိုပါသလဲ ဆိုပြီး မေးထားပါတယ်။

ဆရာတို့ ခဏခဏ ပြောသလိုပါပဲ။ ကိုဗစ် - ၁၉ ရောဂါပိုးက ဖြစ်လာတာ ၁၀ / ၁၁ လရှိပြီ ဆိုပေမယ့် သူရဲ့အကြောင်းကို ရာနှုန်းပြည့် ကမ္ဘာပေါ်မှာ ဘယ်သူမှ မသိသေးပါဘူး။ ဒါပေမယ့် တွေ့ရှိချက်တွေ၊ သုတေသနတွေကနေ သိထားတာတွေ ရှိပါတယ်။

ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ရောဂါတွေ ဝင်ပြီဆိုရင် ပြဿနာတွေ ရှိတတ်ပါတယ်။ ဥပမာ - ရာသီတုပ်ကွေးလိုမျိုး၊ ရေကျောက်လိုမျိုး အဲဒါတွေက High Risk လို့ သတ်မှတ်ပြီး ပိုပြီးဂရုစိုက်ရတယ်၊ ပိုပြီးသတိထားရတယ်။ ဒီတော့ ကိုဗစ် - ၁၉ မှာ ဖြစ်ခါစက ဒီလိုပဲ ယူဆထားကြပါတယ်။ တကယ်တန်း လက်တွေ့မှာက အဲဒီလို မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တွေကို ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ တခြားကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ ပိုဖြစ်တယ်ဆိုတာကို မတွေ့ရပါဘူး။ အကယ်၍ ရောဂါကူးလာရင်လည်း သူက ပြင်းပြင်းထန်ထန် ပိုဖြစ်တာလည်း မတွေ့ရဘူး။ အသက်ဆုံးရှုံးတာလည်း မတွေ့ရပါဘူး။

နောက်တစ်ခုက ကိုယ်ဝန်ဆောင်နေချိန်မှာ ကူးစက်ရောဂါဖြစ်ရင် ကြောက်တတ်တဲ့၊ ကြောက်လေ့ကြောက်ထ ရှိတတ်ပါတယ်။ အခုကိုဗစ်ရောဂါ ဝင်သွားလို့ ကိုယ်ဝန်ဆောင်သယ်က ကလေးပျက်တာ၊ ကိုယ်ဝန်ပျက်တာတွေ မတွေ့ရဘူး။ နောက်ပြီး မွေးလာတဲ့ကလေးမှာလည်း ကိုယ်လက်အင်္ဂါမပြည့်မစုံတာ၊ ချို့ယွင်းတာတွေလည်း မတွေ့ခဲ့ပါဘူး။ ဒါက ကြောက်စရာမလိုတဲ့ သဘောပါ။

နောက်မိခင်ကနေ ကလေးကို ရောဂါပိုး ကူးစက်တတ်သလားဆိုတာကို ဘယ်သူကမှ ရာနှုန်းပြည့် မပြောနိုင်သေးပါဘူး။ တစ်ခုရှိပါတယ်။ တချို့နေရာတွေမှာ ကိုယ်ဝန်ရှိတုန်း ကိုဗစ် - ၁၉ ရောဂါ ဝင်လိုက်ရင် နည်းနည်းလေး လမစေ့ဘဲ ကြိုမွေးတာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ရှိလာပြီး မွေးပြီ ဆိုပါတော့။ မွေးတဲ့အခါမှာလည်း ဘာမှပြောင်းလဲတာမျိုး မရှိပါဘူး။ ပိုးမရှိတဲ့သူကို မီးဖွားပေးသလိုပါပဲ ပုံမှန်မွေးမယ့်သူကို ပုံမှန်အတိုင်း မွေးပေးလို့ရတယ်။ ခွဲစိတ်ဖို့ လိုအပ်သူကလည်း ခွဲစိတ်လို့ ရပါတယ်။ ဘာမှ ထူးထူးထွေထွေ လုပ်စရာမလိုပါဘူး။ လူနာကို မွေးတဲ့အချိန်မှာ Mask တပ်ပေးထားဖို့ပဲ လိုပါတယ်။ အဓိက မီးဖွားပေးမယ့် သူနာပြု၊ သားဖွား၊ ဆရာဝန်တို့ကသာ အကာအကွယ်ပစ္စည်းတွေ သေချာသုံးဖို့ လိုပါတယ်။

မွေးပြီးသွားတဲ့ မွေးကင်းစကလေးကို ပြုစုတဲ့အခါမှာလည်း အခုအားလုံး လက်ခံထားတာကတော့ ပိုးမရှိတဲ့ မိခင်လိုပဲကလေးကို ပြုစုလို့ရပါတယ်။ မိခင်နို့လည်း တိုက်လို့ရပါတယ်။ Mask ကို တပ်ပြီး ကလေးကို ပြုစုလို့ရပါတယ်။ မိခင်နို့လည်း တိုက်ခွင့်ပြုပါတယ်။ တချို့နေရာတွေမှာ သူတို့ စမ်းသပ်လိုက်တဲ့အခါ နှစ်ပတ်နေမှ ပေးတွေ့တာနဲ့ စောစောစီးစီး ပေးတွေ့တာမှာ စောစောစီးစီး ပေးတွေ့တာက ကလေးအတွက်ကော မိခင်အတွက်ပါကောင်းတယ်လို့ တွေ့ရှိရတဲ့အတွက် အခု နိုင်ငံအနှံ့အပြားမှာ မွေးပြီးတာနဲ့ ပေးတွေ့နေပြီဖြစ်ပါတယ်။

ခုနက ကိုယ်ဝန်နဲ့ပတ်သက်လို့ ကိုဗစ် - ၁၉ ဖြစ်ပြီး ဘယ်လောက်လောက်နေရင် ကိုယ်ဝန်ယူလို့ရတယ်ဆိုတဲ့ သုတေသနပြုမှုတွေ့တော့ မရှိပါဘူး။ ဒါပေမယ့် ကိုဗစ် - ၁၉ ရောဂါပိုးရဲ့ သဘော သဘာဝက ကိုယ်ခန္ဓာထဲရောက်ပြီး နှစ်ပတ်နေရင် သူများကို မကူးနိုင်ပါဘူး။ တချို့တွေက လမ်းညွှန်ချက်တွေ ရှိပါတယ်။ ရောဂါဖြစ်ပြီး နှစ်ပတ်ပြည့်မှ ကိုယ်ဝန်ယူဖို့ စီစဉ်ရင် အန္တရာယ်မရှိပါဘူးလို့ ပြောပါတယ်။

