KIA မော်တော်ယာဉ်လုပ်ငန်းက လျှပ်စစ်စွမ်းအင်သုံး CROSSOVER ကားအမျိုးအစားအသစ် စတင်ဖန်တီးနေ

၉ မေ

Niro EV ဟုအမည်ပေးထားသော Crossover အမျိုးအစား ကားသစ်တစ်မျိုးကို ပြီးခဲ့သည့် Consumer Electric Show တွင် မိတ်ဆက်ပြသခဲ့ပြီးနောက် ယခုအခါ ဈေးကွက်အတွင်းစတင်ရောင်းချရန် Kia မော်တော်ယာဉ်ကုမ္ပဏီက ထုတ်လုပ်မှုများစတင်နေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ကားမှာ လျှပ်စစ်စွမ်းအင်သုံး ကားအမျိုးအစားဖြစ်လာမည်ဖြစ်ကာ Kia မော်တော်ယာဉ်ကုမ္ပဏီ၏ ပထမဆုံးထုတ်လုပ်သည့် Crossover ကားအမျိုးအစားလည်းဖြစ်ကြောင်းသိရသည်။

အဆိုပါ Niro EV လျှပ်စစ်ကားတွင် 64kWh ဘက်ထရီ ထည့်သွင်းပေးထားမည်ဖြစ်ကာ ဈေးနှုန်းသက်သာစွာ ဝယ်ယူလိုသူများအတွက် 39.2kWh ဘက်ထရီ ထည့်သွင်းပေးထားသည့် အမျိုးအစားကိုလည်းရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။ 64kWh ဘက်ထရီ တပ်ဆင်ထားသည့် အမျိုးအစားမှာ တစ်ကြိမ်အားသွင်းထားလျှင် မိုင် ၂၈၀ ခန့်မောင်းနှင်နိုင်မည်ဖြစ်ကာ 39.2kWh ဘက်ထရီတပ်အမျိုးအစားတွင် မိုင် ၂၃၀ ခန့်သာမောင်းနှင်နိုင်မည်ဟု ဆိုသည်။

ကားအတွင်းပိုင်း အဆင့်မြင့်နည်းပညာစနစ်များ ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အမျိုးအစားနှစ်မျိုး၏ ဈေးနှုန်းကွာခြားမှုအရ ပါဝင်သည့်နည်းပညာစနစ်များ အနည်းငယ်ပြောင်းလဲသွားဖွယ်ရှိကာ အဆင့်မြင့် Crossover ကားများတွင် ပါဝင်သော အတွင်းခန်းအပြင်အဆင်များနှင့် မောင်းနှင်ထိန်းချုပ်မှုစနစ်များ များစွာကွာခြားသွားခြင်းမရှိစေဘဲနှင့် Google Assistant ကဲ့သို့အသံဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည့်စနစ်များလည်း ပါဝင်နိုင်ဖွယ်ရှိကြောင်းသိရသည်။

ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များကို တရားဝင်ကြေညာခြင်းမရှိသေးဘဲ မိတ်ဆက်ပွဲတွင် ပြသခဲ့သည့်အတိုင်း လှပသည့်ကားပုံစံဒီဇိုင်းဖြင့် ထွက်ပေါ်လာမည်ဖြစ်ပြီး 5G ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက် အသုံးပြုနိုင်မှုကဲ့သို့ အဆင့်မြင့်နည်းပညာများ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ALEX