ကျီခါး၌ ကော်ဖီနှင့် မျောက်ငိုပျိုးပင်များ အခမဲ့ပေးအပ်ပွဲနှင့် ကော်ဖီစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျီခါး   ၂၆  ဇွန်

ချင်းပြည်နယ်၊ ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီ၊ မျောက်ငိုပျိုးပင်များ အခမဲ့ပေးအပ်ပွဲနှင့် ကော်ဖီစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့ ရှုခင်းသာအနီး တောင်သူဦးပေါင်ဂေါ့ထန်၏ ကော်ဖီခြံ၌ ကော်ဖီ၊ မျောက်ငိုပင် များ ပေးအပ်ခြင်းနှင့် ကော်ဖီစိုက်ပျိုးနည်း ကွင်းသရုပ်ပြသရာ မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးမှူး ဦးထန်ခန့်ကပ်မှ ကွင်းသရုပ်ပြပွဲနှင့် ပျိုးပင်များပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများထံ အခမဲ့ဖြန်ဝေသည့် ကော်ဖီပျိုးပင် (၁၃၈၅၀)ပင်အား မြို့အုပ်ချုပ်ရေးမှူးမှ လည်းကောင်း၊ မျောက်ငိုပျိုးပင် (၇၅၀)ပင်အား မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဉီးလိန်းမာန်မှ လည်းကောင်း တောင်သူများထံ ပေးအပ်ခဲ့ကြပြီး ကော်ဖီပျိုးပင်(၁၂၀)ပင်အား  အဆိုပါကော်ဖီခြံ၌ စိုက်ပျိုးရေး၀န်ထမ်းများနှင့် တက်‌ရောက်လာသော တောင်သူများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ယင်းနောက် ကျီခါးမြို့စိုက်ပျိုးရေးခြံ၌ Home Garden မျိုးစေ့ပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲ ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးမှူးမှ တက်ရောက်တောင်သူများအား အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး ဟင်းသီးဟင်းရွက်မျိုးစေ့ (၁၄)မျိုးအား တောင်သူများထံ အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကျီခါး (ပြန်/ဆက်)