ဒါပေမယ့် မိန်းကလေး တစ်ယောက်ဟာ ကိုယ်ဝန်ရှိပြီဆိုရင် အချိန်တန်ပြီဆို ကိုယ်ဝန်ကို ပြသရမှာဖြစ်ပါတယ်။ တကယ်လို့ ရောဂါဖြစ်ပွားမှုကလည်း ကပ်အသွင်အရမ်းပျံ့နေတယ်။ Stay at Home အပါအဝင် ကန့်သတ်တားဆီးမှုတွေရှိပြီဆိုရင် စိတ်ပင်ပန်းမှုတွေရှိနိုင်တယ်။ ဒါကြောင့် အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်နေပြီဆိုရင် ကိုယ်ဝန်ယူမယ် / မယူဘူး ဆိုတာက ကာယကံရှင် မိခင်လောင်း၊ ဖခင်လောင်းတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်လို့ ပြောထားကြပါတယ်။ အခု ဆရာဖြေသွားတဲ့ အဖြေတွေအားလုံးက ကမ္ဘာပေါ်မှာရှိတဲ့ သားဖွားနဲ့ ဝမ်းဆွဲ အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ သားဖွားမီးယပ် ပါရဂူကြီးတွေရဲ့ အကြံဉာဏ်တွေ အားလုံးကို စုစည်းပြီးပြောတာပါ။

မိခင်အပြီး ကလေးနဲ့ပတ်သက်လို့ မေးထားတဲ့ မေးခွန်းတစ်ခုက ကလေးတွေ ကိုဗစ်ဖြစ်ရင် ဘယ်လိုကုသမှု ပေးပါသလဲ၊ သူတို့တွေက အများအားဖြင့် တခြားကလေးတွေနဲ့ မတူတဲ့အတွက်ကြောင့် သူတို့ကို သီးသန့်ထားပေးသလား၊ မိခင်တွေကိုကော နေခွင့်ပေးပါသလားလို့ မေးထားပါတယ်။ ကလေးတွေနဲ့ ပတ်သက်ပြီးပြောရရင် ကိုဗစ်ရောဂါက ကလေးတွေမှာ အရမ်းအဖြစ်နည်းပါတယ်။ ပထမလှိုင်းတုန်းက တချို့နိုင်ငံတွေမှာ ကလေးတွေ မဖြစ်ဘူးလို့ ယူဆတဲ့သူတွေ ရှိပါတယ်။

ဒုတိယလှိုင်းမှာ ကလေးတွေ စဖြစ်လာတယ်။ ဒီလိုဖြစ်လာပေမယ့်လည်း လူကြီးနဲ့ ယှဉ်လိုက်ရင် အရမ်းနည်းပါတယ်။ ဖြစ်လာတာက မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများမှာ ဖြစ်လာပါတယ်။ သို့ရာတွင် ရောဂါဖြစ်ပွားမှုနှုန်းက အတော်နည်းပြီး လူကြီးတွေဖြစ်လို့ လူကြီးတွေရဲ့ ထိတွေ့မှုကသာ ရောဂါဖြစ်ပွားမှန်းသိတာပါ။ ကိုဗစ်ရောဂါနဲ့ ဆေးရုံကိုလာတဲ့ ကလေးအလွန်နည်းပါတယ်။

တချို့တွေကလည်း ဆရာတို့ဆီမှာ ARI လိုခေါ်တဲ့ သိပ်မပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ လာတာတွေ ရှိပါတယ်။ သူတို့ကို ARI ကုသမှုလောက်နဲ့ ကောင်းသွားတာတွေ ရှိပါတယ်။ ဆရာတို့အနေနဲ့ နိုဝင်ဘာ ၆ ရက်နေ့အထိ စမ်းသပ်ထားတာရှိပါတယ်။ တစ်နှစ်အောက်ကလေး ၂၆၀၀ ကျော် စစ်ထားပါတယ်။ အဲဒီမှာ ၁၆၉ ယောက် Positive ဖြစ်ပါတယ်။ တစ်နှစ်ကနေ ၁၂ နှစ်မှာ ၁၈၀၀၀ ကျော် စစ်ထားတာ ၁၉၆၉ ယောက် Positive ဖြစ်ပါတယ်။ ဒါတွေ တော်တော်များက Contact တွေပါ။

ဒီပိုးတွေ့တဲ့ လူနာတွေထဲမှာလည်း စာရင်းဇယားတွေအရ စုစုပေါင်း ၂ ယောက်ပဲ အသက်ဆုံးခဲ့ရပါတယ်။ ဒီ ၂ ယောက်မှာ ပထမ တစ်ယောက်က ကားတိုက်လို့ ဆုံးပြီးမှ ရန်ကုန်ဆေးရုံကြီး ကို ရောက်လာလို့ Swab ယူလိုက်မှ Positive တွေ့တာပါ။ ကားတိုက်လို့ ဆုံးတာပါ၊ ကိုဗစ်ကြောင့် ဆုံးတာမဟုတ်ပါဘူး။ နောက်ကလေးတစ်ယောက်က သူမှာ မွေးရာပါရောဂါကြီး ၂ ခုပါတယ်။ အဲဒါကလည်း ခုနက ကိုဗစ်တွေ့လိုက်တဲ့အချိန်မှာ မွေးရာပါ ရောဂါတွေကြောင့် ဆုံးတာပါလို့ ယူဆတဲ့ အတွက်ကြောင့် ဒီ နှစ်ယောက်စလုံးက ကိုဗစ်ကြောင့် ဆုံးတယ်လို့ ပြောလို့မရပါဘူး။

ခုနက ကလေးအမေ မေးထားတဲ့ Autism ကလေးတွေနဲ့ပတ်သက်လို့ ပြောရရင် ကလေးတွေသည် Autism ပဲဖြစ်ဖြစ်၊ ရိုးရိုးကလေးပဲဖြစ်ဖြစ်၊ ဘယ်လိုကလေးပဲဖြစ်ဖြစ် ကိုဗစ်ရောဂါပိုးတွေ့လို့ ဆေးရုံတွေ၊ စင်တာတွေမှာ ထားရပြီဆိုရင် အမေမှာ ရောဂါပိုး မတွေ့ခဲ့ရင်တောင် အမေကို ကလေးနဲ့ အတူတူ ထားပေးပါတယ်။ အမေက အကာအကွယ်ပစ္စည်းတွေတပ်ပြီး ကလေးနဲ့အတူတူ နေခွင့်ပြုပါတယ်။ အမေကိုလည်း စစ်ဆေးပါတယ်။ အဲဒီလိုပဲ ဆေးရုံကရော၊ စင်တာတွေကရော ကလေးတွေကို အားလုံးအန္တရာယ်မရှိ ဆင်းသွားတာ အများကြီးပါ။

အမေတွေမှာလည်း ပိုးတွေ့တာတွေလည်း မရှိပါဘူး။ ဒါကြောင့် သိပ်ပြီးကြောက်လန့်စရာ မလိုပါဘူး။ ဒီအဖြေကို ဝေဘာဂီမှာရှိတဲ့ ကလေးတွေကို ကုသပေးနေတဲ့ ဆရာဝန်မကြီး အပါအဝင် တစ်နိုင်ငံလုံးက ကလေးဆိုင်ရာ တတ်သိနားလည်တဲ့ ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို မှီငြမ်းပြီး ဆရာဖြေကြားခြင်း ဖြစ်ပါတယ်။

နောက်ထပ် မေးခွန်းတစ်ခုက အထူးကုဆရာဝန်တွေ ဆေးခန်းတွေ ပြန်မထိုင်ကြတော့ဘူးလား၊ တစ်လ တစ်ကြိမ်ပြနေရတဲ့ လူနာတွေ ပြန်မပြရလို့ စိတ်ဖိစီးပြီး ရောဂါပိုဆိုးမှာ ကြောက်လို့ပါ ဆိုပြီး မေးထားပါတယ်။ ဟုတ်ပါတယ်၊ ကိုဗစ်အချိန်မှာ ကိုဗစ်ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ ရောဂါသည်တွေ၊ နာတာရှည်ရောဂါသည်တွေကို ကုသစောင့်ရှောက်ဖို့ လိုပါတယ်။ ရပ်လိုက်လို့ မရပါဘူး။ ရပ်လိုက်လို့ မဖြစ်ပါဘူး။ ခုနက အထူးကုဆရာတွေနဲ့ ပတ်သက်လို့ အုပ်စုကြီး ၂ ခုကို ဆရာ ပြောကြားလိုပါတယ်။

တစ်အုပ်စုက သက်ပြည့်အငြိမ်းစားယူပြီး အပြင်မှာ ဆေးခန်းထိုင်နေကြတဲ့ အထူးကုဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေ ရှိပါတယ်။ ဒီကိုဗစ်ရောဂါဖြစ်ခါစမှာ သူတို့ရဲ့ အသက်အရွယ်နဲ့ Stay at Home Policy ကြောင့် ဆေးခန်းတွေ မသွားနိုင်ကြပါဘူး။ နောက်အုပ်စုတစ်ခု ဝန်ထမ်းဆရာဝန်တွေပါ။ တာဝန်ချိန်ပြီးတဲ့ ညနေပိုင်းမှာ ဆေးခန်းသွားထိုင်တဲ့ ဆရာဝန်ကြီးတွေကျတော့လည်း ဒီရာသီ မှာ သက်ဆိုင်ရာဆေးရုံတွေမှာ ၂၄ နာရီအချိန်ပြည့် တာဝန်ယူနေရပါတယ်။ အများအားဖြင့် အိမ်ကို မပြန်နိုင်ကြပါဘူး။ မိသားစုနဲ့ ခွဲပြီးနေကြရပါတယ်။ ဒါတွေကြောင့်မို့ အထူးကုဆရာဝန်တွေက ပုဂ္ဂလိက ဆေးရုံ / ဆေးခန်းတွေ အပိုင်းမှာ လူအင်အား နည်းသွားတာပါ။

ဒါပေမယ့် ဒါတွေကို ဖြေရှင်းဖို့ဆိုပြီး သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံတွေ၊ ဆေးခန်းတွေ အားလုံးမှာ Tele Consultation ဆိုပြီး တယ်လီဖုန်းတွေ၊ မက်ဆင်ဂျာတွေနဲ့ လူနာတွေ၊ လူနာရှင်တွေက မေးမြန်းတာကို သူတို့ညှိနှိုင်းပြီး ပြန်ပြီးမေးတာတွေ ဖြေတယ်။ အကြံဉာဏ်တွေပေးတယ် ဒီလိုတွေကို လုပ်လည်းလုပ်ခဲ့ပါတယ်။ လုပ်လည်း လုပ်နေပါသေးတယ်။ ဆက်ပြီးလည်း လုပ်နေပါတယ်။

နောက်ဆုံးတစ်ခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ ပုံမှန်လည်ပတ်နိုင်အောင်ဆိုပြီး အခုကိုဗစ်ရောဂါပိုး ရှိ / မရှိ စစ်ဆေးတာအပြင် ကျန်တဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ ညှိနှိုင်းနေပြီး မကြာခင်မှာ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု ပိုရအောင် လုပ်လာမှာဖြစ်တဲ့အတွက် အဲဒါနဲ့ပတ်သက်လို့ စိတ်ပူစရာမလိုတော့ပါဘူးလို့ ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ စကားလက်ဆောင်ပါးချင်တာက အခု ဆရာ အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှာ ရွေးကောက်ပွဲ အောင်ပွဲရတာကို ခံစားကြည်နူးပီတိဖြစ်နေကြပါတယ်။ မင်္ဂလာအချိန်ပါ။ ဒါပေမယ့် အဲဒီမှာ အကြီးအကျယ် သတိထားရမှာက ကိုဗစ် - ၁၉ ရောဂါက ကမ္ဘာပေါ်မှာရော မြန်မာပြည်မှာပါ ရှိနေတုန်းပါ။ ရှိတာမှ ကမ္ဘာ့ရဲ့ အရှေ့နဲ့ အနောက်မှာရှိတဲ့ နိုင်ငံတော်တော်များများမှာ ပြန်ပြီးတော့ ပိုဖြစ်လာပါတယ်။

ဒါကြောင့် တချို့နိုင်ငံတွေနဲ့ အင်္ဂလန်လို နိုင်ငံမျိုးမှာ Total Lockdown နဲ့ Semi Lockdown လုပ်လိုက်ရပါတယ်။ ဒါကြောင့် ဆရာတို့လုပ်ခဲ့ကြတဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ မလိုအပ်ရင် အိမ်အပြင်မထွက်ပါနဲ့ Stay at Home နေပါ။ အပြင်ထွက်ရင် Social Distancing နဲ့အညီ ခပ်ခွာခွာနေပါ။ Mask ကို  စနစ်တကျ သေချာတပ်ပြီး စွန့်ပစ်ဖို့၊ နောက်ပြီး လက်ကို ဟိုထိ၊ ဒီထိ မလုပ်ပါနဲ့။ လက်ကို ဆပ်ပြာနဲ့ ဆပ်ပြာမရရင် ၇၀ ရာခိုင်နှုန်း အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည်နဲ့ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် ဆေးပေးပါဆိုတဲ့ ကာကွယ်ရေးလုပ်ငန်းကို လုံးဝ၊ လုံးဝ မလျော့ဘဲ ပိုပြီးတော့တောင် လုပ်ဖို့လိုမယ်လို့ ပြောချင်ပါတယ်။

ဆရာတို့ မဲပေးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေရော၊ ကာယကံရှင်တွေရော ဘယ်လောက်ပဲ ဂရုစိုက်စိုက် မဖြစ်မနေ လူတောထဲမှာ နေခဲ့ရတဲ့အတွက် ဒီလိုအချိန် မှာများ အကယ်၍ ဖျားလာရင်၊ ချောင်းဆိုးလာရင်၊ မောလာရင်၊ ကြပ်လာရင်၊ ရုတ်တရက် အနံ့ပျောက်သွားရင်တော့ သက်ဆိုင်ရာ၊ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆက်သွယ်ပြီး မြန်မြန်သွားကြဖို့ တော့ ဆရာတိုက်တွန်းချင်ပါတယ်။

အဲဒီတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခဏခဏပြောသလိုပါပဲ။ အောင်ပွဲတစ်ခုက ရှိနေပါပြီ။ နောက်ထပ် ကိုဗစ်အောင်ပွဲရရှိဖို့ ပြည်သူလူထုရဲ့ ပါဝင်မှုက အများကြီးလိုပါတယ်။ ဒါကြောင့် အားလုံးကျန်းမာ၊ ချမ်းသာစွာနဲ့ အောင်ပွဲကို အန္တရာယ်ကင်းကင်း ဆင်နွှဲနိုင်ကြပါစေလို့ ဆရာက ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာထွန်းတင်      ။           ။   ဆရာကြီးအနေနဲ့ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့တဲ့အတွက် လူနာတွေ၊ ပြည်သူတွေအနေနဲ့ သိချင်နေကြတဲ့ အပိုင်းတွေ၊ မရှင်းသေးတဲ့အပိုင်းတွေ ရှင်းသွားပြီလို့ ယူဆပါတယ်။ ဆက်လက်ပြီး မေးခွန်းတွေထဲက လက်ရှိကာလမှာ ပိုးတွေ့လူနာတွေ များလာတာကို သိပ်မရှိတော့တဲ့အတွက် ပြည်သူတွေအနေနဲ့ New Normal ကနေ အရင်လို ပြန်ပြီးနေ ထိုင်လာကြတာတွေ ရှိတဲ့အတွက် စိုးရိမ်နေကြပြီး ဆောင်ရွက်ထားတဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး မေးထားတာလေးရှိပါတယ်။ ဒါကို ဆရာကြီးဦးထွန်းမြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးအနေနဲ့ ဖြေကြားပေးစေလိုပါတယ်။

ဒေါက်တာ ဦးထွန်းမြင့်။ ။  ဆရာကြီး ဦးထွန်းတင် ကျေးဇူးတင်ပါတယ်။ သီတင်းကျွတ်ကာလမှာ လူငယ်တွေ၊ သားသမီးတွေက မိဘတွေ၊ ဘိုးဘွားတွေကို လိုက်လံကန်တော့ နေတာတွေလည်း ကျွန်တော်တို့က တွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ လူငယ်တွေကတော့ ရောဂါလက္ခဏာမပြဘူး။ ကျန်းကျန်းမာမာပဲ။ ကျန်းကျန်းမာမာတွေက မိဘ၊ ဘိုးဘွားတွေကို ကန်တော့တဲ့အခါ မိဘ၊ ဘိုးဘွားတွေဆီကို သယ်သွားမှာလည်း စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။

မိဘ၊ ဘိုးဘွားတွေ အသက်အရွယ်ကြီးရင့်တဲ့သူတွေ ကိုဗစ် - ၁၉ ဖြစ်ရင်တော့ သေဆုံးမှုများတာကို တွေ့ရပါတယ်။ တစ်ပြိုင်နက်တည်း တွေ့ရတာက လူနာတွေဖြစ်ရင် ရောဂါအခံရှိမှာပဲ သေဆုံးမှုများတာကို တွေ့ရတဲ့အတွက် ဒါဟာလည်း သတိထားရမယ့်အချက် တစ်ချက်အနေနဲ့ ရှိနေပါတယ်။ ဒါလည်း အရေးကြီးတယ်။

နောက်တစ်ခုကတော့ ကိုဗစ် - ၁၉ ကြောင့် ကွယ်လွန်သွားကြသူတွေ အသုဘကိစ္စ ဆောင်ရွက်ကြရပါတယ်။ သိတဲ့အတိုင်းပါပဲ အသုဘအခမ်းအနားကို အကျဉ်းရုံးပြီး ဆောင်ရွက်ကြရပါတယ်။ ကျန်တဲ့မိသားစုတွေကလည်း လိုက်မပို့ရပါဘူး။ ဒါဟာတကယ်ကို ကြေကွဲစရာမြင်ကွင်း တွေပါပဲ။ ခုန ဆရာကြီးဦးညွန့်သိန်း တင်ပြသွားတဲ့အခါမှာ တွေ့လိုက်တာကတော့ ကျွန်တော်တို့ရဲ့ အောင်ပွဲခံမှု တွေ၊ လူစုလူဝေး ဖြစ်ပေါ်မှုတွေကလည်း ရှိနေပါတယ်။

ဒီအချိန်မှာ ဆရာဦးထွန်းတင်မေးတဲ့ မေးခွန်းထဲမှာပါတဲ့ ဒီအချိန်မှာ ပိုးတွေ့ရှိမှုက ကျသွားတယ်ဆိုတာ ဟိုဖက်ကာလက Stay at Home ကာလဆိုတော့ Stay at Home ကာလက အကျိုး ကျေးဇူးကိုခံစားပြီးတော့ လူနာတွေ နည်းသွားတာဖြစ်ပါတယ်။

ရောဂါကူးစက်မှုက ရှိနေပါတယ်။ အနောက်နိုင်ငံတွေမှာ ရောဂါကူးစက်မှုတွေ ပိုများလာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲမှာလည်း ကူးစက်မှုရှိနေတယ်ဆိုတာကို ကျွန်တော်တို့က လက်ခံရမယ်။ ပြည်သူလူထုကြားထဲမှာ ကူးစက်မှုဖြစ်နေတာကို ကျွန်တော်တို့ ဖြတ်တောက်ဖို့ လိုပါတယ်။

ဖြတ်တောက်နိုင်ဖို့အတွက် ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါကိုအရှိန်မြှင့်အောင်ရွက်ဖို့ C သုံးလုံး Project တစ်ခု ရေးဆွဲထားတာရှိပါတယ်။ ဒါသည် ပြည်သူလူထုကြားထဲမှာ ကူးစက်မှုကို ဖြတ်တောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါက ပြည်သူလူထုကို အခြေပြုပါတယ်။ Community Based Covid-19 Control Project လို့ခေါ်တဲ့ ပြည်သူလူထု အခြေပြု ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံချက်ဆိုပြီး ကျွန်တော်တို့ ရေးဆွဲပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီမှာ ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲဆိုတော့ T သုံးလုံး လုပ်ကြမယ်။ ပထမ T  တစ်ခုကတော့ Tracing သူက စောစောရှာ၊ နောက် T  တစ်လုံးကတော့ Testing စော စောစီးစီးစစ်ဆေးမယ်၊ နောက် T တစ်လုံးကတော့ Treatment စောစောစီးစီးကုသမယ်။ အရည်အသွေးပြည့်ဝတဲ့ ကုသမှုရရှိအောင် C သုံးလုံး Project ကို ရေးဆွဲထားပြီး ပြည်သူလူထုကြားထဲမှာ အရှိန်မြှင့်ပြီး ဆောင်ရွက်ဖို့ ရှိနေပါတယ်။

ဒေါက်တာထွန်းတင်      ။           ။   ဒါဆိုရင်တော့ ဆရာတို့ ဆောင်ရွက်နေတဲ့ စီစဉ်နေတဲ့အပိုင်းနဲ့ ပတ်သက်လို့ ပြည်သူလူထုကလည်း သိလောက်ပါပြီ။ ဒါပေမယ့် နောက်မေးခွန်း တစ်ခုလည်း ရှိနေပါတယ်။ အဲဒါက ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အချို့ကိစ္စတွေမှာ စိုးရိမ်စရာ အဖြစ်အပျက်တွေ ကြုံခဲ့ရတာနဲ့ ပတ်သက်ပြီး ခုနကဆရာပြောသွားတဲ့ စောစောသိ၊ စောစောရှာ၊ စောစောကုသဖို့ ကိစ္စတွေနဲ့ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဆရာကြီးပဲ ဆက်ပြီး ဖြေပေးစေလိုပါတယ်။

ဒေါက်တာဦးထွန်းမြင့်။  ။           စောစောစီးစီးကုသမှု မခံယူရတာ ပါပါတယ်။ အဲဒီလို စောစောစီးစီး ကုသမှု မခံယူရတဲ့သူတွေကတော့ အိမ်ထဲမှာပဲနေပြီး ဘယ်ကိုသွားရမှန်းမသိ၊ ဘယ်ကို သတင်းပို့ရမှန်းမသိ ဒီအခြေအနေနဲ့ အိမ်ထဲမှာရှိနေတဲ့သူတွေရဲ့ သတင်းကို ရဖို့လိုပါတယ်။ အဲဒီသတင်းရဖို့ကလည်း အိမ်ထဲမှာရှိတဲ့လူတွေကိုယ်တိုင်က သတင်းပို့ဖို့၊ လူကိုယ်တိုင်မသွားဘဲ တယ်လီဖုန်း တစ်ချက်ဆက်ရုံနဲ့ ကိုယ်တိုင်သတင်းပို့တဲ့စနစ်ထူထောင်မယ်၊ ဘယ်ကို သတင်းပို့ရမလဲဆိုတော့ ရပ်ကွက် အလိုက် Hotline တွေရှိပါတယ်။

ဒီ Hotline တွေက သတင်းရတာနဲ့အမျှ ကျွန်တော်တို့က စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဒီအဖွဲ့ဆီကို ရောက်သွားမယ်။ ဒီအဖွဲ့မှာ ဘယ်သူတွေပါမလဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကြက်ခြေနီ၊ Volunteer ၊ ကျန်းမာရေးဝန်ထမ်းရှိရင်လည်း ကျန်းမာရေးဝန်ထမ်းတွေပါမယ်။ စောစောစီးစီးသတင်းပို့ပြီး စောစောစီးစီး စစ်ဆေးဖို့ လိုပါတယ်။

စစ်ဆေးမယ့်နေရာကို ခေါ်သွားကြမယ်။ အဲဒီမှာဆိုရင် လတ်တလောအသုံးပြုနေတာ RDT Test Kit တွေရှိတယ်။ RDT Test Kit တွေနဲ့ ဖြစ်ပွားမှုအပေါ် မူတည်ပြီး စစ်ဆေးမယ်။ ပိုးတွေ့ရှိတယ်လို့ အတည်ပြုလိုက်ရင်လည်း ကုသရေးစင်တာတွေကို ပို့မယ်။ ရောဂါလက္ခဏာတော့ ရှိတယ်။ ပိုးတော့ မတွေ့ဘူး၊ သံသယရှိတယ်ဆိုရင်လည်း သံသယရှိတဲ့နေရာမှာ Contain လုပ်ထားဖို့ ရှိပါတယ်။

နောက်တစ်ခုက အိမ်မှာကျန်ခဲ့တဲ့လူတွေ Contact ဖြစ်သွားပြီဆိုရင် ဒီ Contact ဖြစ်တဲ့သူတွေကို သူတို့အိမ်မှာဆက်ပြီးတော့ Social Distancing နဲ့ နေမယ်။ ဉပမာ - Mask တပ်ထားမယ်၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း ခွဲခြားပြီးသုံးမယ်။ ထမင်းစားရင်တောင် အတူတူမစားဘူး စသည်အားဖြင့် ဒီလိုအခြေအနေမျိုးဖြစ်လာရင်လည်း ဖြစ်လာတဲ့ အခြေအနေအတိုင်း ဆောင်ရွက်မယ်။

ဒါမှမဟုတ် ဒီ Contact တွေကို Quarantine စင်တာတွေပို့ပြီးတော့ ဆောင်ရွက်မယ်ဆိုပြီး စီစဉ်ထားတာပါ။ ခုနက Positive ဖြစ်တဲ့လူနာကို အိမ်ကနေ ကုသရေးစင်တာတွေ ရောက်သွားဖို့ ရပ်ကွက်အလိုက် Ambulance System တွေ၊ မြို့နယ်အလိုက် Ambulance System တွေ၊ ဒီကနေ ကုသရေး စင်တာရောက်တဲ့အထိ စနစ်တကျဖြစ်သွားပြီ။

ဒါဆိုရင် အိမ်ထဲမှာ အနေကြာတဲ့သူတွေ၊ စောစောစီးစီးရှာဖွေ မတွေ့ရှိနိုင်တဲ့သူတွေက ကိုယ်တိုင်သတင်းပို့ပြီး ကျွန်တော်တို့က စောစောစီးစီးတွေ့ရှိရပြီ၊ စောစောစီးစီး Testing လုပ်နိုင်ပြီ၊ စောစောစီးစီး ကုသနိုင်ပြီ။ ဒီတော့ကုသမယ့်နေရာတွေမှာလည်း ကျွန်တော်တို့က အရည်အသွေးမြင့် အောင် Quality Treatment ရဖို့ နှစ်ခုရှိပါတယ်။

တစ်ခုက ဆေးရုံတွေ၊ ကုသရေးစင်တာတွေရဲ့ အရည်အသွေးကိုတွေ မြှင့်ထားမယ်။ လူနာက ရောဂါလက္ခဏာပြရုံပဲ။ သာမန်ပဲဆိုရင်လည်း သာမန် Facility ရှိတဲ့ Treatment Center တွေကို ပို့ပြီး ကုသမယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့က Community ထဲမှာရှိနေတဲ့ ရွက်ပုန်းသီးလူနာတွေကို စောစောစီးစီး ရှာဖွေဖော်ထုတ်ပြီး ကုသရေးစင်တာတွေကို စောစောစီးစီး ကုသစေမယ်ဆိုရင် Community ထဲမှာ Transmission ပြတ်တောက်သွားမယ်။ ဒီအထိ ကျွန်တော်တို့က မှန်းထားပါတယ်။

နောက်တစ်ခုက စောစောစီးစီးကုသနိုင်တဲ့အတွက်၊ အရည်အသွေးပြည့်ဝတဲ့ကုသမှုကို ခံယူရ တဲ့အတွက် ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုတွေသည် ကျဆင်းသွားမယ်လို့ ကျွန်တော်တို့က မျှော်မှန်း ထားပါတယ်။ ဒါကြောင့် ဒီကာလကစပြီး အရှိန်မြှင့် ဆောင်ရွက်သွားကြမှာပါ။ ဒီလိုဆောင်ရွက်ဖို့ အတွက် ကျန်းမာရေးအသိပညာပေးတဲ့ အလုပ်တွေကို ရပ်ကွက်ထဲမှာ လော်စပီကာနဲ့ အော်တာကအစ အဖွဲ့တွေဖွဲ့ပြီး နေ့စဉ်နဲ့အမျှ ပြည်သူလူထုကို အသိပေးနေမှာပါ။

အဲဒီက တွေ့ကြုံလာရတဲ့ အတွေ့အကြုံတွေအပေါ်မူတည်ပြီး ရှေ့မှာ ဒီအတွေ့အကြုံတွေကို ယူမယ်။ ပြုပြင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်မယ်။ ရန်ကုန်တစ်တိုင်းလုံးကို ဆောင်ရွက်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ရန်ကုန်တစ်တိုင်းလုံးကလည်း ကိုကိုးကျွန်းကလွဲရင် ၄၄ မြို့နယ်က ကူးစက်မှုတွေ ရှိနေတာပါ။

မြန်မာနိုင်ငံရဲ့ ကိုဗစ်လို့ ပြောမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးရဲ့ ကိုဗစ်က အရေးကြီးပါတယ်။ ကိုဗစ် - ၁၉ ကို ထိန်းချုပ်ဖို့ဆိုရင် ရန်ကုန်တိုင်းဒေသကြီးက ထိန်းချုပ်ဖို့ ပထမဦးစား ပေးနေရာမှာ ရှိနေတာပါ။ ရန်ကုန်ကို ထိန်းချုပ်နိုင်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းတွေဟာ အခြေအနေကောင်းသွားမှာပါ။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ C သုံးလုံး Project ကို T သုံးလုံးနည်းနဲ့ဆောင်ရွက်ပြီး Community ထဲက Transmission ကို ဖြတ်တောက်မယ်။ ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုတွေကို လျော့ချမယ်လို့ ရည်မှန်းပြီး ဆောင်ရွက်နေကြောင်း တင်ပြလိုပါတယ်။

ဒေါက်တာထွန်းတင်      ။           ။ နောက်ထပ်မေးထားတဲ့ မေးခွန်းတွေကို ကျွန်တော်ကပဲ ဆက်လက်ပြီး ဖြေကြားပေးပါမယ်။ ပြောရရင်တော့ ဟုတ်ပါတယ်။ စိုးရိမ်ရမှာပါ။ ဒါပေမယ့် စိုးရိမ်ကြရမှာဆိုတာထက် သတိပြုပြီးတော့ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ ခုနက ဆရာကြီးဦးညွန့်သိန်း ဆွေးနွေးခဲ့ သလိုပဲ အခုလက်ရှိကာလက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုက တစ်နှစ်ပြည့်ခါနီးအချိန်လည်း ဖြစ်တယ်။

လွန်ခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလ၊ နိုဝင်ဘာလောက်လက ဒီရောဂါက အစပျိုးခဲ့တာဆိုတာ တွေ့လာရမှာဖြစ်ပါတယ်။ ရာသီဉတုအနေအထားကလည်း ဆောင်းတွင်းရာသီ၊ အေးတဲ့အချိန်ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ရဲ့အထူးသဖြင့် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ် ရောဂါပိုးတွေရဲ့ သဘာဝအရ ပတ်ဝန်းကျင်မှာ အသက်ရှင်ပြန့်ပွားနေထိုင်ဖို့၊ ကူးစက်ဖို့ အခွင့်အလမ်း အလွန်ကောင်းတဲ့အချိန်လည်း ဖြစ်နေတယ်။

ကျွန်တော်တို့က ရောဂါထိန်းချုပ်နိုင်မှုကို တိုးမြှင့်ပြီး ဆောင်ရွက်တယ်။ ဖြစ်ပွားမှုတွေကို လျော့ချဖို့တွက်လည်း ကြိုးစားပြီးလုပ်ဆောင်တယ်။ ဒီလိုလုပ်လာနေတဲ့အချိန်မှာ တစ်ဖက်မှာ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရှင်သန်ဖို့အတွက်ကို ဖြေလျော့မှုတွေကိုလည်း နိုင်ငံတော်အနေနဲ့ ဆောင်ရွက်ပေးလာမှာပါ။ ပေးလာရမှာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီအချိန်ဟာ ပွင့်လင်းရာသီလည်းရောက်ပြီ ဖြစ်တဲ့အတွက် ခရီးသွားလာမှုတွေ နည်းနည်းလေးပြန်ပြီး များလာနိုင်တဲ့ အနေအထားရှိပါတယ်။ လူစုလူဝေးနဲ့ ဆောင်ရွက်တဲ့ လူမှုရေးကိစ္စတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ဒီအရာတွေက ရောဂါဖြစ်ပွား ကူးစက်မှုကို တွန်းအားပေးနေပါတယ်။ အဲဒီတော့ အခုဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဂရုမပြုဘဲ၊ အလေးမထားဘဲ ဆောင်ရွက်နေထိုင်ကြမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ကိုဗစ် - ၁၉ ရောဂါဟာ ပြည်သူလူထုထဲမှာ ကူးစက်မှုတစ်ဖန်ဖြစ်ပွားပြီး တတိယအကြိမ်၊ စတုတ္ထအကြိမ် ပြန်လည်ပြီး ခေါင်းမော့လာနိုင်တဲ့ အနေအထားတွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

အဲဒီတော့ ဖြစ်နိုင်ချေတွေသိတဲ့အခါ ကျွန်တော်တို့က ကြိုတင်ကာကွယ်ရေးနဲ့ ပြင်ဆင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း မိမိတို့ကို ရောဂါကူးစက် ဖြစ်ပွားမှုမရှိဖို့ကို အထူးဂရုပြုနေထိုင်ဖို့ လိုပါတယ်။ ဒီလိုနေထိုင်ဖို့အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေတာပါ။

နောက်အရေးကြီးတာတစ်ခု ပြောချင်တာက ခုနဆရာကြီးဦးထွန်းမြင့် ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးကို သယ်ဆောင်ပြီး အခြားသူတွေကို ကူးစက်စေနိုင်တဲ့ Asymptomatic Carrier ပေါ့။ ဒီကနေတစ်ဆင့် အခြားသူတွေကို ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။ လက်ရှိတွေ့ရှိချက်အရ Asymptomatic Carrier က ၆၅ ရာခိုင်နှုန်းခန့်၊ ဆိုလိုတာက လူ ၁၀ ယောက်မှာ ၆ ယောက်/ ၇ ယောက်က ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်တော့ သူတို့က တစ်ဆင့်အခြားသူတွေကို ကူးစက်မှုရှိပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်ဖို့အတွက် အချိန်နဲ့အပြည့် လိုအပ်နေဆဲဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကလည်း ဆက်ပြီး ဆောင်ရွက်သွားရမှာက New Normal လို့အားလုံးသိတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့အတူ ယှဉ်တွဲပြီး သတိပြုနေထိုင်ရမယ့် အစီအစဉ်ဖြစ်ပါတယ်။ မိမိကိုယ်မိမိ လုံခြုံစွာနေထိုင်ဖို့က အထူးအရေးကြီးပါတယ်။

ဒီလို လုံခြုံစွာနေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်တဲ့ ညွှန်ကြားချက်တွေ၊ အကြံပြုချက်တွေ၊ လမ်းညွှန်ချက်တွေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို တိကျစွာလိုက်နာနိုင်ဖို့အတွက် အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့အတူ ပူးပေါင်းပြီး ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ အတွက်ကိုလည်း တစ်ပါတည်း ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။

ဒီနေရာမှာ အဓိက အချက်တွေကတော့ သတိနဲ့နေ၊ သတိနဲ့သွား၊ သတိနဲ့နေထိုင်ရမယ့် ကိစ္စရပ်တွေ ဖြစ်ပါတယ်။ နောက်ပြီး ကူးစက်မှု မဖြစ်အောင်၊ ပြန့်ပွားမှု မဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ တစ်ဖက်မှာ ကုသရေးလုပ်ငန်းတွေကို တိုးမြှင့်ပြီး ဆောင်ရွက်တယ်။ တစ်ဖက်မှာလည်း လူနာသစ်ရှာဖွေတွေ့ရှိတဲ့အခါထားဖို့ ကွာရန်တင်းစင်တာတွေ ဆောင်ရွက်နေတယ်။ ဒါပေမယ့် ဒါတွေတိုးလုပ်နေပေမယ့် အဲဒီနေရာတွေကို မရောက်လာရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

တစ်ဖက်မှာ ကာကွယ်ဆေးဆိုတာလည်း ပေါ်လာနိုင်တယ်။ ဒါပေမယ့် ဘယ်ကာကွယ်ဆေးပဲဖြစ်ဖြစ် ၁၀၀ ရာခိုင်နှုန်းအပြည့် အာမခံချက်လည်း ရှိနိုင်မှာမဟုတ်သလို အသစ်ဖြစ်တဲ့ ကာကွယ်ဆေး ဖြစ်တဲ့အတွက်ကြောင့် အကျိုးအာနိသင်ကိုလည်း ကျွန်တော်တို့က စောင့်ကြည့်ရမှာလည်း ရှိပါတယ်။ အဲဒီတော့ ဒါတွေထက်စာရင် အခြေခံအချက်တွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမြဲတမ်းပြောနေတဲ့ တတ်နိုင်သလောက် မိမိအိမ်မှာ နေပေးကြပါ။

ကိစ္စကြီးငယ်မရှိဘဲ အပြင်ထွက်တာကို တတ်နိုင်သလောက် ရှောင်ပေးပါ။ နေမယ်ဆိုရင်လည်း ခပ်ခွာခွာနေတဲ့ကိစ္စလည်း အထူးအရေးကြီးပါတယ်။ အထူးသဖြင့်တော့ လူစုလူဝေးကို အတတ်နိုင်ဆုံး ရှောင်ရှားပေးဖို့၊ မဆောင်ရွက်ဖို့ ပိုပြီးတော့ အရေးကြီးပါတယ်။ ဒါ့အပြင် တစ်ဦးချင်း၊ တစ်ယောက်ချင်းက ပါးစပ်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်မယ်၊ အသုံးပြုမယ်၊ စနစ်တကျစွန့်ပစ်မယ် ဒီဟာတွေကလည်း အထူးအရေးကြီးပါတယ်။

ပြီးတော့ တစ်ဦးချင်းက လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏဆေးကြောပေးဖို့၊ ဒါမရနိုင်ဘူးဆိုရင်လည်း အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထက်ပါတဲ့ လက်သန့်စင်ဆေးရည်ကိုသုံးပြီး လက်သန့်ရှင်းရေးကို ပြုလုပ်ပေးဖို့၊ လက်သန့်ရှင်းရေးကို မလုပ်ဘဲနဲ့ မိမိရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ T-Zone လို့ခေါ်တဲ့ ဒီနေရာတွေကို ထိမိ၊ ကိုင်မိတာ မဖြစ်အောင် အထူးဂရုစိုက်ပါ။ ချောင်းဆိုး၊ နှာချေတယ် ဆိုရင်လည်း လမ်းညွှန်ချက်တွေကို စနစ်တကျလိုက်နာဖို့ လိုပါတယ်။

ဒါတွေဟာ အလွန်ရိုးစင်းတဲ့ အခြေခံအချက်အလက်တွေ ဖြစ်ပေမယ့် တိတိကျကျ လိုက်နာမယ်ဆိုရင်တော့ အခုဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ကူးစက်ရောဂါကပ်အသွင်ဖြစ်ပွားမှု၊ ကူးစက်မြန် ဖြစ်ပွားမှု၊ ဒေသတွင်းကူးစက်မှုတွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်မယ်၊ မဖြစ်အောင် ကာကွယ်နိုင်မယ်၊ လျော့နည်းသွားအောင်လုပ်နိုင်မယ် ဆိုတာတွေကို တင်ပြချင်ပါတယ်။

နောက်တစ်ခုက ဗိုင်းရပ်စ်ရဲ့ သဘာဝအရ ပြောင်းလဲလာတဲ့ အခြေအနေတွေ ရှိပါတယ်။ ပြောင်းလဲလာတဲ့အခြေအနေ၊ ဖြစ်ပေါ်နေတဲ့အခြေအနေအပေါ်မှာ မူတည်ပြီး အချိန်နဲ့တစ်ပြေးညီ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက် တွေကို ထုတ်ပြန်သွားမှာဖြစ်တဲ့အတွက်  ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့  ညွှန်ကြားချက်တွေကို စနစ်တကျ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးပါလို့ ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ဆွေးနွေးတဲ့အချိန်လည်း ပြည့်သလောက်ရှိပါပြီ။ ဒါကြောင့် ပြည်သူလူထုကို သတင်းစကားလေး မှာကြားဖို့အတွက်ကို ဆရာကြီး ဦးညွန့်သိန်းကို အရင်ဖိတ်ခေါ်ပါရစေ။

ဒေါက်တာညွန့်သိန်း။    ။ ကျွန်တော်ခုန ပြောခဲ့သလိုပါပဲ ကျွန်တော်တို့ ဒုတိယအောင်ပွဲရဖို့ ပြည်သူလူထုအများကြီးလိုပါတယ်။ ပြည်သူလူထုက ဂရုစိုက်ပြီး ဒုတိယအောင်ပွဲအတွက်ကို ဝိုင်းလုပ် ပေးပါလို့ ကျွန်တော်ပြောချင်ပါတယ်။

ဒေါက်တာထွန်းမြင့်။                 ။ ကျွန်တော်ကတော့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာပါ။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူလူထု နောက်ပြီး Volunteer တွေ အားလုံး၊ လူမှုရေးအဖွဲ့ တွေအားလုံး၊ ဌာနဆိုင်ရာတွေ အားလုံး ကျွန်တော်တို့တွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရှိန်မြှင့်ဆောင်ရွက်မယ့်၊ T သုံးလုံးနဲ့ လုပ်မယ့် C သုံးလုံး Project မှာ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ အားလုံးတစ်သားတည်း ပူးပေါင်းဆောင်ရွက်ပေးဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ လိုက်နာပေးဖို့၊ အဲဒါကို လိုက်နာခြင်းအားဖြင့် ကျွန်တော်တို့ကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ကိုဗစ် - ၁၉ ကို အနိုင်ယူကြပါစို့လို့ တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဒေါက်တာထွန်းတင် ။   ။   ကျွန်တော်လည်း တစ်ခုတော့ မှာချင်ပါတယ်။ အခြေခံအချက် တွေဖြစ်တဲ့ Social Distancing ၊ ပါးစပ်နှာခေါင်းစည်း တပ်တာ၊ လက်သန့်ရှင်း ရေးတွေကို ကိုယ့်ရဲ့မူပိုင်အလေ့အကျင့်တွေ ဖြစ်အောင် ဆောင်ရွက်သွားမယ်ဆိုရင် ကိုဗစ် - ၁၉ အပါအဝင် အသက်ရှူလမ်းကြောင်းက တစ်ဆင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေအပြင် အခြားကူးစက် ရောဂါတွေကိုလည်း မဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်သလို  ထိန်းချုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။